News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၇၊ ၂၀၁၅)

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    တူရကီတွင် ဒုက္ခသည်လှေတစ်စီး နစ်မြုပ်မှုကြောင့် လူ ၁၇ ဦး သေဆုံး
    ……………………………….
    ဒုက္ခသည်များ တင်ဆောင်ကာ တူရကီမှ ဂရိနိုင်ငံ ကို့စ်ကျွန်းသို့ ခုတ်မောင်းသွားသည့် စက်လှေတစ်စီးမှာ တူရကီရှိ အေဂျီယန်ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့သောကြောင့် ဒုက္ခသည် ၁၇ ဦး သေဆုံးခဲ့သည်ဟု တူရကီတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အခြား ၂၀ ဦးကိုမူ ကယ်တင်နိုင်ခဲ့သည်။ တူရကီပိုင်နက်အတွင်း ကမ်းခြေစာင့်တပ်ဖွဲ့များက ကယ်တင်ခဲ့ရသူ ဒုက္ခသည် ဦးရေမှာ ၅၃၀၀၀ ကျော် ရှိနေပြီး သေဆုံးသူမှာ ၂၇၄ ဦး ရှိနေပြီဖြစ်သည်။ ဂရိကမူ ယခုအချိန်အထိ ဒုက္ခသည် သုံးသိန်းကျော်ကို လက်ခံထားပြီး အများစုမှာ
    တူရကီမှ ထွက်ခွာလာကြသူများ ဖြစ်သည်။

    အလ်-အက်ဆွာဗလီကို အစ္စရေးက ထပ်မံဝင်ရောက်ပြန်
    ……………………………….
    ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်တို့ အစ္စရေး စစ်သားများက ယနေ့တွင် ၀င်ရောက်ခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစ္စရေးစစ်သားများက ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်း၍ ပါလက်စတိုင်းများကို ဖမ်းဆီးခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ထပ်မံ၍ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် အစ္စရေးစစ်သားများက မျက်ရည်ယိုဗုံးများ ရာဘာ ကျည်ဆံများဖြင့် ပစ်ခတ်နှိမ်နင်းခဲ့သည်။ အစ္စရေးမှာ အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်းသို့ အသက် ၄၀ အောက် အမျိုးသားများ ၀င်ရောက်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားသည်။

    နည်းပညာကုမ္ပဏီများ ပိုမိုလာရောက်ရန် အိန္ဒိယ ဖိတ်ခေါ်
    ……………………………………….
    ကမ္ဘာကျော် ဆီလီကွန်တောင်ကြားမှ ကုမ္ပဏီများ အိန္ဒိယနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အိန္ဒိယသမ္မတ မိုဒီက အမေရိကန်ရှိ စီးပွားရေးခေါင်းဆောင်များကို ယနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ဖိတ်ခေါ်ခဲ့သည်။ မိုဒီမှာ နိုင်ငံအတွင်းရှိ ရွာများတွင် အင်တာနက်အသုံးပြုနိုင်ရန်နှင့် နည်းပညာနှင့်ပတ်သက်သည့် အလုပ်များ ပိုမိုဖန်တီးပေးနိုင်ရန်အတွက် Digital India စီမံကိန်းကို ဆောင်ရွက်နေသည်။

    Ref: News Agencies

  • လီဗာပူးလ်၏ ကံဆိုးမှုများ အဆုံးသတ်ပြီဟု မီလ်နာပြော

    လီဗာပူးလ်၏ ကံဆိုးမှုများ အဆုံးသတ်ပြီဟု မီလ်နာပြော

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    liver

    – အသင်း၏ လက်ရှိအခြေအနေကို မိမိအနေဖြင့် စိတ်ပျက်မိသော်လည်း အက်စတွန်ဗီလာအသင်းအား အနိုင်ရရှိခဲ့ခြင်းက ကံဆိုးမှုများကို အဆုံးသတ်စေခဲ့ပြီဟု လီဗာပူးလ်အသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    လေးပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့သည့် လီဗာပူးလ်မှာ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် အကြိတ်နယ် ကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မီလ်နာမှာ ပွဲအစ ၂ မိနစ်မှာပင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး စတာလင်သွင်းယူခဲ့သည့် ဂိုး ၂ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

    သို့သော်လည်း မိမိတို့အသင်းအခြေအနေကို လက်ခံကျော်လွှားရန်မှာ ခက်ခဲသည်ဟု ၎င်းက ဆိုသည်။

    “အခုအချိန်မတိုင်ခင် ပွဲအနည်းငယ်မှာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဒါပေမယ့် အခုလို လုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒီနေ့အတွက် အနိုင်ရခဲ့တာ အခရာပါပဲ။ ဂိုးသွင်းနိုင်တာနဲ့ ဖန်တီးပေးခဲ့တာတွေအတွက် ကျေနပ်ပါတယ်။ ဒါပေမယ့် အနိုင်ရရှိတာက တကယ့်ကို အရေးပါခဲ့ပါတယ်” ဟု မီလ်နာက အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ပြီးခဲသည့် ပွဲနှစ်ပွဲတွင်လည်း မိမိတို့မှာ အခွင့်အရေးများ ရခဲ့ပြီး ကံမကောင်းခဲ့ဟု ဆိုသည်။

    “ပြီးခဲ့တဲ့နှစ်ပွဲမှာ ကျွန်တော်တို့ဟာ ကန်သွင်းခွင့် ၇၀ လောက် ရခဲ့ပါတယ်။ ဒါပေမယ့် ကံကတော့ အဲဒီလောက် မကောင်းခဲ့ပါဘူး။ ဒီနေ့ ဂိုးနည်းနည်းရတာဟာ ကျေနပ်စရာပါ။ ပြီးတော့ ဒီအနိုင်ဟာ ကံကောင်းခြင်း အစဆိုတာ သေချာပါတယ်”

    ရာသီအစ အခြေအနေဆိုးရွားမှုအတွက် နည်းပြ ဘရန်ဒန်ရော်ဂျာအပါအ၀င် အသင်းသားများမှာ ဝေဖန်မှုများ ခံခဲ့ရပြီး မီလ်နာကမူ မိမိတို့အသင်းမှာ ညီညီညွတ်ညွတ်ဖြင့် အာရုံစူးစိုက်မှု ရှိရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လီဗာပူးလ်မှာ ဗုဒ္ဓဟူးနေ့တွင် ယူရိုပါပွဲအဖြစ် ဆီယွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • မွတ်စလင်တို့၏ အီဒွလ်အသွဟာပွဲတော်က မာလာဝီရှိ လူမျိုးစုံဘာသာစုံကို ၀မ်းဝစေခဲ့

    မွတ်စလင်တို့၏ အီဒွလ်အသွဟာပွဲတော်က မာလာဝီရှိ လူမျိုးစုံဘာသာစုံကို ၀မ်းဝစေခဲ့

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    malawit

    – အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှု ပွဲတော်အတွင်း မာလာဝီနိုင်ငံရှိ ဘာသာပေါင်းစုံ အသိုင်းအ၀ိုင်းများမှာလည်း အကျိုးကျေးဇူးများ ခံစားခဲ့ရပြီး နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပိုလာခဲ့သည်။

    “ရိုးရိုးသားသားပြောရရ် ဒီ စွန့်လှူဒါနပြုမှုရဲ့ စိတ်ဓာတ်က ကျွန်တော့်အပေါ် လွှမ်းမိုးခဲ့ပါတယ်။ သားကောင်တွေကို စွန့်လှူပြီး ဘာသာလူမျိုးမခွဲခြားဘဲ လူထောင်ပေါင်းများစွာကို လှူဒါန်းတာကိုမြင်ရတာ မွတ်စလင်တွေနဲ့ အစ္စလာမ်ပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲသွားစေခဲ့ပါတယ်” ဟု မာလာဝီ၏ ရှေးဟောင်းမြို့ဖြစ်သော ဇွမ်ဘာမှ ခရစ်ယာန်တရားဟောဆရာ လီယိုနာ့ဒ် ဘိုနာက ပြောကြားခဲ့သည်။

    “နောက်ပြီးတော့ ဒီပွဲတော်ကို ဆင်နွှဲရတာဟာ မတူကွဲပြားမှုတွေကြားထဲမှာ စည်းလုံးညီညွတ်မှုကို ဖြစ်ထွန်းစေတာလည်း ဖြစ်ပါတယ်။ ဆင်းရဲပြီး၊ စားရမဲ့သောက်ရမဲ့ဖြစ်နေတဲ့ မွတ်စလင်တွေ၊ ခရစ်ယာန်တွေဟာ ဒီပုံစံမျိုးကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် မျှဝေ ဖေးမနိုင်ကြပါတယ်။ ဒီလို စွန့်လှူဒါနပြုမှုအတွက် မွတ်စလင်တွေကို ကျွန်တော် တကယ်ပဲ ချီးကျူးမိပါတယ်”

    ထို့ပြင် မွတ်စလင်နှင့် ခရစ်ယာန်များမှာ အချို့သော ပွဲတော်များကို အတူတကွ မျှဝေကျင်းပနိုင်ပါက နိုင်ငံအတွင်းရှိ အဓိက ဘာသာတရားနှစ်ခု၏ နောက်လိုက်များအကြား အပြန်အလှန်နားလည်မှုကို အားပေးခြင်းဖြစ်မည်ဟုလည်း ဘိုနာက ထည့်သွင်းပြောကြားခဲ့သည်။

    မွတ်စလင်တို့၏ အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှုအတွင်း အူစိုရသည့်အတွက် အခြားသော ဘာသာဝင်များကလည်း ကျေနပ်နေကြသည်။

    “ဒါဟာ အိပ်မက်တစ်ခု အမှန်ဖြစ်တာလား? အသားဟင်းကို မစားရတာ တော်တော်ကြာပါပြီ။ အသားဆိုတာ ဘယ်လိုအရသာလဲဆိုတာတောင် ကျွန်မ မေ့နေပြီ။ ဒီလိုဆောင်ရွက်မှုမျိုးဟာ အင်မတန် ချီးကျူးအံ့သြဖွယ်ရာကောင်းတဲ့ အရာပါပဲ။ ကူညီဖေးမမှုကို လေလုံးထွားတာထက်စာရင် ဒီလိုမျိုး အလုပ်တွေနဲ့ ဖော်ပြသင့်ပါတယ်။ သမ္မာကျမ်းမှာတာ့ အလှူခံခြင်းထက်၊ ပေးလှူခြင်းမှာ ကောင်းချီးမင်္ဂလာ ရှိတယ်လို့ ကျွန်မတို့ကို သွန်သင်ပါတယ်။ ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်မတို့ဟာ သမ္မကျမ်းစာရဲ့
    သွန်သင်မှုအတိုင်း ဘ၀ကို နေထိုင်ဖို့ သင်ယူသင့်ပါတယ်။ ဒီလိုနေထိုင်ဖို့ကို အစ္စလာမ်ဘာသာဝင်ထွေထံကနေ အတုယူသင့်ပါတယ်။ ဒီစွန့်လှူဒါနပြုမှုပွဲတော်ဟာ အသက်အရွယ်ကြီးရင့်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျွန်မတို့လို လူတွေရဲ့ ဘ၀အမောတွေကို ပြေလျော့စေပါတယ်ရှင်” ဟု ခရစ်ယာန်ဘာသာဝင် မုဆိုးမ အဘွားအိုတစ်ဦးဖြစ်သူ ဘီယာထရိုက် နမ်ဘီက ပြာကြားခဲ့သည်။

    ယခုနှစ် အီဒွလ်အသွဟာပွဲတော်တွင် မာလာဝီနိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင် ပရဟိတအသင်းများမှာ နိုင်ငံတစ်ဝှမ်းရှိ ခရစ်ယာန်နှင့် မွတ်စလင်များထံသို့ အသားဝတ္ထုအလှူများ ရောက်ရှိရန် ကြိုးစား ဆောင်ရွက်ခဲ့ကြသည်။

    ဥရောပအခြေစိုက် ပရဟိတအသင်းတစ်ခုဖြစ်သော Hasene ကမူ ယခုနှစ်အတွင်း ရေကြီးမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပြီး လူပေါင်းရာချီသေဆုံးကာ သန်းနှင့်ချီ၍ အိုးအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသများတွင် အသားဝတ္ထုများ သွားရောက် လှူဒါန်းခဲ့ကြသည်။

    မာလာဝီရှိ ရေဘေးသင့် ဒေသတစ်ခုမှ အကြီးအကဲဖြစ်သူ အမျိုးသမီး ချီကမ်ဘူက အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှုပွဲတော်မှာ ဒေသအတွင်းရှိ ပြည်သူများ၏ မျက်နှာတွင် အပြုံးပန်းများ ယူဆောင်လာခဲ့သည်ဟု ဆိုသည်။

    “ဒီလို အမြောက်အများ စွန့်လှူဒါနပြုတာမျိုး ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ ဒီပွဲတော်က ကျွန်မတို့ရဲ့ မျက်နှာတွေမှာ အပြုံးပန်းတွေ ပွင့်စေခဲ့ပါတယ်။ ရေလွှမ်းမိုးမှု ပြီးတဲ့နောက်ပိုင်းမှာ ကျွန်မတို့ဟာ နာကျင်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မတို့ ရှိသမျှအားလုံး ဆုံးရှုံးသွားတယ်။ ဒီအသားဝတ္ထုတွေက ကျွန်မတို့ရဲ့ ဆာလောင်မှုအတွက် အဓိပ္ပါယ်ရှိခဲ့ပါတယ်။ အစ္စလာမ်က
    ကျွန်မကို သင်ခန်းစာတွေ အများကြီး သင်ပေးခဲ့ပါတယ်” ဟု ချီကမ်ဘူက ထည့်သွင်းပြောကြားခဲ့သည်။

    Albarakah Charity Trust ပရဟိတအဖွဲ့ကလည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတောင်ပိုင်းတွင် ဆိတ်အကောင်ပါင်း ၅၀၀၀ ခန့်ကို စွန့်လှူကာ ခရစ်ယာန်နှင့် မွတ်စလင်များအား လှူဒါန်းခဲ့သည်။

    နိုင်ငံအတွင်း ဟာလာအသားလုပ်ငန်းကို ကျယ်ပြန့်စွာလုပ်ကိုင်နေသည့် လုပ်ငန်းရှင်ဖြစ်သူ အီဆာ အာရဘ်က ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရသည့် လိုးဝါး ရှီရီဒေသရှိ မာလာဝီပြည်သူများကို အသားဝတ္ထုများ သွားရာက် လှူဒါန်းခဲ့သည်။

    တမန်တော်ကြီး အီဗရာဟင်မ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ အလ္လာဟ်အရှင်မြတ် အမိန့်တော် နာခံကာ စွန့်လှူမှုကို အထိမ်းအမှတ်ပြု၍ ဆင်နွှဲရသော အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာပွဲတော်တွင် စွန့်လှူဒါနပြုသော သားကောင်များကို သုံးပုံပုံ၍ တစ်ပုံကို မိမိ မိသားစုအတွက်ထားကာ၊ တစ်ပုံကို ဆွေမျိုးများနှင့် အခြားတစ်ပုံကို ပတ်ဝန်းကျင်အား ဒါနပြုရသည်။

    ထိုပွဲတော်မှာ သားကောင်များကို လှီးဖြတ်ကာ အသားများ၊ သွေးများကို နတ်ဘုရားများ၊ သို့မဟုတ် ကွယ်လွန်သေဆုံးသွားသူ ဘိုးဘေးများအား ရည်စူးကာ ပူဇော်ပသရသည့် ယစ်ပူဇော်သောပွဲမျိုး မဟုတ်ချေ။

    ဆဟာရဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မာလာဝီနိုင်ငံတွင် အစ္စလာမ်သာသနာမှာ ခရစ်ယာန်ပြီးလျှင် ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၁၅ သန်းတွင် ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    Ref: Onislam

  • ဆန်းချက်ဇ် ပုံစံမှန်သို့ ပြန်ရောက်ပြီဟု ၀င်းဂါးပြော

    ဆန်းချက်ဇ် ပုံစံမှန်သို့ ပြန်ရောက်ပြီဟု ၀င်းဂါးပြော

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    arse

    – ယမန်နေ့က လက်စတာနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်မှာ ၎င်း၏ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ရှုံးပွဲမရှိသေးသည့် လက်စတာအား ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း အာဆင်နယ်မှာ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆန်းချက်ဇ်က ထိုကဲ့သို့ ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်သည်။

    ဆန်းချက်ဇ်မှာ နွေရာသီက ကိုအပါအမေရိက ပြိုင်ပွဲတွင်လည်း အံ့သြလောက်ဖွယ် ခြေစွမ်းကို ပြသခဲ့ပြီး ချီလီအသင်းနှင့်အတူ ဗိုလ်စွဲနိုင်ခဲ့သည်။ ၀င်ဂါးကမူ ထိုပြိုင်ပွဲက တိုက်စစ်မှူး၏ ခြေစွမ်းအား ထိခိုက်စေခဲ့ပြီး လက်ရှိအချိန်တွင် ခြေစွမ်းပြန်မှန်လာသည်ဟု ဆိုသည်။

    “သူ့ရဲ့အဆင့်ကို သူ ပြန်ရောက်ပါပြီ။ ကိုပါအမေရိက ပြိုင်ပွဲကြီးကို ချီလီနဲ့အတူ သူ ဗိုလ်စွဲခဲ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အဆင့်ကို စိတ်ပိုင်းဆိုင်ရာအရ ပြန်ရောက်ဖို့ အချိန်လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်မှာ သူဟာ အကောင်းဆုံးပုံစံကို ပြန်ရောက်လာပြီဆိုတာ ကျွန်တော် လေ့ကျင့်ကွင်းမှာ တွေ့ခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ နေရာစုံကစားနိုင်ပြီး အသင်းအတွက် ကြိုးစားကာ၊ ဂိုးလည်းသွင်းနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၀င်းဂါးက ယမန်နေ့ ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် ချယ်ဆီးအရှုံးမှ ပြန်လာနိုင်ခဲ့ခြင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကြောင့်ဟု ၀င်းဂါးက ယုံကြည်နေသည်။

    “လက်စတာက အစပိုင်းမှာ ပိုမာကျောခဲ့ပြီး သူတို့ ဦးဆောင်ဂိုးသွင်းပြီးတဲ့နောက်မှာ ကျွန်တော် စိုးရိမ်ခဲ့ပါတယ်။ ချေပဂိုး သွင်းနိုင်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်နဲ့ လျင်မြန်မှုက သူတို့အတွက် ပြဿနာဖြစ်စေခဲ့တာပါပဲ”

    ထို့ပြင် လက်ရှိချန်ပီယံ မန်စီးတီးက စပါးအသင်းအား ရှုံးနိမ့်မှုကို ထောက်ပြ၍ ပရီးမီးယားလိဂ်မှာ ပိုမို၍ ပြင်းထန်လာသည်ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

    Ref: Goal

  • ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုစိတ်မထားရန် ပုပ်ရဟန်းမင်းကြီးက အမေရိကကို တိုက်တွန်း

    ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုစိတ်မထားရန် ပုပ်ရဟန်းမင်းကြီးက အမေရိကကို တိုက်တွန်း

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    pope

    – အမေရိကန်နိုင်ရှိ စပိန်စကားပြောသူများနှင့် အခြားသော ပြောင်းရွှေ့အခြေချသူများကို မိမိအနေဖြင့် ထောက်ခံပြီး၊ ၎င်းတို့အပေါ် ရန်လိုမှုများကို လက်မခံဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။

    ဖီလာဒဲလ်ဖီးယားကို ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အမေရိကန်၏ အခြေခံ လွတ်လပ်မှုများကို အတည်ပြုခဲ့ပြီး ဗြိတိန်ထံမှ လွတ်လပ်ရေးကို ကြေငြာခဲ့သည့် ၁၈ ရာစု သမိုင်းဝင်အဆောက်အဦးဖြစ်သော လွတ်လပ်ရေးခန်းမ အပြင်ဘက်တွင် ယမနေ့က မိန့်ခွန်းပြောကြားစဉ် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    စပိန်စကားဖြင့် ပြောကြားသော ပုပ်ရဟန်းမင်းကြီး၏ အဆိုပါ မိန့်ခွန်းကို လူပေါင်း ၄၀၀၀၀ ကျော် လာရောက်နားထောင်ခဲ့ပြီး စပိန်စကားပြောသူများနှင့် ရွှေ့ပြောင်းအခြေချသူများစွာ တက်ရောက်ခဲ့ကြသည်။

    “ဘယ်လိုမျိုး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ခင်ဗျားတို့ ရင်ဆိုင်ရပါစေ၊ အားမလျော့ကြပါနဲ့” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပြီး အဆိုပါ ပြောင်းရွှေ့အခြေချသူများအပေါ် ဂရုဏာသက်မိသည်ဟုလည်း ဆိုသည်။

    ကမ္ဘာတစ်ဝှမ်း သန်းပေါင်း ၁၂၀၀ ပမာဏာရှိသော ခရစ်ယာန်ကက်သလစ်ဘာသာဝင်များ၏ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးမှာ အမေရိကန်သို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး ကွန်ဂရက်၌ ကြာသာပတေးနေ့က ပြောကြားသော သမိုင်းဝင်မိန့်ခွန်းတွင် ပြောင်းရွှေ့အခြေချသူများအပေါ် “ရန်လိုသည့် စိတ်ဓာတ်များ” ထားရှိခြင်းမပြုရန် အမေရိကန်များကို တိုက်တွန်းခဲ့သည်။

    အမေရိကန်ရှိ နိုင်ငံရေးသမားအချို့မှာ စပိန်စကားပြောသူများနှင့် နိုင်ငံအတွင်းရှိ ပြောင်းရွှေ့ခြေချသူများအပေါ် စော်ကားဆန့်ကျင်သည့် စကားများကို မကြာသေးမီက ပေါ်ပေါ်ထင်ထင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးက ပြောင်းရွှေ့ခြေချသူများမှာ နိုင်ငံအသစ်အတွက် လက်ဆောင်များစွာ ယူဆောင်လာသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကြောင့် ရှက်စရာမလိုပါဘူး။ ထပ်ပြောချင်တာက ခင်ဗျားတို့ရဲ့ ဘ၀အစိတ်အပိုင်း ဖြစ်နေတာတွေအတွက် မရှက်ရွံ့ပါနဲ့”

    ထို့ပြင် အမေရိကန်သမိုင်း၌ ၁၈၆၀ ပြည့်နှစ်များတွင် ကျွန်စနစ် အဆုံးသတ်မှု ပါဝင်ပြီး၊ လူမျိုးရေးခွဲခြားမှုနှင့် ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန် တစ်ဖြည်းဖြည်း ကြိုးပမ်းအားထုတ်ကာ ခေတ်သစ်အမေရိကန် မျိုးဆက်ကို ဦးတည်နိုင်ခဲ့သည်ဟု ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera