ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
M-Media
– ကြာသာပတေးနေ့ညက ကစားခဲ့သည့် ရိုးမားနှင့် ဖီယင်နော့တို့၏ ယူရိုပါလိဂ် ပထမအကျော့မတိုင်ခင် ဖီယင်နော့ ပရိတ်သတ်များ၏ ရမ်းကားမှုကြောင့် ရောမမြို့ရှိ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိသော ရှေးဟောင်း ရေပန်းမှာ ပျက်ဆီးခဲ့သည်ဟု သိရသည်။
ရာချီသော ဖီယင်နော့ ပရိတ်သတ်များမှာ Barcaccia ဟု အမည်ရပြီး လှေပုံစံ အဆိုပါ ရေပန်းအနားတွင် မူးယစ် ရမ်းကားခဲ့ကြပြီးနောက် ရေပန်းအား ဘီယာဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ခြေထောက်များဖြင့် ကန်ကျောက်ခြင်းတို့ကြောင့် ပျက်ဆီးခဲ့ရခြင်း ဖြစ်သည်။
ရောမမြို့ ရဲတပ်ဖွဲ့ဝင်များကမူ အဆိုပါပရိတ်သတ်များအား မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့ပြီး ၂၃ ဦးကို ထိန်းသိမ်းခဲ့သည်။ နောက်ပိုင်းတွင် ၆ ဦးကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ထိန်းသိမ်းမှုအား ခုခံခြင်း၊ ပြည်သူ့ဝန်ထမ်းများကို စော်ကားခြင်း စသည့် စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်ဟု တရာရေးသတင်းရင်းမြစ်များက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
“ပျက်ဆီးသွားတဲ့ ပမာဏကို ဆုံးဖြတ်ဖို့ လိုနေပါတယ်။ ဒါပေမယ့် ဒီပျက်ဆီးမှုက ကြီးမားပါတယ်” ဟု ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ အန်နာ မာရီယာ စီရိုနီက ပြောကြားခဲ့သည်။
ရောမမြို့တော်ဝန် အစ်ဂနာဇီယိုကလည်း လူလိမ်လူညစ်များ၊ ပရိတ်သတ်အတုယောက်များနှင့် ဆိုးရွားသော ဘောလုံးလူရမ်းကားများမှာ ရေပန်းအား ဖျက်ဆီးခဲ့ကြသည်ဟု အပြစ်တင်ခဲ့သည်။
ဖီယင်နော့ အထွေထွေဒါရိုက်တာ အဲရစ် ဂွဒ်ဒီက မိမိတို့အနေဖြင့် ဦးနှောက်မရှိသောအုပ်စု၏ ထိုအပြုအမူများအတွက် အရှက်ရမိကြောင်း ၀န်ခံပြောကြားခဲ့သည်။ အီတလီ နိုင်ငံရေးသမား အချို့ကမူ ယူအီးအက်ဖ်အေ အနေဖြင့် ဖီယင်နော့အသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်သင့်သည်ဟု ပြောကြားခဲ့ကြသည်။ ရိုမားအသင်း၏ အိုလံပီကို ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲမှာ ၁ ဂိုးစီ သရေကျခဲ့သည်။
Ref: reuters
Leave a Reply
You must be logged in to post a comment.