News @ M-Media

Blog

  • ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -အင်္ဂါနေ့မနက်ပိုင်းမှာ အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်အစိုးရက ထုတ်ပြန်ပါတယ်။

    အာဏာသိမ်းမယ့်အဖွဲ့ဟာ ဝန်ကြီးများကောင်စီ ရုံးထိုင်ရာ အဆောက်အဦး၊ နိုင်ငံပိုင် ရေဒီယိုအပါအဝင် အဓိကကျတဲ့ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ ကြိုးစားစဉ်မှာ နှိမ်နှင်းခံလိုက်ရတာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အာဏာရှင်ဟောင်း အိုမာ ဘရှီးကို ထောက်ခံတဲ့ စစ်ဖက်၊ အရပ်ဖက် အရာရှိတွေက ပူးပေါင်းကြံစည်တာဖြစ်ပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်လို့ ဆူဒန်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဟမ်ဇာ ဘာလူလ်က ပြောပါတယ်။

    အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားသူဟာ အယောက် ၄၀ လောက်ရှိနေပြီး ထွက်ပြေးနေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    နှစ်ပေါင်း ၃၀ ကြာ တိုင်းပြည်ကို အုပ်စိုးလာတဲ့ အာဏာရှင် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း ဆူဒန်နိုင်ငံရေးက တည်ငြိမ်မှု မရှိသေးပါဘူး။ ဘရှီးကို သစ္စာခံတဲ့အဖွဲ့က အာဏာသိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားမှုဖြစ်ခဲ့တယ်လို့ အသွင်ကူးပြောင်းရေးအစိုးရက အရင်အကြိမ်တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ် အလ်ဒဲလာ ဟမ်ဒေါ့ လုပ်ကြံခံခဲ့ရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

    အာဏာရှင်ဟောင်း ဘရှီးကို ၂၀၀၀ ပြည့်နှစ်တွေက နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် ဆူဒန်အစိုးရက ဖမ်းဆီးထားပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ထန်တလန်မြို့တွင် တရားဟောဆရာတစ်ပါး အသတ်ခံရမှုအတွက် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က ကန့်ကွက်ရှုတ်ချ

    ထန်တလန်မြို့တွင် တရားဟောဆရာတစ်ပါး အသတ်ခံရမှုအတွက် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က ကန့်ကွက်ရှုတ်ချ

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    အသတ်ခံခဲ့ရသည့် ခရစ်ယာန် တရားဟောဆရာ Cung Biak Hum

    -ပြီးခဲ့တဲ့တစ်ပတ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ခရစ်ယာန်တရားဟောဆရာ တစ်ယောက် သတ်ဖြတ်ခံရမှုကို ခရစ်ယာန် နှစ်ခြင်းအသင်းတော်က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

    အသက် ၃၁ နှစ်အရွယ် တရားဟောဆရာ Cung Biak Hum ဟာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတာပါ။

    “တရားဟောဆရာနဲ့ လူငယ် ၄၊ ၅ ဦးဟာ အခင်းဖြစ်တဲ့အနေရာမှာ ကူညီဖို့အတွက် မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့အချိန် စစ်သားတွေက သူတို့ကိုပစ်တယ်။ တရားဟောဆရာ အပစ်ခံရပြီး နေရာမှာတင် သေဆုံးသွားပါတယ်” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

    “ပစ်ခတ်မှုတွေ အဆက်မပြတ်ဖြစ်နေတာ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် ဘယ်သူမှ သူ့ရဲ့အလောင်းကို ချက်ခြင်း သွားမယူနိုင်ကြပါဘူး။ နောက်ပိုင်း စေတနာ့ဝန်ထမ်းတွေက ​သွားယူပြီး သူ့ရဲ့အမေအိမ်မှာ ရေချိုးသန့်စင်ပေးတဲ့အချိန် လက်သူကြွယ်အဖြတ်ခံထားရတာကို တွေ့ရပြီး လက်ထပ်လက်စွပ်လည်း အခိုးခံခဲ့ရပါတယ်”

    တရားဟောဆရာ Cung Biak Hum ဟာ ထန်တလန်အခြေစိုက် နှစ်ခြင်းအသင်းတော် Thantlan Century က ဖြစ်ပြီး ကိုယ်ဝန်နဲ့ဇနီးသည်၊ ကလေးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

    ချင်း ခရစ်ယာန်နှစ်ခြင်းအသင်းတော် Chin Baptist Convention ရဲ့ အတွင်းရေးမှူး Lod Harlinrel က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေရဲ့လုပ်ရပ်တွေဟာ ရိုင်းစိုင်းတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပစ်တဲ့အခါမှာ ရန်သူလား၊ အရပ်သားလား စစ်တပ်က ဂရုတစ်စိုက် ခွဲခြားသင့်ပါတယ်။ လက်နက်တွေကို တွေ့ကရာလျှောက်မပစ်သင့်ပါဘူး။ စစ်တပ်ရဲ့ နမော်နမဲ့လုပ်ရပ်တွေ၊ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေကို တောရော မြို့ပေါ်မှာပါ တွေ့ရပြီး ဒါတွေအားလုံးကို ရှောင်ရှားသင့်ပါတယ်”

    “ဒီလိုမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲတွေဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဖြစ် ဦးတည်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတာပါ”

    ကချင်နှစ်ခြင်းအသင်းတော် Kachin Baptist Convention ရဲ့ ဥက္ကဌ Hkalam Samson ကလည်း စစ်ကောင်စီတပ်တွေ ဘုရားကျောင်းတွေမှာ တပ်စွဲပြီး သမ္မာကျမ်းနဲ့ အခြား ဘာသာရေးစာအုပ်စာတမ်းတွေ ဖျက်ဆီးတာ၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ရှုတ်ချတဲ့ ချင်းနှစ်ခြင်းအသင်းတော်ရဲ့ ထုတ်ပြန်မှုကို ထောက်ခံတယ်လို့ ပြောပါတယ်။

    “ဘုရားရဲ့အစေခံတွေဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်ရပါမယ်။ အုပ်ချုပ်သူတွေနဲ့ ဆန့်ကျင်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်နေဖြစ်နေ တရားမျှတမှုအတွက် ကျွန်တော်တို့ ရပ်တည်သွားမှာပါ”

    တရားဟောဆရာ Cung Biak Hum အသတ်ခံရမှုကြောင့် ဘာသာရေးပဋိပက္ခဆီ ဦးတည်မသွားသင့်ဘဲ စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ မခွဲဘဲ အကုန်လုံးကို ဒုက္ခပေးနေတာဖြစ်တယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့မှာ သီတင်းသုံးတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆရာတော် အရှင် မာဂါ၀က မိန့်ပါတယ်။

    “သူတို့လုပ်ချင်ရင်၊ ရန်သူလို့မြင်လာရင် စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမရွေး ဖျက်ဆီးတာပါ။ ခရစ်ယာန်ညီအစ်ကိုတွေအနေနဲ့ ဒါကို နားလည်စေချင်တယ်။ ဘာသာ၊ လူမျိုးကွဲတာကို အခြေခံပြီး ရန်သူတွေအဖြစ် မရှုမြင်ကြဖို့ ဘုန်းကြီး တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်က တော်တော်ဆိုးရွားပါတယ်”

    Ref: RFA

  • ရုရှားတက္ကသိုလ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံး

    ရုရှားတက္ကသိုလ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံး

    စက်တင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -ရုရှားနိုင်ငံအနောက်ပိုင်းက တက္ကသိုလ်တစ်ခုမှာ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    တနင်္လာနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကို ကျောင်းသားတစ်ဦးက ကျူးလွန်တာဖြစ်ပြီး အဲဒီကျောင်းသားကို ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပါတယ်။

    ကျောင်းသား ၆၀ လောက်ရှိတဲ့ စာသင်ခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့​ကာ ကျောင်းသားတွေက ခုံတွေ၊ ဗီဒိုတွေနဲ့ အကာကွယ်လုပ်ပြီး သေနတ်သမားကို​ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားစဉ် တက္ကသိုလ်ထဲမှာ ကျောင်းသား ၃ ထောင်လောက် ရှိနေတာပါ။

    ပစ်ခတ်မှုအတွင် ဒဏ်ရာရသူ အနည်းဆုံး ၆ ဦး ရှိခဲ့ပါတယ်။

    ရုရှားဟာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့နိုင်ငံဖြစ်ပြီး ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပစ်ခတ်မှုလည်း သိပ်မရှိပါဘူး။

    မေလ ၁၁ ရက်နေ့ ကာဇန်မြို့မှာက ကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၇ ဦးနဲ့ ဆရာ ၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်း ရုရှားအစိုးရဟာ သေနတ်ကိုင်ဆောင်ခွင့်ကို ပိုမိုတင်းကြပ်ခဲ့ပါတယ်။

    Ref : Reuters

  • ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    စက်တင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အမျိုးသားညီညွန်ရေးအစိုးရ (NUG) က စစ်ကောင်စီအပေါ် တော်လှန်ရေးဆင်နွှဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်မပေးခဲ့ဘူးလို့ သူမရဲ့ ရှေ့နေဖြစ်သူက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ၂ ကြိမ်ဆက် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမယ့် မဲမသာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တာပါ။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက အမှုပေါင်းများစွဲနဲ့ တရားစွဲဆိုထားပါတယ်။

    NLD ပါတီက ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီတပ်အပေါ် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြောင်း ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်းအတွင်း မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်မပေးခဲ့ဘဲ NLD ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးပြီးနောက်ပိုင်းမှသာလျှင် မှတ်ချက်ပေးနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း သူမရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    “ပြည်သူတွေရဲ့ဆန္ဒကို ဘယ်တော့မှမျက်ကွယ်မပြုဘူးလို့ သူမက ပြောပါတယ်”

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောကြားမှု ဖြစ်ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၁၁၀၀ ကျော် ရှိခဲ့ပြီး၊ ဖမ်းဆီးခံထားရသူ ၈ ထောင်ကျော် ရှိနေပါတယ်။

    Ref: Daily Mail

  • အာဖဂန်နစ္စတန်မှ မိန်းကလေးငယ်များ၏ ရှေ့ဆက်ရမည့်ပညာရေး သေချာမှုမရှိသေး

    အာဖဂန်နစ္စတန်မှ မိန်းကလေးငယ်များ၏ ရှေ့ဆက်ရမည့်ပညာရေး သေချာမှုမရှိသေး

    စက်တင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က သမီးငယ်လေးတွေဟာ ကျား၊ မ ခွဲခြားထားတဲ့ စာသင်ကျောင်းတွေမှာ စနေနေ့ကစပြီး စာပြန်သင်နေကြပါပြီ။ အသက် နည်းနည်းပိုကြီးတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ အလယ်တန်းအဆင့် ပညာရေး ဆက်လက်သင်ယူနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်သောကတွေနဲ့ စောင့်ဆိုင်းနေရပါတယ်။

    လွန်ခဲ့တဲ့ ၁ လအရင် တာလီဘန်က သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်း မြို့တော်ကာဘူးလ်က စာသင်ကျောင်းအများစုဟာ အခုအချိန် ပိတ်ထားဆဲပါ။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်စိုးမှုအတွင်း အမျိုးသမီးတွေ ပညာသင်ခွင့်ပိတ်ပင်တာအပါအဝင် အစွန်းရောက်တဲ့ မူဝါဒမျိုးကို ပြန်လည်ကျင့်သုံးမှာမဟုတ်ဘူးလို့ တာလီဘန်တာဝန်ရှိသူတွေက ပြောထားပါတယ်။

    မိန်းကလေးတွေ ပညာသင်ကြားခွင့်ရမယ်လို့ ကတိပြုထားပေမယ့် ကျား၊ မ သီးခြားအတန်းတွေ ဖြစ်ရမယ်လို့ သူတို့က ဆိုပါတယ်။

    အရင်က ယောကျ်ားလေး၊ မိန်းကလေး ရောသင်တဲ့ ကာဘူးလ်မြို့ ပုဂ္ဂလိကကျောင်းက ဆရာမ နာဇီဖီက ကျောင်းပြန်ဖွင့်နိုင်ရေးအတွက် အပြောင်းအလဲတစ်ချို့ လုပ်ထားတယ်လို့ ပြောပါတယ်။

    “မိန်းကလေးတွေအတွက် မနက်ပိုင်းအတန်း၊ ယောကျ်ားလေးတွေအတွက် နေ့လည်ပိုင်းအတန်း လုပ်ထားပါတယ်။ အမျိုးသားဆရာတွေက ယောကျ်ားလေးတွေကိုသင်ပြီး၊ အမျိုးသမီးဆရာတွေက မိန်းကလေးတွေကို သင်ပေးမှာပါ”

    နာဇီဖီရဲ့ကျောင်းဟာ မူလတန်း၊ အလယ်တန်း သင်ကြားတဲ့ကျောင်းဖြစ်ပြီး မိန်းကလေးတော်တော်များများရဲ့ အနာဂတ်ကတော့ မသေချာ မရေရာပါဘူး။

    ယောကျ်ားလေးအလယ်တန်းကျောင်းတွေ ပြန်ဖွင့်မယ်လို့ တာလီဘန်က သောကြာနေ့မှာ ကြေငြာချက်ထုတ်ပေမယ့် မိန်းကလေးတွေအတွက် ထည့်ပြောတာမျိုး မရှိပါဘူး။

    “စိတ်ဓာတ်တွေတော့ ကျနေတာပေါ့။ ကျောင်းဆက်တက်ခွင့်ရမလားဆိုတာ အစိုးရရဲ့ကြေငြာချက်ကို သူတို့လေးတွေ ​စောင့်နေကြတယ်” လို့ အလယ်တန်းကျောင်းသူတွေကို သင်ပေးနေတဲ့ ဆရာမ ဟာဒစ် ရီဇာအီက ပြောပါတယ်။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က မိန်းကလေးအလယ်တန်းကျောင်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်တွေလုပ်နေတယ်လို့ စနေနေ့က Bakhtar သတင်းဌာနကို ပြောခဲ့ပေမယ့် ရက်အတိအကျ မပြောသွားပါဘူး။

    “မိန်းကလေးတွေ ပညာတတ်မှ မျိုးဆက်ကိုပြင်နိုင်မှာပါ။ ယောက်ျားလေးတွေ ပညာတတ်တာဟာ မိသားစုအပေါ် သက်ရောက်မှုရှိပြီး၊ မိန်းကလေး​တွေ ပညာတတ်တာက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ရှိပါတယ်” လို့ ကျောင်းအုပ်ဆရာကြီး မိုဟမ်မာဒရီဇာက ပြောပါတယ်။

    “မိန်းကလေးတွေ ပညာကို ဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရရေး ကိစ္စကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်”

    Ref : Reuters