News @ M-Media

Blog

  • ပက်ရှ်ဝါရ်စာသင်ကျောင်းတိုက်ခိုက်မှု ကြိုးကိုင်ခဲ့သူ တာလီဘန်ခေါင်းဆောင်ကို ပါကစ္စတန်စစ်တပ် သုတ်သင်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    67392_816053715103767_1307865107607622219_n

    – ကလေးငယ်များအပါအ၀င် လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့သည့် ပက်ရှ်ဝါရ် စာသင်ကျောင်း တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည်ဟု ယူဆရသူ တာလီဘန်တပ်မှူးတစ်ဦးကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့က သုတ်သင်နိုင်ခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၂၆ ရက်နေ့က နိုင်ငံအနောက်မြောက်ပိုင်း ပရှ်ဝါရ်နယ်စပ်ရှိ ခိုင်ဘာဒေသတွင် တာလီဘန်များနှင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ခိုက်မှုအတွင်း ဆက်ဒမ်ဟုခေါ်သည့် အဆိုပါ တပ်မှူးကို သုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်။

    ဒေသအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ရှာဟက်ဘ် အလီရှားကမူ အခြား တာလီဘန် ၆ ဦးကိုလည်း ဒဏ်ရာဖြင့် ဖမ်းဆီးမိခဲ့ပြီး စာသင်ကျောင်း တိုက်ခိုက်မှုတွင် ဆက်ဒမ်မှာ မည်သို့ မည်ပုံ ပါဝင်ပတ်သက်ခဲ့သည်ကို အတိအကျသိရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    အာဖဂန်နယ်စပ် တာလီဘန်များခြေကုပ်ယူရာ မြောက်ဘက် ၀ါဇီရစ္စတန်ကို
    ပါကစ္စတန်အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်တာလီဘန်အဖွဲ့မှာ ခိုင်ဘာဒေသတွင် လာရောက်အခြေချခဲ့ကြသည်။

    ထို့ပြင် ဆက်ဒမ်မှာ ပါကစ္စတန်တာလီဘန်အဖွဲ့၏ အရေးပါသည့် တပ်မှူးတစ်ဦးဖြစ်ပြီး ပါကစ္စတန်တွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအများအပြားတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Source : AFP

  • ပရီးမီယားလိဂ်မှာ နှစ်ကောင်တည်းပြေးသည့် မြင်းပြိုင်ပွဲမဟုတ်ဟု မန်စီးတီးနည်းပြပြော

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    10891825_816050805104058_4857631434651693771_n

    – ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန်အတွက် ချယ်ဆီးနှင့် မန်စီးတီးတို့ နှစ်သင်းတည်းသာ ယှဉ်ပြိုင်နေရသည်ဆိုသည့် ပြောကြားမှုများအား မန်စီးတီးနည်းပြ ပယ်လီဂရီနီက ငြင်းဆိုလိုက်ပြီး အခြားကလပ်များကလည်း ချန်ပီယံဖြစ်နိုင်သည်ဟု ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဇယားအား ချယ်ဆီးက ဦးဆောင်နေပြီး မန်စီးတီးကမူ သုံးမှတ်အကွာဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ တတိယနေရာတွင် ရှိနေသော မန်ယူအသင်းမှာ မန်စီးတီးထက် ၇ မှတ်ကွာဟနေသော်လည်း ပယ်လီဂရီနီကမူ ချန်ပီယံဖြစ်မှုကို
    ဒီဇင်ဘာတွင် ဆုံးဖြတ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    `ကျွန်တော်တို့ ချယ်ဆီးအကြောင်းကို မစဉ်းစားပါဘူး။ ချန်ပီယံဖြစ်ဖို့ဆိုတာ ဒီဇင်ဘာမှာ အဆုံးသတ်တာ မဟုတ်ပါဘူး။ အခြားအသင်းတွေရဲ့ အကြောင်းကိုလည်း ကျွန်တော်တို့ တွေးတောမနေပါဘူး။ ဘာ့ကြောင်လည်းဆိုတော့ ချန်ပီယံပြေးလမ်းမှာ ကျွန်တော်တို့ ၂
    သင်းတည်းမဟုတ်ဘူးဆိုတာကို ကျိန်းသေ သိနေလို့ပါ´ ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    အဆင့် ၄ နေရာမှ ၀က်စ်ဘရွန်းကို Boxing Day တွင် အနိုင်ကစားနိုင်ခဲ့သည့်
    မန်စီးတီးအသင်းမှာ နောက်ဆုံး ၉ ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်ပြီး
    တနင်္ဂနွေနေ့တွင်ကစားမည့် ပွဲ၌ ဘန်လေအား အနိုင်ရရှိပါက ၁၀ ပွဲဆက်တိုက် အနိုင်ရသည့် စံချိန်သစ်ကို ရရှိမည်ဖြစ်သည်။

    ပယ်လီဂရီနီကမူ မိမိတို့မှာ စံချိန်များအတွက် ပူပန်ခြင်းမရှိကြောင်း၊ ချန်ပီယံဖြစ်ရေးအတွက် နောက်ပိုင်းတွင် အသည်းအသန် ယှဉ်ပြိုင်ရမည့် အတွက်ကြောင့် အမှတ်များရရှိရန်သာ ပူပန်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref : goal.com

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလေးရှားရှိ ပြည်နယ် ၈ ခုတွင် ရေကြီးနေ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    10516753_816053448437127_6409205003081306450_n

    – နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မလေးရှားနိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနောက်ဆုံး နီဂရီဆမ်ဘီလန်ပြည်နယ်တွင်ပင် ရေကြီးနေသည်ဟု သိရသည်။

    နီဂရီဆမ်ဘီလန်ပြည်နယ်မှာ ရေကြီးမှုဒဏ်ကို ခံစားရသည့် ၈ ခုမြောက် ပြည်နယ်ဖြစ်လာခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအထိ ထိုပြည်နယ်မှ လူပေါင်း ၃၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကာ နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် ကယ်ဆယ်ထားရသူ အရေအတွက်မှာ ၁၃၂၆၈၄ ဦးအထိ ရှိလာပြီဖြစ်သည်။

    အခြား ပြည်နယ်များဖြစ်သည့် ကလန်တန်း၊ တရန်ဂါနူ၊ ပါဟန်း၊ ဂျိုဟိုးနှင့်
    ပဲရက်ပြည်နယ်များတွင် ရေကြီးမှုအခြေအနေမှာ ဆိုးရွားနေပြီး ပဲရ်လစ်နှင့်
    ကဒါ့ဟ်ပြည်နယ်များတွင် အခြေအနေမှာ အနည်းငယ်တည်ငြိမ်လာပြီ ဖြစ်သည်။
    ကလန်တန်းပြည်နယ်မှာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံးခံရသည့် ပြည်နယ်ဖြစ်ပြီး လူပေါင်း ၅၅၉၆၀ မှာ ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်နေရသည်။ မိုးများမှာ ယခုအချိန်အထိ အချို့ပြည်နယ်များ၌ ဆက်လက် ရွာသွန်းနေသည်။

    ရေးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရအပါအ၀င် လူငယ်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့များစွာက အင်တိုက်အားတိုက် လုပ်ဆောင်နေသည်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်း ယနေ့နံနက်ပိုင်းတွင် ကလန်တန်း ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား အားပေးခဲ့သည်။

    Ref : channelnewsasia, newsstraittime

  • ဂျရူးက အသင်းအား ခက်ခဲအောင်လုပ်ခဲ့သည်ဟု ၀င်းဂါးဆို

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    1798750_816052511770554_3986776583989387190_n

    – အသင်းရှိ တိုက်စစ်မှူး ဂျရူးမှာ မိမိတို့အသင်းအား အကြပ်အတည်းတွေ့အောင်
    လုပ်ဆောင်လိုက်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ကျူပီအာရ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဂျရူးမှာ ၅၃ မိနစ်၌ ကျူပီအာရ်ကစားသမား နီဒမ်အိုနူဟာအား ခေါင်းဖြင့်တိုက်ခဲ့သောကြောင့် တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရပြီး ၃ ပွဲပယ်ခံရမည်ဖြစ်သည်။

    ဒဏ်ရာရကစားသမားများဖြင့် ရုန်းကန်နေရသော အာဆင်နယ်တွင် ဂျရူး၏ ပွဲပယ်ခံရမှုက ထိုးနှက်မှုတစ်ခု ဖြစ်ခဲ့ပြီး ၀င်းဂါကလည်း ထိုအနီကဒ်အတွက် ညည်းတွားခဲ့သည်။

    `ဒီအနီကဒ်က ထိုက်တန်ပါတယ်။ ဂျရူးဟာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပါဘူး။ ဒါ့ကြောင့်လည်း တိုက်ရိုက်အနီကဒ်ထိခဲ့တာပါ။ တကယ်တော့ ဒါဟာ အသင်းရဲ့ အရွေ့ကို လုံးဝ ပြောင်းလဲပစ်လိုက်တာပါပဲ´ ဟု ပွဲအပြီးတွင် ၀င်းဂါးက BT Sport သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဂျရူးမှာ ၎င်း၏ အမှားကို တာဝန်ယူသူတစ်ဦးဖြစ်ကြောင်း၊ ယနေ့တွင် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကို ၎င်းကိုယ်တိုင်လည်း သိရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal.com

  • ဆီးရီးယားဒုက္ခသည်များအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါမည့် ဒုက္ခသည်စခန်းတစ်ခုကို တူရကီ ဆောက်လုပ်နေ

    ဆီးရီးယားဒုက္ခသည်များအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါမည့် ဒုက္ခသည်စခန်းတစ်ခုကို တူရကီ ဆောက်လုပ်နေ
    ===============================
    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    10171049_816014995107639_6571581821995121346_n

    – ပြည်တွင်းစစ်ကြောင့် ဆီးရီးယား-တူရကီနယ်စပ် ကိုဘိန်းမြို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာအား နေရာချထားပေးနိုင်ရန်အတွက် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒုက္ခသည်စခန်းများကို အဆင့်မြှင့်တင်ကာ စခန်းအသစ်များလည်း ဆောက်လုပ်နေသည်ဟု သိရသည်။

    အဆိုပါ စခန်းအသစ်များကို ဇန်န၀ါရီလ အလယ်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လူပေါင်း ၃၂၅၀၀ ဦး နေထိုင်နိုင်မည်ဟု တူရကီ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့ AFAD ၏ ထိုဒေသအတွက် တာဝန်ရှိသူ မဟ်မူတ် ဆန်မက်ဇ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ဒုက္ခသည်စခန်းတွင် ပညာရေးအဖွဲ့အစည်းများ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ကိရိယာတန်ဆာပလာ အပြည့်အစုံပါရှိသည့် ဆေးရုံတစ်ရုံလည်း ပါဝင်မည်ဖြစ်သည်။

    ကိုဘိန်းနှင့် ပတ်ဝန်းကျင်ဒေသများမှ ထွက်ပြေးလာခဲ့သည့် ဒုက္ခသည် ၁၈၀၀၀၀ ခန့်မှ အများစုမှာ တူရကီမြူနီစီပယ်တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သည့် အဖွဲ့များမှ ကူညီပေးထားသော ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

    တူရကီနိုင်ငံမှာ ဆီးရီးယားဒုက္ခသည် ၁.၇ သန်းကို နေရာပေးထားရပြီး ဒုက္ခသည်များ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးရန်အတွက် ကန်ဒေါ်လာ ၅.၅ ဘီလီယံကို သုံးစွဲခဲ့ရသည်ဟု စနေနေ့က တူရကီသမ္မတ အာဒိုဂန်၏ ထုတ်ပြန်ခဲ့သော စာရင်းအင်းတွင် ဖော်ပြထားသည်။

    Source : Agencies