News @ M-Media

Blog

  • ယခုနှစ်အတွင်း ဂျာနယ်လစ် ၆၆ ဦး သတ်ဖြတ်ခြင်းခံရ

    ယခုနှစ်အတွင်း ဂျာနယ်လစ် ၆၆ ဦး သတ်ဖြတ်ခြင်းခံရ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media
    548fdd02f0a4e
    – ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၌ ယခုနှစ်အတွင်း သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၆၆ ဦးရှိသည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    နှစ်စဉ် ထုတ်ပြန်သော အစီရင်ခံစာတွင် စနစ်ကျခြိမ်းခြောက်ခြင်းနှင့် ရှင်းလင်းသော ရည်ရွယ်ချက်များအတွက် ခေါင်းဖြတ်ခြင်းတို့နှင့်အတူ ဂျနယ်လစ်များအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် သဘာဝမှာ တစ်စတစ်စ ကြမ်းကြုတ်လာသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    `လူသတ်သမားတွေဟာ အလွန့်အလွန်ကို ကြမ်းကြုတ်လာပြီး လွတ်လပ်စွာ သတင်းတင်ပြမှုကို တားဆီးခြင်း၊ အပြင်ကမ္ဘာက အသေးစိတ်သိအောင် ဆောင်ရွက်မှုတွေကို ဟန့်တားခြင်းတွေနဲ့အတူ ဂျာနယ်လစ်တွေကို ပြန်ပေးဆွဲမှုဟာလည်း တိုးလာနေပါတယ်´ ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ယမန်နှစ်က သတင်းထောက်များ အသတ်ခံရမှုအရေအတွက်မှာ ၇၁ ဦးရှိပြီး ယခုနှစ်တွင် အနည်းငယ်လျော့ကျခဲ့ကာ ၂၀၀၅ ခုနှစ်မှစ၍ သတင်းထောက်များ အသတ်ခံရမှု အရေအတွက်မှာ ၇၂၀ ခန့်ရှိနေပြီဟု RSF က ဆိုသည်။

    ယူကရိန်း၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ လက်နက်ကိုင်တပ်များမှာ ဂျာနယ်လစ်များအား ပြန်ပေးဆွဲမှု နည်းလမ်းကို အသုံးပြုနေသောကြောင့် ယခုနှစ်အတွင်း ပြန်ပေးဆွဲခံရမှုမှာ ၁၁၉ ဦးရှိပြီး ယမန်နှစ်ကထက် ၃၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

    ထိုအထဲတွင် ယူကရိန်းမှ ၃၃ ဦး၊ လစ်ဗျားမှ ၂၉ ဦးနှင့် ဆီးရီးယားမှ ၂၇ ဦး ပြန်လည် လွတ်မြောက်လာပြီး ကျန်ဂျာနယ်လစ် ၄၀ မှာ ပြန်ပေးသမားများ၏ လက်ထဲတွင် ရှိနေဆဲဖြစ်သည်။

    ထို့ပြင် ကမ္ဘာတစ်ဝှမ်း၌ ဖမ်းဆီးခံထားရသည့် ဂျာနယ်လစ် ဦးရေမှာ ဒီဇင်ဘာ ၈ ရက်နေ့အထိ ၁၇၈ ဦးရှိပြီး တရုတ်နိုင်ငံမှာ ၂၉ ဦးဖြင့် ဂျာနယ်လစ်အများဆုံး ဖမ်းဆီးထားသော နိုင်ငံဖြစ်နေသည်။

    ref_ Agencies

  • ကော်ဖီဆိုင် ပြန်ပေးသမားအား ဖမ်းဆီးနိုင်ရေး သြဇီ မွတ်စလင်များက တာဝန်ရှိသူများကို အကူအညီပေးခဲ့

    ကော်ဖီဆိုင် ပြန်ပေးသမားအား ဖမ်းဆီးနိုင်ရေး သြဇီ မွတ်စလင်များက တာဝန်ရှိသူများကို အကူအညီပေးခဲ့

    10384048_1575163482714661_3186351535620805440_n
    သေဆုံးသွားသူ ဓါးစာခံ ၂ ဦးအတွက် ဝမ်းနည်းကြောင်းပန်းစည်းလာချပြီး ဆုတောင်းပေးနေသည့် သြဇီမွတ်စလင်များ

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media

    – အီရန်ဖွား သြစတေးလျနိုင်ငံသားတစ်ဦး ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တစ်ခုကို အပိုင်စီး၍ စားသုံးသူများအား ဓားစားခံလုပ်ထားခဲ့သည့် သတင်းများ ပြန့်နှံ့ခဲ့ပြီးနောက် ထိုအရေးအား ပြေလည်ရန်အတွက် မွတ်စလင်များကလည်း အာဏာပိုင်များအား အကူအညီများပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

    `ကျွန်တော်တို့တတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီချင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ဆိုတာ ကျွန်တော်တို့ သိပါတယ်´ ဟု သြစတေးလျ မွဖ်သီချုပ် ဒေါက်တာ အီဗရာဟင် အဘူ မိုဟာမက်၏ ပြောရေးဆိုခွင့်ရှိသူက Sydney Morning Herald သတင်းစာသို့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

    တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ အပိုင်စီးမှုတွင် ပြည်သူ ၁၅ ယောက်မှ ၃၀ အကြား ဓားစာခံဖြစ်ခဲ့ပြီး ထိုသတင်းပြန့်နှံ့သွားပြီးနောက် အဘူ မိုဟာမက်က အခြေအနေ ငြိမ်းချမ်းသွားစေရန် ကော်ဖီဆိုင်အား အပိုင်စီးထားသူနှင့် ညှိနှိုင်းပေးသွားမည်ဟု ကမ်းလှမ်းခဲ့သည်။

    ထိုကဲ့သို့ အာဏာပိုင်များအား ကူညီမှုမှာ ၎င်းတစ်ဦးတည်းမဟုတ်ဘဲ ဆစ်ဒနီရှိ အခြား ရှေ့ဆောင်ဆရာတော်များကလည်း လိုအပ်သမျှသော၊ ၎င်းတို့ တတ်နိုင်သမျှသော အကူအညီများကို ပေးအပ်သွားရန် အာဏာပိုင်များအား ကမ်းလှမ်းခဲ့သည်။

    အပိုင်စီးသမား ဟာရွန် မိုနစ်နှင့် တစ်ချိန်က သိကျွမ်းဖူးသည့် မမ်ဒူ ဟာဘစ်ကမူ ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ကာ မိုနစ်အား တည်ငြိမ်အောင် ကြိုးစားဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

    `သူက နေကောင်းတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်သူ့ကိုသိပြီး သူ့စိတ်ကို တည်ငြိမ်လာဖို့ စကားတွေလည်း အရင်က ပြောခဲ့ဖူးပါတယ်။ တစ်ခုခုကြိုးစားပေးဖို့ ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်´ ဟု ဟာဘစ်က Fairfax မီဒီယာသို့ ပြောကြားခဲ့သည်။

    ကူညီမှုများ

    အချို့သော မွတ်စလင်များကလည်း ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ထံမှ အကူအညီလိုပါက ရယူနိုင်ကြောင်း အသိပေး  အကြောင်းကြားခဲ့သည်။

    `ဘာသာရေးအဆင့် ဒါမှမဟုတ် ယဉ်ကျေးမှုအဆင့်နဲ့ပတ်သက်ပြီး ဒီလူကို ပြောနိုင်တဲ့လူက ကျွန်မတို့ လူ့အဖွဲ့အစည်းက လူပဲဖြစ်တယ်လို့ တွေးခဲ့ပါတယ်။ ကျွန်မတို့က အန္တရာယ်ကင်းဖို့နဲ့ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးကို ပြန်လည်ယူဆောင်လာဖို့အတွက် ကိုယ့်အလုပ်ကို လုပ်ချင်ခဲ့ပါတယ်´ ဟု ဒေသခံတစ်ဦးဖြစ်သူ ရေဘက်ကာကေးက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အပိုင်စီးထားသည့် အချိန်အတွင်း သြစေတြေးလျပြည်သူများကလည်း ထိုလုပ်ရပ်နှင့် မဆိုင်သော မွတ်စလင်များ ထိခိုက်နစ်နာမှုများ မရှိစေရန်နှင့် သြစတေးလျရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးကူညီရန်အတွက် IllRideWithYou လှုပ်ရှားမှုကို Twitter စာမျက်နှာတွင် ပြုလုပ်ခဲ့သည်။

    ထိုလှုပ်ရှားမှုအား ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများက ပါဝင်ခဲ့ကြပြီး ဗြိတိန်ရှိ ပထမဆုံး မွတ်စလင်ဝန်ကြီးဖြစ်သူ ရှာဟစ်မာလစ်ကလည်း ထိုလှုပ်ရှားမှုအား ချီးကျူးခဲ့သည်။

    `အဲဒီလှုပ်ရှားမှုက အားလုံးကို ကိုယ်စားပြုပြီး လူသားဝါဒအတွက်လည်း ကောင်းမွန်တဲ့ လှုပ်ရှားမှုပါပဲ။ ပြီးတော့ သြစတေးလျပြည်သူတွေရဲ့ တုံ့ပြန်မှုအတွက် ကျွန်တော်တကယ့်ကို လေးစားအားကျမိပါတယ်။ ဒီလို စပ်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်သူတွေရဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းအတွင်းမှာ ခွာပြဲဖို့၊ ရန်ဖြန်ကြဖို့ သပ်လျှိုတာသာ ဖြစ်ပါတယ်။ (ပြည်သူတွေရဲ့) အံ့သြဖွယ်ကောင်းလောက်တဲ့ ရင့်ကျက်မှုနဲ့ တူညီတဲ့ စိတ်သဘောထားတွေက အဲဒီလူတွေ မအောင်မြင်ဘူးဆိုတာ သေချာသွားစေပါတယ်´ ဟု မာလစ်က ပြောကြားခဲ့သည်။

    အဆိုပါပြန်ပေးဆွဲမှုဟာ ၁၆ နာရီကျော် ကြာခဲ့ပြီး နောက်ဆုံး ပြန်ပေးသမားနဲ့ ဓားစာခံတွေထဲက ၂ ယောက် စုစုပေါင်း ၃ ယောက်သေဆုံးခဲ့ပါတယ်။

    ref_ OnIslam

  • AIDS ဝေဒနာသည်များအား ကြင်နာကြရန် ဗလီရှေ့ဆောင်များမှ သောကြာနေ့ တရားဟောပြောမှု၌ တိုက်တွန်း

    AIDS ဝေဒနာသည်များအား ကြင်နာကြရန် ဗလီရှေ့ဆောင်များမှ သောကြာနေ့ တရားဟောပြောမှု၌ တိုက်တွန်း

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    muslims_pray_1_0407_840_560_100
    – ကြောက်ရွံ့ဖွယ်ကောင်းသည့် AIDS ရောဂါ ကူးစက်နေသူများအား ကြင်နာကြရန်နှင့် ဘာသာအယူဝါဒကိုသုံးကာ အဆိုပါရောဂါသည်များကို အသရေမဖျက်ကြရန် မလေးရှားရှိ ဗလီဝတ်ကျောင်းတော်တိုင်းရှိ ရှေ့ဆောင်အီမာမ်များက ပြည်သူများအား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ဒီဇင်ဘာ ၅ ရက်နေ့ သောကြာနေ့ဝတ်ပြုမှု အစီအစဉ်အတွင်း နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်များရှိ ရှေ့ဆောင်ဆရာတော်များက မိန့်ခြွေသော တစ်ပတ်တာ တရားဒေသနာတော်တွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဝေဒနာသည်များအား လစ်လျူရှုခြင်း မပြုကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    `ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ဒီရောဂါကြီးကို ရွံရှာစရာ၊ ညစ်ပတ်စရာကြီးလို့ မှတ်ယူနေကြသူတွေ ရှိနေတုန်းပါပဲ။ ဒီဝေဒနာသည်တွေကို မိသားစုတွေက လျစ်လျူရှုလိုက်တာကြောင့် မွတ်စလင်မဟုတ်သူတွေရဲ့ ကူညီရေးစင်တာတွေကို ရောက်သွားကြတယ် ဆိုတာတွေကိုလည်း ကြားနေရပါတယ်။ နောက်ပြီး မေးစရား တစ်ခုက ရောဂါရှိနေတဲ့ ဒီလူတွေကို ၀ိုင်းကြဉ်ထားတာ၊ ရွံစရာအဖြစ် ရှုမြင်နေကြတာတွေဟာ အစ္စလာမ်ရဲ့ သွန်ကြားမှုနဲ့ ကိုက်ညီလား ဆိုတာပါပဲ´ ဟု အစ္စလာမ်ဖွံဖြိုးရေးဌာနမှ တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်သော သောကြာနေ့ တရားဒေသနာတော်တွင် ဖော်ပြထားသည်။
    06-12-14_Malaysians-Urged-to-Be-Kind-to-Muslims-with-Aids
    AIDS ဝေဒနာရှင်များအား အသရေမဖျက်ကြရန် မွတ်စလင်များအား တိုက်တွန်းထားပြီး ၎င်းတို့အား ကုသမှုနှင့် အားပေးကူညီမှုပြုရန်မှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟုလည်း ထည့်သွင်းမိန့်ကြားထားသည်။

    `အစ္စလာမ်ဆိုတာ ဘာသာဝင်တွေအတွက် ချမ်းမြေ့ပျော်ရွှင်မှုကို ယူဆောင်လာပေးတဲ့ သာသနာပါ။ တစ်ယောက်နဲ့တစ်ယောက်ကူညီဖို့၊ တစ်ယောက်နဲ့တစ်ယောက်လေးစားဖို့ အစ္စလာမ်က သွန်သင်ပါတယ်´ ဟု ရှေ့ဆောင်ဆရာတော်များက မိန့်ကြားခဲ့သည်။

    မွတ်စလင်များအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်ရန် အဆိုပါ တရားဒေသနာက အကြံပြုထားပြီး ရောဂါဘယဖိစီးနေပါကလည်း ဂရုတစိုက်ကုသရန်နှင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံရန်အတွက်လည်း တိုက်တွန်းထားသည်။

    ထို့ပြင် HIV ရှိနေသော မွတ်စလင်အများပေါ် ရှုမြင်သည့်ပုံစံကို ပြောင်းလဲရန်နှင့် သို့မှသာ အဆိုပါ ရောဂါကို ခံစားနေရသူများမှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေမည်ဟု ဖော်ပြထားသည်။

    ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ကို တစ်ကမ္ဘာလုံးက ကျင်းပခဲ့ကြသည်။ တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ မလေးရှားတွင် ယခုနှစ် ဇွန်လအထိ AIDS ဝေဒနာသည် ၁၀၃၀၀၀ ဦး ရှိနေသည်ဟု သိရသည်။

    ၎င်းတို့ထဲတွင် ၇ ရာခိုင်နှုန်းမှာ မလေးလူမျိုးများ ဖြစ်ကြသည်။ မလေးရှား၏ လူဦးရေ ၂၆ သန်းတွင် မလေးလူမျိုး အစ္စလာမ်ဘာသာဝင်များမှာ ၆၀ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်ဘာသာဝင်များက ၉.၁ ရာခိုင်နှုန်း ရှိသည်။

    ref_OnIslam

  • ဘိန်းစိုက်ပျိုးမှု ၃ ဆ တိုးလာတဲ့ ရွှေတြိဂံဒေသ

    ဘိန်းစိုက်ပျိုးမှု ၃ ဆ တိုးလာတဲ့ ရွှေတြိဂံဒေသ

    ဒီဇင်ဘာ ၁၈ ၊၂၀၁၄
    M-Media
    20141281650818580_20
    – ဘိန်းဖြူထွက်ရာဒေသဖြစ်သည့် အရှေ့တောင်အာရှမှ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ သုံးခုဆုံရာ `ရွှေတြိဂံဒေသ´ တွင် ဘိန်းစိုက်ပျိုးမှုမှာ ၂၀၀၆ ခုနှစ်မှစ၍ ၃ ဆ တိုးလာသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

    မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC က နှစ်စဉ်ပြုလုပ်မြဲဖြစ်သော အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးမှု ဆန်းစစ်လေ့လာရေးမှ တွေ့ရှိချက်များကို ဒီဇင်ဘာ ၈ ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာမှာ ၂၀၀၆ ခုနှစ်က ၂၁၆၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၆၃၈၀၀ ဟက်တာရှိနေသည်ဟု ဖော်ပြထားသည်။ ထိုပမာဏမှာ ဘောလုံးကွင်းပေါင်း ၉၀၀၀၀ ၏ အကျယ်အ၀န်းနှင့် ညီမျှ၏။

    နောက်ဆုံးရရှိသည့် အဆိုပါ အချက်အလက်အရ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးမှုမှာ ၈ နှစ်ဆက်တိုက် မြင့်တက်နေခြင်းဖြစ်ပြီး တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၁၆ ဘီလီယံရသည့် လုပ်ငန်းတစ်ခု ဖြစ်လာနေပေသည်။

    အာဖဂန်နစ္စတန်ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုးသည့် နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှာ လာအိုနှင့်အတူ ယခုနှစ်တွင် ဘိန်းစိမ်း ၇၆၃ တန်ကိုထုတ်လုပ်ခဲ့သည်။ ထိုအထဲမှ အများစုကို ဓာတုပစ္စည်းများဖြင့် သန့်စင်ပြီးနောက် အကြမ်းဖျင်းရရှိမည့် ဘိန်းဖြူအရော ၇၆ တန်ကို ဘိန်းဖြူသုံးစွဲမှုမြင့်တက်လာသည့် ကမ္ဘာဈေးကွက်နှင့် ဒေသတွင်းဈေးကွက်သို့ မှောင်ခို ဖြန့်ဖြူးခဲ့၏။

    `သူတို့ (မြန်မာနဲ့ လာအိုတို့) ဟာ သူတို့တိုင်းပြည်ရဲ့ ဘိန်းဖြူစီးဆင်းမှု အ၀င်အထွက်ကို ပိုကောင်းအောင်လုပ်ရပါတယ်။ နယ်စပ်မှာ ချစားမှုတွေရှိနေပြီး ဒါက ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ စိုးရိမ်မှုပါပဲ´ ဟု UNODC မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလက်စ်က ဆိုသည်။ ထို့ပြင် ထိုကဲ့သို့ ဘိန်းကုန်ကူးမှုက အာဆီယံ၏ စီးပွားရေး အသိုက်အ၀န်း ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှ သတင်းအချက်အလက်ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါး သုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီက ထိုကိစ္စအတွက် မှတ်ချက်ပေးရန် မေတ္တာရပ်ခံမှုကို ပြန်လည် ဖြေကြားခြင်း မပြုခဲ့။

    အဆိုပါ ပြဿနာအား အမြတ်ပြတ်ဖြေရှင်းမည်ဟု မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးအစိုးရက ကတိပြုထားသော်လည်း ယခုကဲ့သို တိုး၍သာနေ၏။

    ဘိန်းစိုက်ပျိုးရန် အသုံးပြုသည့် ဧရိယာများထဲမှ ၈၀ ရာခိုင်းနှုန်း သို့မဟုတ် ၅၁၄၀၀ ဟက်တာမှာ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာ့အရှည်လျားဆုံး ပြည်တွင်း စစ်ပွဲ ဖြစ်ပွားရာ မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်တွင် ရှိနေသည်။

    လာအိုမြောက်ပိုင်းတွင်တော့ ဘိန်းစိုက်ဧရိယာမှ ၉.၇၂ ရာခိုင်နှုန်းသာရှိသည်။

    တရုတ်နိုင်ငံ၏ အန္တရာယ်

    တောင်တန်းများထူထပ်ရာ ရှမ်းပြည်နယ်ရှိ အဆိုပါပြဿနာကို ဖြေရှင်းရန် အားထုတ်မှုအဖြစ် ၁၅ နှစ်တာ ကာလအတွင်း ဘိန်းစိုက်ပျိုးမှုအားလုံးကို ရှင်းပစ်မည်ဟု မြန်မာ အစိုးရက ၁၉၉၉ ခုနှစ်တွင် ကတိပြုခဲ့သည်။ ရလဒ်အားဖြင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ၈၆ ရာခိုင်နှုန်း လျော့ကျသွား၏။

    သို့သော်လည်း ထိုအချိန်မှစ၍ ဒေသတွင်း ဘိန်းပင်နှင့် ဘိန်းဖြူအတွက် ၀ယ်လိုအား တိုးလာမှုက ဘိန်းစိုက်ပျိုးမှုကို ပြန်လည်ဖြစ်ထွန်းလာစေခဲ့သည်။ များသောအားဖြင့် ဒေသတွင်း နိုင်ငံများ၌ ချိတ်ဆက်ထားသည့် ရာဇ၀တ်ဂိုဏ်းများက အစိုးရနှင့် သူပုန်များ တိုက်ပွဲများဖြစ်ပွားနေသည့် အစိတ်အပိုင်းများ၌ စိုက်ပျိုးခြင်းဖြစ်သည်။

    ဘိန်းထုတ်လုပ်မှု မြင့်တက်လာခြင်းနှင့်အတူ မြန်မာအစိုးရက ၂၀၁၃-၁၄ ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ခင်း ၁၅၁၈၈ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး အားထုတ်မှုကို တိုးမြှင့်ခဲ့သည်။ ဖျက်ဆီးခဲ့သည့် ထိုပမာဏမှာ ပြီးခဲ့သည့်နှစ်ကမှ တိုးလာသည့် ၁၉ ရာခိုင်နှုန်းဖြစ်သည်ဟု အစိုးရ အချက်အလက်များက ဖော်ပြခဲ့သည်။

    နိုင်ငံ၏ နယ်စပ်ကို စောင့်ကြပ်ရန် လုပ်နိုင်စွမ်းမှာ မြန်မာအစိုးရတွင် နည်းပါး၏။ ထို့ကြောင့် နယ်စပ်တွင် လူကုန်ကူးမှု၊ မူးယစ်ဆေးမှအစ အဖိုးတန်ကျောက်များအဆုံး အုံလိုက်ကျင်းလိုက် တရားမ၀င် ကုန်သွယ်မှုများ ဖြစ်လာခဲ့ပြီး ချစားမှုအများဆုံးမှာ တရုတ်နိုင်ငံနှင့် ထိပ်စပ်နေသော နယ်စပ်တွင် ဖြစ်လေ၏။

    `ပြဿနာက အရင်ကထပ် ပိုကြီးလာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီဒေသမှာ ဥပဒေစိုးမိုးမှု မရှိလို့ပါ´ ဟု မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆို၏။ ထို့ပြင် ဘိန်းကုန်ကူးမှု ရပ်တန့်ရေးမှာ နိုင်ငံတစ်ဝှမ်း အပစ်ရပ်ရေးအပေါ်တွင် မှီတည်လိမ့်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    `တကယ်လို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိလို့ကတော့ ဒီပြဿနာက ပိုဆိုးမှာပါ´

    မူးယစ်ဆေးဝါးများ အလွယ်တကူဝင်ရောက်ခြင်းနှင့်အတူ ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသောဈေးကွက် တရုတ်နိုင်ငံတွင် ဘိန်းဖြူသုံးစွဲသူအရေအတွက်မှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သန်းဝက်ခန့် တိုးလာပြီး စုစုပေါင်း ၁.၃ သန်းအထိ ရှိလာပြီဟု UNODC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ်တွင် အာရှတစ်ဝှမ်း ဘိန်းပါသောဆေးဝါး သုံးစွဲသူ ၃.၃၃ သန်းတွင် တရုတ်နိုင်ငံမှ သုံးစွဲသူမှာ ၅၈ ရာခိုင်နှုန်း ရှိနေ၏။ မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှတွင် ဘိန်းပါသောဆေးဝါးများ သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံဖြစ်သည်။ အစီရင်ခံစာတွင် ပါဝင်သည့် ကနဦး အကဲဖြတ်မှုအရ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးဝါး သုံးစွဲမှုမှာ ၂၀၁၂ ခုနှစ်မှစ၍ ၃ ဆခန့်တိုးလာသည်ဟူ၏။

    ref_ Al Jazeera

  • ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ချယ်ဆီး ဂိုးသမား ကော်တီယော့စ် ဆွတ်ခူး

    ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ချယ်ဆီး ဂိုးသမား ကော်တီယော့စ် ဆွတ်ခူး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media

    23BC942500000578-0-image-a-68_1418596212449
    – ဘယ်လ်ဂျီယံ၏ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုအား ချယ်ဆီးအသင်း၏ ဂိုးသမား သီဘောက်ကော်တီယော့စ်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုကို ယမန်နေ့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကော်တီယော့စ်မှာ အသင်းဖော် အေဒင် ဟဇာ့ဒ်အား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ ကော်တီယော့စ်မှာ ယမန်နှစ်က လာလီဂါချန်ပီယံဖြစ်ခဲ့သည့် အက်သလက်တီကိုမက်ဒရစ်တွင် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည့် ဘယ်ဂျီယံလက်ရွေးစင်အသင်း၏ အဓိက ကစားသမားလည်း ဖြစ်ခဲ့သည်။

    ထို့ပြင် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသည့် ချယ်ဆီးအသင်း တွင်လည်း ကော်တီယော့စ်မှာ ၅ ပွဲတိတိ ဂိုးမပေးရအောင် စွမ်းဆောင်ပေးထားနိုင်သည်။

    ဟဇာ့ဒ်မှာ ဘယ်လ်ဂျီယံတစ်နှစ်တာအကောင်းဆုံး အားကစားသမားစာရင်းတွင် နံပါတ် ၅ နေရာချိတ်ခဲ့ပြီး၊ အခြားချယ်ဆီးကစားသမားတစ်ဦးဖြစ်သူ ကီဗင် ဒီ ဘရူနီမှာ အဆင့် ၈ နေရာတွင် ချိတ်ခဲ့သည်။

    ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကိုမူ ပန်တာသလွန် ကစားသမား (အပြေး၊ မြင်းစီး၊ ရေကူး၊ သေနတ်ပစ်နှင့် ဓားရေး ငါးမျိုးစလုံးကို ယှဉ်ပြိုင်ရသော အားကစား) နာဖီဆာတူ သီယမ်က ဆွတ်ခူးရရှိခဲ့သည်။