News @ M-Media

Blog

  • မိုက်ခရို့ဆော့ဖ်က ၎င်းတို့၏ နည်းပညာတစ်ချို့ကို အစ္စရေးစစ်တပ် အသုံးပြုခွင့်မရအောင် ပိတ်ပင်

    မိုက်ခရို့ဆော့ဖ်က ၎င်းတို့၏ နည်းပညာတစ်ချို့ကို အစ္စရေးစစ်တပ် အသုံးပြုခွင့်မရအောင် ပိတ်ပင်

    စက်တင်ဘာ ၂၇၊ ၂၀၂၅

    M-Media 

    အစ္စရေးစစ်တပ်က အသုံးပြုနေတဲ့ Azure cloud နဲ့  AI ၀န်ဆောင်မှု တစ်စိတ်တစ်ပိုင်းကို အသုံးပြုခွင့် ပိတ်လိုက်တယ်လို့ နည်းပညာထိပ်တန်းကုမ္ပဏီ မိုက်ခရိုဆော့ဖ်က အတည်ပြုပါတယ်။ 

    ပါလက်စတိုင်းအရပ်သားတွေကို တရားမ၀င် စောင့်ကြည့်ထောက်လှမ်းမှုအပါအ၀င် မလုပ်ဆောင်ရမယ့် သဘောတူညီချက်တွေကို ချိုးဖောက်တဲ့အတွက် ဒီလိုပိတ်ပင်တာလို့ ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာတွေကို အသုံးပြုပြီး ပါလက်စတိုင်းအရပ်သားတွေကို စောင့်ကြည့် ဖိနှိပ်တာမျိုး ရှိတယ်ဆိုတဲ့ သတင်းတွေ အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် အစောပိုင်းမှာ မိုက်ခရဆော့ဖ်က ငြင်းချက်ထုတ်ထားတာပါ။ 

    Azure ကို အရပ်သားတွေအပေါ် စောင့်ကြည့်ဖိနှိပ်ဖို့ အသုံးချနေတယ်ဆိုတာ သြဂုတ်လက မီဒီယာတွေ စုံစမ်းဖော်ထုတ်ပြီးနောက်ပိုင်းမှာ သိရှိလာရပေမယ့်၊ ၀ယ်ယူအသုံးပြုသူရဲ့ တစ်ကိုယ်ရေ အချက်အလက် လုံခြုံရေးကြောင့် ဘယ်ပုံဘယ်နည်း အသုံးပြုခဲ့တယ်ဆိုတာကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။ သုံးသပ်မှုတွေအရ စိုးရိမ်စရာ အကြောင်းအရာတွေကို တွေ့ရတယ်လို့ မိုက်ခရိုဆော့ဖ်က အတည်ပြုပါတယ်။ 

    Azure cloud နဲ့ AI ၀န်ဆောင်မှုတစ်ချို့ကိုသာ အသုံးပြုခွင့် ပိတ်လိုက်တာဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ အခြား နည်းပညာတွေကိုတော့ အစ္စရေးက ဆက်လက် အသုံးပြုနေဆဲဖြစ်ပါတယ်။ 

    အစ္စရေးစစ်တပ်ရဲ့ ဆိုက်ဘာတပ်ဖွဲ့ 8200 ဟာ Azure ကို အသုံးပြုပြီး သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုပေးပို့မှုတွေကို တရားမ၀င် ကြားဖြတ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ 

    မိုက်ခရိုဆော့ဖ်ရဲ့ အခုလို ရပ်တန့်မှုက အစ္စရေးတဲ့ တရားမ၀င်လုပ်ရပ်တွေကို ကြီးကြီးမားမား ထိခိုက်သွားနိုင်တာမျိုး မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အစ္စရေးဖက်ကတည်း ဒီပိတ်ပင်မှုဟာ သူတို့ရဲ့ လုပ်နိုင်စွမ်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • ဘာကြောင့် ဘောလုံးလောကမှာ စံနှစ်မျိုးဖြစ်နေတာလဲ – အဲရစ် ကန်တိုနာ

    ဘာကြောင့် ဘောလုံးလောကမှာ စံနှစ်မျိုးဖြစ်နေတာလဲ – အဲရစ် ကန်တိုနာ

    စက်တင်ဘာ ၂၃၊ ၂၀၂၅

    M-Media

    ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး ၄ ရက်ပဲကြာတယ်။ FIFA နဲ့ UEFA က ရုရှားကို ဘောလုံးလောကကနေ ပိတ်ပင်လိုက်တယ်။ Amnesty International က လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်ထားတဲ့ကိစ္စ ဖြစ်နေတာ ၇၁၆ ရက် ရှိပြီ။ ဒါပေမယ့် အစ္စရေးကတော့ ဘောလုံးပွဲတွေမှာ ပါ၀င်ကစားခွင့်ရနေဆဲပါ။ ဘာ့ကြောင့်လဲ။ ဘာ့ကြောင့် ဒီလို စံနှုန်း ၂မျိုး ဖြစ်နေတာလဲ။ FIFA နဲ့ UEFA တိုဟာ အစ္စရေးကို ပိတ်ပစ်ရမယ်။ ကလပ်အသင်းတိုင်းက အစ္စရေးအသင်းတွေနဲ့ မကစားဘူးလို့ ငြင်းရမယ်။ ကစားသမားတိုင်းကလည်း အစ္စရေးအသင်းနဲ့ မကစားဘူးလို့ ငြင်းရမယ်။ တောင်အာဖရိကက လူမျိုးရေးခွဲခြားမှုကို ကျွန်တော်တို့ မှတ်မိမှာပါ။ တောင်အာဖရိကက ဒီစနစ်ချုပ်ငြိမ်းရေးမှာ အားကစားဖက်က သပိတ်မှောက်မှုဟာ အရေးပါခဲ့ပါတယ်။ ကျွန်တော်တို့မှာ စွမ်းအားရှိတယ်၊ ခင်ဗျားတို့မှာလည်း စွမ်းအားရှိတယ်။ ကမ္ဘာတစ်၀ှမ်းက ဘောလုံးပရိတ်သတ်အားလုံးမှာလည်း စွမ်းအားရှိပါတယ်။

    (စက်တင်ဘာ ၁၇ ရက်နေ့ လန်ဒန်တွင် ပြုလုပ်ခဲ့သည့် Together for Palestine အခမ်းအနားတွင် ပြင်သစ်နှင့် မန်ယူအသင်း၏ နာမည်ကျော်ကွင်းလယ်လူဟောင်း အဲရစ်ကန်တိုနာ၏ ပြောကြားချက်)

  • ဆော်ဒီ-ပါကစ္စတန် သမိုင်း၀င် ကာကွယ်ရေးသဘောတူညီချက်က ပင်လယ်ကွေ့ဒေသကို လုံခြုံစေနိုင်မလား

    ဆော်ဒီ-ပါကစ္စတန် သမိုင်း၀င် ကာကွယ်ရေးသဘောတူညီချက်က ပင်လယ်ကွေ့ဒေသကို လုံခြုံစေနိုင်မလား


    စက်တင်ဘာ ၂၂၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ- ပါကစ္စတန် ၀န်ကြီးချုပ်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား)

    ပါကစ္စတန်၀န်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ်နဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က မဟာဗျူဟာမြောက် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    “တစ်နိုင်ငံကို ကျူးကျော် တိုက်ခိုက်လာရင် နှစ်နိုင်ငံစလုံးကို တိုက်ခိုက်သည်ဟု မှတ်ယူမည်” လို့ ကြေငြာထားတဲ့ ဒီစာချုပ်ဟာ ၁၀ စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးပါတဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ စစ်ဖက်ဆိုင်ရာ ကိစ္စတွေမှာ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ ရှိနေတဲ့ တရုတ်နိုင်ငံနဲ့တောင် ဒီလို ကာကွယ်ရေးသဘောတူညီချက်မျိုး မယူထားပါဘူး။

    ဒေသတွင်းပြဿနာ
    ————-
    အစ္စရေးရဲ့ အကြမ်းဖက်မှုတွေကြောင့် ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လုံခြုံရေး စိုးရိမ်နေရချိန်မှာ ဆော်ဒီ-ပါကစ္စတန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေသလို၊ လက်ဘနွန်၊ အီရန်၊ တူနီးရှား၊ ယီမင်၊ ဂျော်ဒန်၊ ကာတာ စတဲ့ နိုင်ငံတွေမှာပါ ခေါင်းစဥ်အမျိုးမျိုးနဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ဆော်ဒီကတော့ ပါကစ္စတန်နဲ့ ဒီသဘောတူညီချက်ဟာ လတ်တလော ဖြစ်နေတဲ့ ပြဿနာတွေနဲ့ မဆိုင်ဘဲ နှစ်အနည်းငယ်ကြာ ဆွေးနွေးညှိနှိုင်းမှုကနေ ရရှိလာတာလို့ ထုတ်ပြန်ပါတယ်။ အစ္စရေးရန်ကြောင် ဘုံကာကွယ်ရေးစီမံချက်တစ်ခု ဖော်ဆောင်သွားမယ်လို့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GCC က ထုတ်ပြန်ထားပေမယ့် အဖွဲ့၀င်နိုင်ငံတွေကတော့ ပါကစ္စတန်၊ အီဂျစ်နဲ့ တူရကီတို့လို နိုင်ငံတွေနဲ့ ပူးပေါင်းကာ လုံခြုံရေးမြှင့်တင်ဖို့ အားသန်နေကြပါတယ်။

    ဆော်ဒီနဲ့ အခုလို ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးလိုက်တဲ့အတွက် ပါကစ္စတန်ဟာ အီရန်၊ အာဖဂန်နစ္စတန်တို့လို ဆော်ဒီရဲ့ ရန်ဖက်တွေရဲ့ မျက်စိစပါးမွှေးစူးစရာ ဖြစ်လာနိုင်ပါတယ်။ အကြီးဆုံးရန်ဖက် အိန္ဒိယက ဒီသဘောတူညီချက်အပေါ် စိုးရိမ်မိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    နျူကာကွယ်ရေး အကြုံး၀င်မလား
    ———–
    အခုသဘောတူညီချက်မှာ နျူလက်နက်ဆိုင်ရာ ကာကွယ်ပေးမှုမျိုး မပါ၀င်ဘူးလို့ ဆော်ဒီနဲ့ ပါကစ္စတန် အရာရှိတွေက အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။ မိမိတို့မှာ နျူရည်မှန်းချက်ရှိပေမယ့် အရပ်ဖက်စွမ်းအင်အတွက်ပဲဖြစ်တယ်လို့ ဆော်ဒီအစိုးရဟာ အရင်က ထုတ်ပြောထားဖူးပါတယ်။

    ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အပြီး ရက်ပိုင်းအကြာ ပါကစ္စတန်ကာကွယ်ရေး၀န်ကြီး ခွာဂျာ အာဆစ်ဖ်ရဲ့ ပြောကြားမှုမှာတော့ လိုအပ်လာရင် နျူလက်နက်နဲ့ ဆော်ဒီကို ကာကွယ်ပေးဖို့အတွက် စာချုပ်က အကျုံး၀င်တယ်လို့ ဆိုပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အစ္စရေးဟာ နျူလက်နက် ပိုင်ဆိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ၁၉၇၀ နဲ့ ၈၀ ပြည့်နှစ်တွေကတည်းက ပြင်သစ်ရဲ့ အကူအညီနဲ့ ရယူထားနိုင်တာဖြစ်ပါတယ်။

    Ref: Aljazeera, Reuters

  • ဟိုလိုကော့စ်ကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ကမ္ဘာကို ကြေငြာခဲ့သည့် ကုလသမဂ္ဂက ဂါဇာမှ အစ္စရေး၏ သတ်ဖြတ်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ကြေငြာ

    စက်တင်ဘာ ၁၇၊ ၂၀၂၅

    M-Media 

    အစ္စရေးက ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်နေမှုတွေဟာ  လူမျိုးတုန်းသတ်ဖြတ်မှု (genocide) မြောက်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်က သတ်မှတ်လိုက်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေး၀န်ကြီးဟောင်း ယိုအဗ် ဂါလန့် နဲ့ သမ္မတ အိုင်ဆက် ဟာဇော့ အပါအဝင် အစ္စရေးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဒီကိစ္စမှာ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ 

    အစ္စရေး အရာရှိတွေရဲ့ ထုတ်ပြန်ချက်တွေ၊ အမိန့်တွေကို လေ့လာသုံးသပ်ခဲ့ပြီး၊ ဂါဇာက ထင်ရှားတဲ့ သက်သေအထောက်အထားတွေကို လေ့လာခဲ့ရာမှာ ပါလက်စတိုင်းပြည်သူတွေကို မျိုးတုန်းပစ်ရေး အစ္စရေးရဲ့ ရည်ရွယ်ချက်က ထင်ရှားတယ်လို့ နာဗီ ပီလေး ဦးဆောင်တဲ့ ကော်မရှင်က ပြောပါတယ်။ 

    တွေ့ရှိချက်တွေအရအဆိုရင် အရပ်သားပြည်သူလူထုကို အလွန်အကျူးထိခိုက်စေနိုင်တဲ့ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာအပါအ၀င် အစ္စရေးဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ

    လုပ်ဆောင်နေတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမြဲတမ်းအပစ်ရပ်ရေး၊ ကုလသမဂ္ဂ တာ၀န်ရှိသူတွေကို ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်ပေးဖို့နဲ့ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်ထားတဲ့ အစ္စရေးရဲ့ မူ၀ါဒတွေကို ရပ်တန့်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

    ဒီအစီရင်ခံစာကို အစ္စရေးက လက်မခံဘဲ၊ အချက်အလက်တွေက အတုအယောင်တွေဖြစ်တယ်လို့ တုန့်ပြန်ပြီး ကော်မရှင်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ 

    ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ခေါင်းစဥ်တပ်ခံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ တောင်အာဖရိကနိုင်ငံက နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICJ) မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အစ္စရေးကို အမှုဖွင့်ခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း အစ္စရေးဟာ ဒီအမှုကို ကျူးလွန်နေတယ်လို့ အထောက်အထားတွေနဲ့ ထုတ်ပြန်ဖူးပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာကစတင်ပြီး ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၆၆၀၀၀ နီးပါးသေဆုံးထားပြီး လက်ရှိအချိန်အထိလည်း အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေဆဲပါ။ 

    Ref: Aljazeera

  • အငတ်ဘေးကြောင့် လူ ၁၀ ဦး ထပ်မံသေဆုံး – ဂါဇာ

    အငတ်ဘေးကြောင့် လူ ၁၀ ဦး ထပ်မံသေဆုံး – ဂါဇာ


    သြဂုတ် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – ဂါဇာမှ မြင်ကွင်းတစ်ခု)

    သြဂုတ်လ ၂၇ ရက်နေ့က ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အငတ်ဘေးနောက်ဆက်တွဲ အဟာရပြတ်လပ်မှုကြောင့် လူ ၁၀ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒီအထဲမှာ ကလေးငယ် ၂ ဦး ပါ၀င်ပါတယ်။

    ၂၀၂၃ ခုနှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အငတ်ဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၁၃ ဦး ရှိလာပြီး၊ ကလေးငယ် ၁၁၉ ဦး ပါ၀င်ပါတယ်။

    အစ္စရေးဟာ ဂါဇာကို နိုင်ငံတကာက အကူအညီတွေ ၀င်ရောက်ခွင့်မရအောင် လုပ်ဆောင်ထားပြီး၊ အကူအညီပေးရေးအဖွဲ့တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် အငတ်ဘေးကျရောက်နေတာလို့ ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထုတ်ပြန်ထားပါတယ်။

    Ref : Aljazeera