News @ M-Media

Blog

  • ဘူတူဘီလာ (သို့) ဒူဘိုင်းက ရမ်ဇာန်နိဗ္ဗာန်ဆော်

    မတ် ၁၆၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – အဘ်ဒူလာ ဖာဟီဒီ)

    အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ဥပုသ်လမှာ ညဦးပိုင်း ၀တ်ပြုဆုတောင်းဖို့၊ အာရုံမတက်ခင် ၀ါထမင်းစားဖို့ လိုက်လံနှိုးဆော်ပေးတဲ့ ဓလေ့ထုံးတမ်းတစ်ခု ရှိပါတယ်။

    ဥပုသ်လရဲ့ ထွဋ်မြတ်မှုအကြောင်း၊ အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ်မှုအကြောင်းတွေ သီကုံးထားတဲ့ ကဗျာလင်္ကာတွေကို ဒေသအလိုက်၊ နိုင်ငံအလိုက် ထင်ရှားတဲ့ တူရိယာပစ္စည်းတွေနဲ့ ပေါင်းစပ်ကာ စည်းချက်ညီညီ ရွတ်ဆိုပြီး တစ်လမ်း၀င်တစ်လမ်းထွက် နိဗ္ဗာန်ဆော်ရတာ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ဒီ နိဗ္ဗာန်ဆော်ကို ‘ဘူတူဘီလာ’ (ဗုံကြီးနဲ့လူ) လို့ ခေါ်တွင်ပါတယ်။

    အမွေဆက်ခံ
    ————–
    အဘ်ဒူလာ ဖာဟီဒီဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့က နိဗ္ဗာန်ဆော်တစ်ဦးပါ။ ရမ်ဇာန်ဥပုသ်လရဲ့ အရသာကို ပြည်သူတွေ အပြည့်အ၀ ခံစားနိုင်ဖို့အတွက် ‘ဘူတူဘီလာ’ ဓလေ့ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေက အဘိုးဖြစ်သူစတင်ခဲ့တဲ့ မိသားစုအမွေကို သူက ဆက်ခံထားတာပါ။

    လက်ရှိ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဘ်ဒူလာဟာ ၂၀၀၅ ခုနှစ်ကစပြီး ရမ်ဇာန်နိဗ္ဗာန်ဆော်အလုပ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    “ဟိုးအရင်တုန်းက ဒီနိဗ္ဗာန်ဆော်အလုပ်ဟာ ရမ်ဇာန်မှာ အသက်မွေး၀မ်းကြောင်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဓလေ့ထုံးတမ်းတစ်ခုကို ထိန်းသိမ်းတဲ့ ပုံစံမျိုး ဖြစ်သွားပါပြီ”

    သတိရကြ
    ———-
    ဘူတူဘီလာ သီဆိုတဲ့ ကဗျာလင်္ကာတွေဟာ အလ္လာဟ်အရှင်မြတ်ကို သတိရဖို့၊ အချိန်မီ ၀ါထမင်းထစားဖို့ တိုက်တွန်းတာမျိုး ဖြစ်ပါတယ်။

    “အိပ်နေသော အို-လူသား၊ နိုးထပါလော့။ အရှင်မြတ်ကို ချီးမွမ်းလော့၊ အရှင်မြတ်ကို သတိရ တသလော့။ ဘူတူဘီလာလာပြီ၊ ညတိုင်း ပြည်သူတွေကို နှိုးဆော်ပေးနေပါပြီ”

    အဘ်ဒူလာရဲ့ နိဗ္ဗာန်ဆော်မှုမှာ လူငယ်တွေ၊ ကလေးတွေ အမြောက်အများ ပူးပေါင်းပါ၀င်တာမျိုးလည်း ရှိပါတယ်။

    ပျောက်ကွယ်မည်မဟုတ်
    ————————
    လူငယ်လူရွယ်တွေက နှစ်သက် စိတ်၀င်စားမှုတွေ ရှိနေပြီး အစိုးရကလည်း ယဥ်ကျေးမှု ထိန်းသိမ်းတာမျိုးတွေကို ပံ့ပိုးကူညီပေးနေတဲ့အတွက် ဘူတူဘီလာ ဓလေ့ထုံးတမ်းဟာ လတ်တလောမှာ ပျောက်ကွယ်မသွားနိုင်သေးဘူးလို့ အဘ်ဒူလာက ယုံကြည်နေပါတယ်။

    “ကျွန်တော့်နောက်ကိုလိုက်ပြီး သင်ယူချင်တဲ့သူတွေ၊ ကူညီပေးချင်သူတွေ အမြဲတမ်းရှိနေပါတယ်။ ၂၅ နှစ်အရွယ်၊ ၂၁ နှစ်အရွယ် လူငယ်တွေနဲ့ တစ်ချို့ဆို ၁၃ နှစ်လောက်ပဲ ရှိပါတယ်”

    Ref: Khaleej Times

  • ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    မလေးရှားတွင် ဟာလာလ်လိုဂို အလွဲသုံးစားပြုမှု ဖြစ်ပွား
    ———————–
    မလေးရှား စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Shake and Bake Cafe ဟာ သူတို့ထုတ်တဲ့ အသားညှပ်ပေါင်မုန့်တွေမှာ အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဟာလာလ်လိုဂိုတွေ အသုံးပြုခဲ့တာကြောင့် တရားစွဲဆိုခြင်း ခံထားရပါတယ်။

    မလေးရှားရဲ့ အကြီးဆုံးတက္ကသိုလ် Universiti Malaya က KK ကုန်စုံဆိုင်တွေမှာ ရောင်းချတဲ့ အသားညှပ်ပေါင်မုန်တွေကနေတစ်ဆင့် ဒီကိစ္စကို သိရှိသွားတာဖြစ်ပါတယ်။ တူနာ၊ အာလူး၊ ကြက်သားတို့အပါအ၀င် အသားညှပ်ပေါင်မုန့် အမျိုးပေါင်း ၃၆၀ ကျော်လောက်ကို ဒီကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ ဟာလာလ်မဟုတ်တဲ့ ပစ္စည်းတွေ ဘာမှ အသုံးမပြုထားတာကြောင့် အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လှဲခဲ့ပါတယ်။

    Ref: CNA

    တရုတ်သမ္မတ ရှီကျင့်ဖျင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
    ———————
    နိုင်ငံစီးပွားရေး ကျဆင်းနေပြီး အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ပိုဆိုးလာနိုင်ချေ ရှိနေတဲ့အချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်၀ါရီ ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အဆင်သိပ်မပြေတဲ့ Alibaba ပိုင်ရှင်ဂျက်မာ၊ Huawei ပိုင်ရှင် ရန်ကျန်ဖေး၊ Xiaomi သူဌေး လီဂျွန်၊ BYD ပိုင်ရှင် ၀မ်ချွမ်ဖူးတို့ အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင် တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လုပ်ငန်းတွေ ချဲ့ထွင်ကြဖို့ ရှီက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: CNA

    အိန္ဒိယရထားဘူတာတွင် လူအုပ်တိုး၀ှေ့၍ သေဆုံးမှုဖြစ်
    ————————–
    နိုင်ငံမြောက်ပိုင်းမှာ ၁၂ နှစ်တစ်ကြိမ် ပြုလုပ်တဲ့ Kumbh Mela ဘုရားပွဲကို သွားဖို့အတွက် နယူးဒေလီမြို့က ဘူတာရုံမှာ ရထားပေါ်တက်ဖို့ တိုး၀ှေ့ရာကနေ လူအုပ်ပြိုမှုတစ်ခု ဖေဖော်၀ါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘုရားပွဲကို နိုင်ငံတစ်၀ှမ်းက လူပေါင်းသန်းချီ သွားရောက်မှာပါ။ ပြီးခဲ့တဲ့လကလည်း ယမုံနာနဲ့ ဂင်္ဂါမြစ်မှာပြုလုပ်ပြီး လူသန်းချီ ပါ၀င်တဲ့ ဘုရားပွဲတော်အတွင်း လူအုပ်တိုး၀ှေ့မှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: CNA

  • ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဖေဖော်၀ါရီ ၁၆၊ ၂၀၂၅)

    ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဖေဖော်၀ါရီ ၁၆၊ ၂၀၂၅)

    M-Media

    ဂါဇာ၏ အနာဂတ်အရေး အာရပ်နိုင်ငံများ ဆွေးနွေးမည်

    ဂါဇာကမ်းမြှောင်ရဲ့ အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး အာရပ်နိုင်ငံတွေဟာ ဖေဖော်၀ါရီလ ၂၀ ရက်နေ့ကျရင် ဆော်ဒီအာရေဗျနိုင်ငံမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို ဂျော်ဒန်နဲ့ အီဂျစ်တို့ဆီ နှင်ထုတ်ကာ ကမ်းမြှောင်ကို အပိုင်စီးချင်နေတာ ဖြစ်ပါတယ်။ ဂျော်ဒန်နဲ့ အီဂျစ်ခေါင်းဆောင်တွေက ဒီအစီအစဥ်ကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဆော်ဒီကအစည်းအ၀ေးမှာ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနဲ့ ယူအေအီးနိုင်ငံတိုဟာ ဂါဇာ ပြန်လည်ထူထောင်ရေးကိစ္စနဲ့ အုပ်ချုပ်ရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပြီး ဖေဖော်၀ါရီနှောင်းပိုင်းမှာပြုလုပ်မယ့် အာရပ်လိဂ် ထိပ်သီးအစည်းအ၀ေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။

    ရာဖာမြို့မှ အကူအညီပေးရေး ရဲတပ်ဖွဲ့ကို အစ္စရေးက တိုက်ခိုက်

    ဂါဇာကမ်းမြှောင်တောင်ပိုင်း ရာဖာမြို့မှာ အကူအညီပေးရေး ထရပ်ကားတွေ ၀င်ရောက်မှုကို ကြီးကြပ်တဲ့ ရဲတပ်ဖွဲ့ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့၀င် ၃ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ အပစ်ရပ်ရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့ ဓားစားခံ အပြန်အလှန်လွှတ်ပေးနေတဲ့ အပစ်ရပ်ရေးဟာ ဒုတိယအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

    ဂျီနင်မြို့က အစ္စရေးရဲ့ လူသတ်ပွဲ

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက ဂျီနင်မြို့မှာ အစ္စရေးက စီးနင်းသတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာ သီတင်း ၃ ပတ်ခန့် ရှိလာခဲ့ပြီဖြစ်ပါတယ်။ အနည်ဆုံး ပါလက်စတိုင်းပြည်သူ ၂၅ ဦး အသတ်ခံခဲ့ရပြီး ၂ သောင်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နေအိမ်နဲ့ အဆောက်အဦးပေါင်း ၄၇၀ ကျော်ကို အစ္စရေးက ဖျက်ဆီးထားပြီး ရေ၊ လျှပ်စစ်မီးနဲ့ စားနပ်ရိက္ခာတွေ မရအောင် လုပ်ဆောင်ထားတာကြောင့် မြို့နေပြည်သူတွေဟာ အတိဒုက္ခနဲ့ ကြုံတွေ့နေရတယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref : Aljazeera

    (ဓာတ်ပုံ – အစ္စရေးက ဖျက်ဆီးထားသည့် ဂါဇာမြင်ကွင်း)

  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (ဖေဖော်၀ါရီ ၁၁)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (ဖေဖော်၀ါရီ ၁၁)

    M-Media

    (ဓာတ်ပုံ – အီဂျစ်သမ္မတ အလ်-စီစီ)

    ဂါဇာပြည်သူများ ပြောင်းရွှေ့စရာမလိုဟု အီဂျစ်သမ္မတပြော
    ——————————-
    ဂါဇာကမ်းမြှောင် ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်ရာမှာ ဌာနေ ပါလက်စတိုင်းတွေ မည်သည့်အကြောင်းရင်းနဲ့မှ ပြောင်းရွှေ့စရာမလိုဘူးလို့ အီဂျစ်သမ္မတ ဖာတာ အလ်-စီစီက ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂါဇာကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေပြီး ဂါဇာက ပါလက်စတိုင်းတွေကို လက်ခံဖို့ အီဂျစ်နဲ့ ဂျော်ဒန်တို့ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။ အလ်-စီစီက ပါလက်စတိုင်းတွေ ဂါဇာမှာ နေထိုင်ရေးဟာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အနောက်ဖက်ကမ်းတွင် နေအိမ်များကို အစ္စရေးက ဖျက်ဆီးနေ
    ——————————-
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို အစ္စရေးက ဖျက်ဆီးဖြိုချမှုတွေ တိုးမြှင့်လုပ်ဆောင်လာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Al-Haq က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ တူလ်ကရင်မ်၊ ဂျီနင်နဲ့ ဖာရာမြို့တွေမှာ စီးနင်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာ တစ်လနီးပါး ရှိလာပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၃ ဦး အသတ်ခံရကာ၊ ၄ သောင်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    အပစ်ရပ်ရေးသဘောတူညီချက်ကို ဖောက်ဖျက်သတ်ဖြတ်မှု အစ္စရေးပြုလုပ်
    ——————————
    ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း အစ္စရေးက အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၄ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်နဲ့ ရယူထားတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်မှုလည်းဖြစ်ပါတယ်။ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒဏ်ရာရသူတွေ၊ အသက်အန္တရာယ်စိုးရိမ်ရသူတွေကို ရာဖာနယ်ခြားက ဖြတ်ကာ အီဂျစ်ကို သွားရောက် ဆေးကုသခွင့်ကိုလည်း အစ္စရေးက တားမြစ်ပိတ်ပင်တာတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းများကို ရှင်းလင်းပြီး ဂါဇာကို အပိုင်သိမ်းမည့်အစီအစဥ်ကို ထရမ့်ထုတ်ပြော

    ပါလက်စတိုင်းများကို ရှင်းလင်းပြီး ဂါဇာကို အပိုင်သိမ်းမည့်အစီအစဥ်ကို ထရမ့်ထုတ်ပြော

    ဖေဖော်၀ါရီ ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ထရမ့်နှင့် နေတန်ယာဟု)

    -ဂါဇာကမ်းမြှောင်မှာရှိတဲ့ ပါလက်စတိုင်းတွေကို ပတ်၀န်းကျင် အာရပ်နိုင်ငံတွေဆီပို့ဆောင်ကာ ဂါဇာကို အမေရိကန်က သိမ်းယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    ဂါဇာဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အစ္စရေးရဲ့ အကြိမ်ကြိမ် အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်းမှာတင် ဂါဇာပြည်သူ ၆၂၀၀၀ ကျော် အသတ်ခံခဲ့ရပြီး၊ ကမ်းမြှောင်တစ်ခုလုံးကိုလည်း အစ္စရေးက ဖျက်ဆီးခဲ့ပါတယ်။

    ထရမ့်က ပတ်၀န်းကျင် အာရပ်နိုင်ငံတွေဟာ ဂါဇာပြည်သူတွေကို ခေါ်ယူလက်ခံထားရမှာဖြစ်ပြီး ဂါဇာကမ်းမြှောင်ကို အမေရိကန်က သိမ်းပိုက်ကာ အိမ်ယာတွေဆောက်လုပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီပြောကြားမှုကို အာရပ်နိုင်ငံတွေက လက်မခံကြောင်း ချက်ခြင်းပဲ တု့န်ပြန် ကန့်ကွက်ထားပါတယ်။

    Ref: Reuters