News @ M-Media

Blog

  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၂)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၂)

    M-Media

    (ဓာတ်ပုံ-သေဆုံး ရင်ခွင်ပိုက်ကလေးများ၏ စျာပန)

    နှစ်သစ်ကူးနေ့တွင် လူ ၃၀ နီးပါး အသတ်ခံရ
    —-
    ဇန်န၀ါရီ ၁ ရက်နေ့ ဂါဇာကမ်းမြှောင်တစ်၀ှမ်း စစ်ရှောင်စခန်းတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ၂၀၂၃ အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၆၀၀၀ နီးပါး ရှိလာခဲ့ပြီး ပျောက်ဆုံးနေသူအရေအတွက်ဟာ ၁၁၀၀၀ ကျော် ရှိနေပါတယ်။

    အေးခဲမှုကြောင့် ရင်ခွင်ပိုက် ကလေးငယ်သေဆုံးမှု ၇ ဦး ရှိပြီ
    ———
    ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဂါဇာကမ်းမြှောင်မှာ ရာသီဥတု အေးခဲမှုကြောင့် သေဆုံးတဲ့ ရင်ခွင်ပိုက် ကလေးငယ် အရေအတွက်ဟာ ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ အကူအညီတွေကို ဟန့်တားမှု၊ ဆေးရုံ ဆေးခန်းတွေကို အကြမ်းဖက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခါးစည်း ခံနေကြရတာ ဖြစ်ပါတယ်။

    အလ်အက်ဆာဗလီ ကျူးကျော်ခံရမှု မြင့်တက်လာ
    ———
    ပါလက်စတိုင်းနိုင်ငံ ဂျေရုစလင်မြို့က အလ်အက်ဆာဗလီ၀င်းအတွင်း ဂျူးအစွန်းရောက်တွေ ၀င်ရောက် ကျူးကျော်မှု အရေအတွက်ဟာ ဒီဇင်ဘာလအတွင်း သိသိသာသာ မြင့်တက်လာပါတယ်။ ဗလီ၀င်းအတွင်း ဂျူးတွေ၀င်ရောက်ကာ ပူဇော်ပသမှုတွေ မလုပ်ဆောင်ဖို့ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ အရင်ကတည်းက သဘောတူညီထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အစ္စရေးအစိုးရအဖွဲ့၀င်တွေ၊ ဂျူးအစွန်းရောက်တွေ ပုံမှန်လိုလို ၀င်ရောက်ကျူးကျော်နေကြတာ ဖြစ်ပါတယ်။


  • နေနှင့် အနီးဆုံးနေရာသို့ လူသားများ သွားရောက်နိုင်ခဲ့ပြီ

    နေနှင့် အနီးဆုံးနေရာသို့ လူသားများ သွားရောက်နိုင်ခဲ့ပြီ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၄
    M-Media

    -အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ နေစူးစမ်းလေ့လာရေး အာကာသယာဥ် Parker Solar Probe ဟာ သောကြာနေ့က နေကနေ မိုင်ပေါင်း ၃ ဒဿမ ၈ သန်း၀ေးတဲ့နေရာအထိ ချဥ်းကပ်နိုင်ခဲ့ပါတယ်။

    ဒါဟာ သမိုင်းတစ်လျှောက် လူသားတွေ နေနဲ့အနီးဆုံးကို ချဥ်းကပ်ကာ စူးစမ်းလေ့လာမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာကာသယာဥ်ရဲ့ အခြေအနေ ကောင်းမွန်ပြီး ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။

    နေရောင်ခြည်လေလှိုင်းတွေနဲ့ နေမျက်နှာပြင် အခြေအနေတို့ကို လူသားတွေ ပိုမို လေ့လာသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ Parker Solar Probe အာကာသယာဥ်ကို ၂၀၁၈ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး နေကို ၂၁ ကြိမ် လှည့်ပတ်ပြီးပါပြီ။

    ကမ္ဘာနဲ့နေဟာ မိုင်ပေါင်း ၉၃ သန်း ၀ေးကွာပြီး Parker Solar Probe အာကာသယာဥ်က ကမ္ဘာကနေ မိုင်ပေါင်း ၈၉ သန်း အကွာအ၀ေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

    Ref: BBC

  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၂၈၊ ၂၀၂၄)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၂၈၊ ၂၀၂၄)

    M-Media

    (ဓာတ်ပုံ – Kamal Adwan ဆေးရုံမှ ထွက်ပြေးရသူများ)

    Kamal Adwan ဆေးရုံကို အစ္စရေးက မီးရှို့
    ————–
    ဂါဇာမြောက်ပိုင်းက Kamal Adwan ဆေးရုံကို လနဲ့ချီ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် သောကြာနေ့မှာ အစ္စရေးစစ်သားတွေ ၀င်ရောက်စီးနင်းခဲ့ပါတယ်။ ဆေး၀န်ထမ်းတွေနဲ့ လူနာတွေအားလုံးကို မောင်းထုတ်ခဲ့ပြီး၊ ဆေးရုံဒါရိုက်တာအပါအ၀င် လူအများအပြားကို ဖမ်းဆီးသွားခဲ့ကာ ဆေးရုံကိုလည်း မီးရှို့ခဲ့ပါတယ်။ ဆေးရုံကို အစ္စရေးရဲ့ တရစပ်တိုက်ခိုက်မှုအတွင်း ၀န်ထမ်းတွေ၊ လူနာတွေနဲ့ ဆေးရုံ၀န်းထဲက စစ်ရှောင်အများအပြား သေဆုံးခဲ့ပါတယ်။

    ရာမာလာမှ ပါလက်စတိုင်းလယ်သမားများ တိုက်ခိုက်ခံရ
    ——–
    ပါလက်စတိုင်းပိုင်နက်နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ ပါလက်စတိုင်း လယ်သမားတွေကို တရားမ၀င် ဂျူးအခြေချ နေထိုင်သူတွေက ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ၃ ဦး ဒဏ်ရာရကာ တစ်ဦး ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ ဂျူးအခြေချနေထိုင်သူတွေဟာ ဌာနေပါလက်စတိုင်းတွေကို မကြာခန အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်လေ့ ရှိပါတယ်။

    ဂါဇာအလယ်ပိုင်းမှ တိုက်ခိုက်မှု
    ———
    ဂါဇာကမ်းမြှောင်အလယ်ပိုင်းက မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက ဒီကနေ့ ထပ်မံတိုက်ခိုက်ခဲ့ရာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအ၀င် ၉ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၆၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ဒီဇင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တောင်ကိုရီးယားတွင် ယာယီသမ္မတ ဖြုတ်ချခံရ
    —————
    ယာသီသမ္မတ ဟန်ဒက်ဆူးကို တောင်ကိုရီးယား လွှတ်တော်က အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲပြီး ဒီကနေ့မှာ ဖြုတ်ချလိုက်ပါတယ်။ အခြေခံဥပဒေခုံရုံးက လစ်လပ်နေတဲ့ တရားသူကြီး ၃ ဦးနေရာကို ခန့်အပ်ဖို့ ယာယီသမ္မတက နှောင့်နှေးနေတာကြောင့် ဒီလို ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဘဏ္ဏာရေး၀န်ကြီး ချွိုင်ဆန်မော့က်က ယာယီသမ္မတ ဖြစ်လာမှာပါ။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလည်း မာရှယ်လော ကြေငြာမှုအတွက် ပြီးခဲ့တဲ့ ၂ ပတ်မှာ လွှတ်တော်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရပါတယ်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြည့်မှုကို တရုတ်က တိုးမြှင့်လုပ်ဆောင်
    ———–
    ဒီဇင်ဘာလ၀က်ကနေစပြီး အဆုပ်ရောင်ရောဂါတစ်မျိုး ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခဲ့တဲ့နောက် အနီးကပ် စောင့်ကြည့်လေ့လာရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ကူးစက်မှု ဘယ်လောက်ရှိနေပြီဆိုတာ မပြောသေးဘဲ ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ ပိုမိုမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

    ရုရှားလက်ချက်ကြောင့် အဇာဘိုင်ဂျန်လေယာဥ်ပျက်ကျ
    ———————-
    ကာဇက်စတန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဥ်ဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ချမှုကို ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ အဇာဘိုင်ဂျန်နဲ့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒီပျက်ကျမှုမှာ ခရီးသည် ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ယူကရိန်းဒရုန်းတွေ လှုပ်ရှားနေတဲ့ နေရာအနီးကနေ ပျံသန်းတာကြောင့် မှားယွင်းပစ်ခတ်ခံရတာ ဖြစ်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ရုရှားကတော့ စုံစမ်းစစ်ဆေးမှုမပြီးခင် မစွပ်စွဲဖို့ သတိပေးထားပါတယ်။

    Ref: CNA

  • အစ္စရေး၏ သတ်ဖြတ်မှုများကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန် ရှုတ်ချ

    အစ္စရေး၏ သတ်ဖြတ်မှုများကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဒီဇင်ဘာ ၂၂၊ ၂၀၂၄
    M-Media

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက ပါလက်စတိုင်းပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

    “မနေ့က ကလေးတွေ ဗုံးကြဲသတ်ဖြတ်ခံရတယ်။ ဒါဟာ စစ်ပွဲမဟုတ်ပါဘူး။ ရက်စက်ယုတ်မာမှုပါ။ စိတ်နှလုံး ထိခိုက်နာကျင်လွန်းလို့ ဒီလို ထုတ်ပြောရတာပါ” လို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ဗာတီကန်အုပ်ချုပ်ရေးအဖွဲ့ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

    ဂျေရုစလင်ရဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော် ခေါင်းဆောင် ရဟန်းမင်း ပီဇာဘဲလာကို အစ္စရေးက ၀င်ရောက်ခွင့်မပေးတာကိုလည်း ဖရန်စစ်က ၀ေဖန်ခဲ့ပါတယ်။

    ကမ္ဘာ့ ခရစ်ယာန်ကက်သလစ်အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပုံမှန်အားဖြင့် ကမ္ဘာပဋိပက္ခတွေမှာ တစ်ဖက်တည်းက ရပ်တည်လေ့မရှိပါဘူး။ ဒါပေမယ့် ပါလက်စတိုင်းက အစ္စရေးရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ၀ေဖန်ရှုတ်ချခဲ့ပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက တားဆီးဖို့ ပျက်ကွက်မှုကိုလည်း ထောက်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၄၅၀၀၀ ကျော်လာပြီး၊ အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

    Ref: Reuters