News @ M-Media

Blog

  • မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား ၁ ဦးသေဆုံး ၊ ၁၄ ဦး ဒဏ်ရာရ

    မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား ၁ ဦးသေဆုံး ၊ ၁၄ ဦး ဒဏ်ရာရ

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    BOMB_Bukit_Bintang8_091014_TMIAFIF_012
    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ်ဘင်တန်းတွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    Sun Complex အဆောက်အဦးအရှေ့၌ ယနေ့နံနက် ၄ နာရီ ၂၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ကွာလာလမ်ပူ ဆေးရုံကြီးနှင့် Tung Shin ဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိနေသည်။

    အုပ်စုတစ်စုမှာ တိုယိုတာ Vellfire သို့တက်နေစဉ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမှာ အဆိုပါ အဆောက်အဦး၏ ဒုတိယထပ်မှ ပြုတ်ကျလာခြင်းဖြစ်ပြီး ပေါက်ကွဲ မှုကြောင့် တိုယိုတာ Camry၊ Mazda နှင့် BMW ကားသုံးစီး ပျက်ဆီးခဲ့ရသည်ဟု မြို့နယ် CID ဒုတိယ အကြီးအကဲ ခိုင်ရီက ပြောကြားခဲ့သည်။

    “သေဆုံးဒဏ်ရာရသူတွေဟာ pub တစ်ခုက ဖောက်သည်တွေနဲ့၊ အဲဒီအနားက ဟိုတယ်တွေမှာ တည်းနေတဲ့သူတွေဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

    ထို့ပြင် ထိုကဲ့သို့ တိုက်ခိုက်မှုမှာ လူမိုက်ဂိုဏ်းများ အကြား တိုက်ခိုက်မှုဖြစ်မည်ဟု ယူဆရပြီး ရဲတပ်ဖွဲ့အနေဖြင့် ထောင့်ပေါင်းစုံမှ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ref_ The Star

  • မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဘယ်ပျောက်နေလဲ

    မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဘယ်ပျောက်နေလဲ

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media

    Kim-jong-un_2100220a

    – မြောက်ကိုရီးယားမှာ ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန် မတက်ရောက်တာက  ကမ္ဘာတစ်ခုလုံးကို တွေးတောစရာတွေဖြစ်စေပါတယ်။

    ခေါင်းဆောင်ကြီး ကင်ဂျုံအန် ဘယ်မှာလဲ? ကမ္ဘာပေါ်က အထီးကျန်ဆုံးနိုင်ငံမှာ ခေါင်းဆောင်အဖြစ် ရှိနေတုန်းပဲလား?

    ၂၀၁၁ ခုနှစ် ကင်ဂျုံအီကွယ်လွန်ပြီးနောက်ပိုင်း အာဏာရလာခဲ့တဲ့ သားဖြစ်သူ ကင်ဂျုံအန်ဟာ အပြောင်းအလဲကို မလိုချင်တဲ့ မြောက်ကိုရီးယား အကြီးအကဲတစ်ချို့ရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရတယ်လို့ အချို့သော လေ့လာဆန်းစစ်သူတွေက  ထင်ကြေးပေးကြပါတယ်။

    အာဏာရပြီး ပထမပိုင်းမှာ ကင်ဂျုံအန်ဟာ ကိုယ်အလေးချိန်တွေတက်လာတယ်။ နောက်ပိုင်းမှာ ထော့နဲ့ထော့နဲ့ ဖြစ်လာပြီး၊ အခုတော့ အသက် ၃၁ နှစ်အရွယ် ကင်ဟာ စက်တင်ဘာ ၄ ရက်နေ့ကစပြီး လူမြင်ကွင်းကနေ ပျောက်ကွယ် သွားခဲ့ပါတယ်။ဒီကာလ အတွင်းမှာ နိုင်ငံရဲ့ အရေးပါတဲ့အစည်းအဝေးတစ်ခုကို လွတ်ခဲ့ပြီး၊ ဖခင် ကင်ဂျုံအီလ် အလုပ်သမားပါတီရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရမှု ၁၇ နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၈ ရက်နေ့က  ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကိုလည်း တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

    ဒီလိုအစည်းဝေးမျိုးတွေမှာ ဒါမျိုးဟာ သိပ်မဖြစ်ဖူးပါဘူး။ ကင်ဟာ ကျန်းမာရေး မကောင်းတာ ဖြစ်နိုင်တယ်လို့ လေ့လာ ဆန်းစစ်သူတွေက ဆိုကြပြီး၊ မြောက်ကိုရီးယား မီဒီယာကလည်း ကင်ဟာ နေထိုင်လို့ မကောင်းဘူးဆိုတာကို တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် နေမကောင်းဖြစ်တယ်ဆိုတာကတော့ အသေးစိတ် မပြောခဲ့ပါဘူး။

    ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယားရဲ့ နံပါတ် ၂ နဲ့ နံပါတ် ၃ ခေါင်းဆောင်တွေ တောင်ကိုရီးယားနိုင်ငံကို အံ့သြဖွယ် လာရောက် ခဲ့တာက မြောက်ကိုရီးယား အစိုးရ ဘာတွေကြိတ်ကြံနေလဲဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

    ဒီခေါင်းဆောင်နှစ်ဦးနဲ့ အခြားမြောက်ကိုရီးယား ထိပ်တန်း အရာရှိ တစ်ဦးတို့ဟာ အင်ချွန်းမှာကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲကို တက်ရောက် ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တောင်ကိုရီးယား တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် အစည်းဝေး ပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

    ဒီလိုဆွေးနွေးမှုမျိုးတွေကို ယခင်က ပြုလုပ်ဖို့ ကြိုးစားခဲ့တာမျိုး ရှိခဲ့ပေမယ့်၊ အခုအသစ်လုပ်မယ့် ဆွေးနွေးမှုကတော့ ကာလရှည်ကြာစွာကွဲနေတဲ့ ကိုရီးယားကျွန်းဆွယ်က ဒီနှစ်နိုင်ငံအကြား အလားအလာရှိတဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် အရေးပါနိုင်ပါတယ်။

    ပြီးတော့ ဒါက ကင်ဂျုံအန် ဘယ်ရောက်နေလဲဆိုတဲ့ မေးခွန်းတွေကိုလည်း မြင့်တက်လာစေခဲ့ပါတယ်။

    မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တွေဟာ တောင်ကိုရီးယားကို ဘာ့ကြောင့် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲ နောက်ဆုံးအချိန်မှ ရောက်လာတာလဲ?

    မကြုံစဖူးထူးခြားမှု

    “မြောက်ကိုရီးယား အပြင်ဘက်ကလူတွေက ဒါကိုသိမယ်လို့ ကျွန်တော်မထင်ပါဘူး။ မြောက်ကိုရီးယားရဲ့ နံပါတ် ၁ ခေါင်းဆောင်နဲ့ သူရဲ့ ဇနီး လူမြင်ကွင်း ကနေပျောက်သွားပြီး နံပါတ် ၂ နဲ့ နံပါတ် ၃ ခေါင်းဆောင်တွေ တောင်ကိုရီးယားကို တစ်ချိန်တည်း ရောက်လာတာဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ ဒါဟာ မကြုံစဖူးကိစ္စပါပဲ” လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာက လေ့လာဆန်းစစ်သူ မိုက်ကယ်ဂရင်းက ဆိုပါတယ်။

    ဒီအကြောင်းအရာတွေကြောင့် မြောက်ကိုရီးယားမှာ အဏာသိမ်းမှု ဖြစ်ခဲ့ပြီလားဆိုတာကိုလည်း တွေးစရာဖြစ်လာပါတယ်။

    မြောက်ကိုရီးယားအရေး လေ့လာ ဆန်းစစ်သူတစ်ဦးဖြစ်တဲ့ ဂေါ်ဒန် ဂျီ ချန်က Daily Beast မှာ “မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဖြုတ်ချခံလိုက်ရပြီလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီတစ်ပါတ်ထဲမှာ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။

    “တကယ်တော့ ကမ္ဘာ့နားလည်ရ အခက်ဆုံး အာဏာရှင်နိုင်ငံမှာ ဘယ်လိုကိစ္စမျိုးမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားရဲ့ မိန့်ခွန်းပြောစင်မြင့်ပေါ်မှာ ဘယ်သူ့ကို မြင်ရမလဲဆိုတာ တွေ့တဲ့အခါ ကျွန်တော်တို့ ဒီထက်ပိုပြီး သိနိုင်ပါလိမ့်မယ်” လို့ ချန်က အဲဒီဆောင်းပါးထဲမှာ သူ့အမြင့်ကို ဖော်ပြခဲ့ပါတယ်။

    “အဲဒီအချိန်မတိုင်မချင်းတော့ ကင်ဂျုံအန်ဟာ သူရဲ့အာဏာကိုစွန့်လွှတ်လိုက်ရတယ်ဆိုတဲ့ လက္ခဏာမျိုး ရှိတယ်ဆိုတာနဲ့၊ ဒါမှမဟုတ် အမည်ခံခေါင်းဆောင် တစ်ယောက် မကြာခင် ဖြစ်မယ်ဆိုတာလောက်ကိုပဲ ကျွန်တော်တို့ ပြောနိုင်ပါတယ်”

    တိုင်းပြည်အတွင်းကထွက်တာ၊ တိုင်းပြည်ထဲကိုဝင်တာ အားလုံးကို မြောက်ကိုရီးယား အစိုးရက ပိတ်ပင်လိုက်ပြီဆိုတဲ့အကြောင်းကိုလည်း Daily Beast ဟာ သတင်းရင်းမြစ်အချို့ကို ကိုးကားပြီး ပြီးခဲ့သည့် သီတင်းပတ်မှာ ဖော်ပြခဲ့ပါသေးတယ်။

    ကင်ဂျုံအန်နဲ့ ပတ်သက်တဲ့မေးခွန်းကို မြောက်ကိုရီးယား သံတမန်များ ရှောင်ရှားခဲ့

    အောက်တိုဘာ ၈ ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်  Ri Tong Il က ဒီလိုသတင်းထွက်ပေါ်မှုဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်တာ၊ ခေါင်းဆောင် အပြောင်းအလဲကို စောင့်ဆိုင်းနေရတာမျိုးတွေလို ကိစ္စတွေရှိနေလို့လားဆိုတဲ့ CNN သတင်းဌာနရဲ့ အမေးကို ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။

    သူဟာ မြောက်ကိုရီးယားရဲ့ ခရီးသွားလာမှုသတင်းကိုသာ ဖြေရှင်းခဲ့ပြီး နိုင်ငံသားအားလုံးဟာ လွတ်လပ်စွာ ခရီးသွားခွင့်ရကြတယ်လို့ ဖြေခဲ့ပါတယ်။

    ကင်ဂျုံအန်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာလည်း သံအမတ်ဟာ စကားလမ်းကြောင်း လွှဲခဲ့ပြီး ပွဲတစ်ခုတက်ရမယ့်အတွက် သွားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ဂျုံအီလက်ထက်မှာ ကျော်ကြားတဲ့ ၀ါဒဖြန့်ချီရေးသမားဖြစ်ပြီး နောက်ပိုင်းမှာ မြောက်ကိုရီးယားကို စွန့်ခွာခဲ့တဲ့ ဂျန် ဂျင်ဆွန်ကတော့ ကင်ဂျုံအန်ဟာ အာဏာကိုင်ထားတဲ့ လူအနည်းစု လောင်းရိပ်အောက်က ရုပ်သေးရုပ်လေးဖြစ်နေပြီလို့ ဖွင့်ဟခဲ့ပါတယ်။

    မြောက်ကိုရီးယားရဲ့ အမှတ်သညာ

    မြောက်ကိုရီးယားအစိုးရမှာ Organization and Guidance (OGD) ဌာနတစ်ခုရှိပြီး အဲဒီဌာနက အပြောင်းအလဲမလိုချင်သူ လူဟောင်းတွေကသာ အာဏာကိုင်ထားသူတွေ ဖြစ်တယ်လို့ ဂျန်က ပြီးခဲ့တဲ့ တစ်ပါတ် တောင်ကိုရီးယားကနေတစ်ဆင့် ဖုန်းနဲ့ ပြောခဲ့ပါတယ်။ သူတို့တွေဟာ ကင်ဂျုံအီနဲ့ အနီးကပ်ဆက်ဆံရေးတွေ ရှိခဲ့ပေမယ့် ကင်ဂျုံအန် လက်ထက်မှာတော့ အစေးမကပ်တော့ဘူးလို့လည်း ဂျန်က ဆိုပါတယ်။

    “ကင်ဂျုံအန်ဟာ တိုင်းပြည်ရဲ့ အမှတ်သညာပါ။ အမည်ခံအရတော့ သူဟာ တိုင်းပြည်ရဲ့ ခေါင်ချုပ်ကြီးပါ။ ဒါပေမယ့် အဖေဖြစ်သူလက်ထက်ကရှိတဲ့ သစ္စာရှိမှု၊ ယုံကြည်မှု၊ အဆက်အသွယ်တွေ၊ အတွေ့အကြုံတွေ အားလုံးကိုတော့ အမွေမဆက်ခံနိုင်ခဲ့ပါဘူး။ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံသူဖြစ်လာပေမယ့် အစိုးရစနစ်မှာတော့ သူဟာ အဖေ့နေရာမျိုး မရပါဘူး”

    ဒါဟာ ကင်ဂျုံအန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂျန်ရဲ့ ပြောကြားမှုဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တောင်ကိုရီးယားကို ပြေးလာခဲ့တဲ့ ဂျန်က သူဟာ ပြီးခဲ့တဲ့ ရက်နည်းငယ်အတွင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းမှာရှိသူ တစ်ချို့နဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကတစ်ဆင့် သူသိရတာက OGD ဟာ လူတစ်ချို့ကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတာပါပဲ။ အကြောင်းအရင်းကတော့ သူတို့ဟာ အုပ်ချုပ်သူအပေါ် သစ္စာမရှိတော့လို့ဖြစ်တယ်လို့ ဂျန်က ပြောခဲ့ပါတယ်။

    ဂျန်ရဲ့ ဒီပြောဆိုမှုဟာ ခိုင်မာလား၊ ယုံကြည်ရလားဆိုတာကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးတို့က အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန် အစိုးရအေဂျင်စီတွေအတွက် သုတေသနလုပ်ငန်းတွေ၊ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ပေးနေတဲ့ CNA Corp မှာ မြောက်ကိုရီးယားအရေး နှစ်ပေါင်း ၂၀ လောက် လေ့လာနေတဲ့ ပညာရှင် ကန်ဂေါက်ကတော့ OGD ဟာ ဒီလိုလက်သံပြောင်တာမျိုးတွေ ရှိတယ်ဆိုတာ သဘောတူခဲ့ပါတယ်။

    ကင်ဂျုံအန် OGD ရဲ့ ဖြုတ်ချခြင်းကို ခံလိုက်ရတယ်ဆိုတာဟာ မြောက်ကိုရီးယားမှာရှိတဲ့ ဥရောပသံတမန်တွေဆီက ကြားနေကြ သီအိုရီသာ ဖြစ်တယ်လို့ ဂျော့ဂ်ျတောင်း တက္ကသိုလ်က ပရော်ဖက်ဆာ ဗစ်တာချားက ပြောခဲ့ပါတယ်။

    သာမန်နေမကောင်းဖြစ်တာလား……….

    Booking Institution က အရှေ့အာရှရေးရာတွေကို အထူးပြုလေ့လောသူ ဂျိုနသန် ပိုလက်က ပြုံးယမ်မှာ အာဏာတိုက်ပွဲ ဖြစ်နိုင်ချေရှိတယ်ဆိုတာကို ပယ်ချခဲ့ပါတယ်။ ကင်ဂျုံအန်ကို ရာထူးကနေဖြုတ်ချဖို့ ဆိုတာထက် သူ့အပေါ် လွှမ်းမိုးဖို့  စီစဉ်နေတာက ပိုပြီး ဖြစ်နိုင်တဲ့ကိစ္စလို့ ပြောခဲ့ပါတယ်။

    “မြောက်ကိုရီးယားရဲ့ပုံစံက အပေါ်ကနေ အောက်ကိုသွားတဲ့ပုံစံပါတယ်။ နံပါတ် ၂ ဆိုတာ မရှိပါဘူး။ တော်ဝင်စနစ်၊ ထီးနန်းစနစ်ဖြစ်ဖြစ်ပါတယ်” လို့ ပိုလက်က သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။

    ကင်ဂျုံအန်ပျောက်နေတဲ့ အခြားအကြောင်းအရင်းတစ်ခုကတော့ ရိုးရိုးနေမကောင်းတာပဲ ဖြစ်ပါတယ်။

    သမိုင်းကြောင်းအရေ ခမ်းနားစွာနေထိုင်ကြတဲ့ ကင်ဂျုံအန်တို့ မိသားစုဝင်တွေမှာ ဆီးချိုနဲ့ အ၀လွန်ရောဂါတွေရှိကြတယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။

    “ကင်ဂျုံအန်မှာ ဒါတွေအားလုံးရှိပြီး အနောက်တိုင်းက အဆိုးဆုံး နေထိုင်စားသောက်မှု စနစ်ဖြစ်တဲ့ ကုတ်နဲ့ အာလူချောင်းကိုလည်း နှစ်သက်ပါတယ်” လို့ ဂရင်းက ဆိုပါတယ်။

    တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Kookmin တက္ကသိုလ်က လေ့လာဆန်းစစ်သူ အန်ဒရီ လန်ကော့ဗ်ကတော့ ကင်ဟာ နိုင်ငံရေးအရ မတိုးသာမဆုတ်သာ အခြေအနေကို ရောက်နေတယ်လို့ သုံးသပ်ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင်တွေ တောင်ကိုရီးယားကို ဘာ့ကြောင့် ရောက်လာတာလဲ …..

    ကင်ဂျုံအန်ဟာ ခေါင်းဆောင်နေရာမှာ ဆက်ရှိနေပြီး တောင်ကိုရီးယားကို မြောက်ကိုရီးယားခေါင်းဆောင်တွေ လာရောက်တာဟာ စီးဝါးရိုက်ထားတာလို့ လန်ကော့ဗ်က ယုံကြည်နေပါတယ်။

    “မြောက်ကိုရီးယားရဲ့ သံခင်းတမန်ခင်းဟာ ပြင်ပကမ္ဘာတစ်ခုလုံးနဲ့ ဆက်ဆံရေးတိုးတက်ဖို့ သေသေချာချာ၊ ကျကျနန ပူးပေါင်းဆောင်ရွက်ထားတာပါ။ ဘယ်သူမှ လက်လွှတ်စပယ် လုပ်နေတယ်လို့ ထင်လို့မရပါဘူး” လို့ လန်ကော့ဗ်ကဆိုပြီး မြောက်ကိုရီးယားတဲ့ အခုလို ပိုမိုရင်းနှီးစွာ ဆက်ဆံလာမှုဟာ စီးပွားရေးအတွက်ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

    “သူတို့က တောင်ကိုရီးယားက ထုတ်ပေးမယ့် ငွေတွေ၊ ပုံမှန်ကုန်သွယ်မှုတွေကို လိုချင်နေကြတာပါ” လို့ လန်ကော့ဗ်က ဆိုပါတယ်။

    အထူးသဖြင့် တောင်ကိုရီးယားဘက်က ၂၀၁၀ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ May 24 Measure လို့ခေါ်တဲ့ ကုန်သွယ်ရေးပိတ်ပင်မှုကြီးကို ပြန်ဖွင့်ပေးစေချင်တာဖြစ်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယား သင်္ဘောတစ်စင်းကို နှစ်မြှုပ်လိုက်ပြီးတဲ့နောက် တောင်ကိုရီးယားဘက်က ပြုလုပ်ခဲ့တဲ့ အရေးယူမှုလည်းဖြစ်ပါတယ်။ အဲဒီနှစ်မြှုပ်မှုမှာ တောင်ကိုရီးယား သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ပါတယ်။

    တကယ်လို့များ နိုင်ငံရေး အရ အဆိုးရွားဆုံး မသမာမှုဖြစ်တဲ့ ကင်ဂျုံအန် ရာထူးက ဖြုတ်ချခံရတာ မျိုးဆိုရင်တော့ မြောက်ကိုရီးယားဟာ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာပြီလို့ ချားက ဆိုပါတယ်။

    “တကယ်လို့များ ကင်ဟာ ခေါင်းဆောင်နေရာက ဖြုတ်ချခံလိုက်ရပြီဆိုရင် သူ့နေရာကို ဆက်ခံဖို့လူ ရှိမနေပါဘူး။ နောက်ပြီး နျူးကလီးယား လက်နက်တွေရဲ့ လုံခြုံရေး၊ ဒုံးကျည်တွေရဲ့လုံခြုံရေးကို ကျွန်တော်တို့ မသိနိုင်သလို မြောက်ကိုရီးယား အစိုးရအတွင်းမှာ အာဏာလုပွဲ ရှိနေမယ်ဆိုရင်လည်း ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် အမှတ်တမဲ့ပုံစံမျိုး တောင်ကိုရီးယားနဲ့ စစ်ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုရီးယား ကျွန်းဆွယ်မှာ ကြီးကြီးမားမား ပေးဆပ်စရာတွေအတွက် အစပျိုးပေးတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် မြောက်ကိုရီးယား အစိုးရပိုင်းဟာ တိုင်းပြည်ပြင်ပက ပြည်သူတွေကို ဆိုးရွားတဲ့ နည်းလမ်းတွေနဲ့ ထိခိုက်စေနိုင်မှာ အသေချာပါပဲ” လို့ မြောက်ကိုရီးယား အရေးကို ချားက နိဂုံးချုပ် သုံးသပ်ခဲ့ပါတယ်။

    CNN သတင်းဌာနမှ Michael Martinez ၏ ဆောင်ပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • မြန်မာရိုးရာခြင်းလုံးတွင် “ခြင်းပျောက်ရှာ” ကစားကွက် တီထွင်ခဲ့သူ ဦးကရင်(U KARIM)

    မြန်မာရိုးရာခြင်းလုံးတွင် “ခြင်းပျောက်ရှာ” ကစားကွက် တီထွင်ခဲ့သူ ဦးကရင်(U KARIM)

    အောက်တိုဘာ ၉၊ ၂၀၁၄
    M-Media
    U KaYin
    ၁၉၂၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် “ဗုဒ္ဓဘာသာခြင်းလုံးခတ်အသင်း’’ ကို တည်ထောင်ခဲ့ကြသည်။

    မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ထောင်သော အသင်းဖြစ်သည်။ ပထမဦးဆုံးဥက္ကဋ္ဌမှာ ဘကြီးလှဖြစ်၍ အတွင်းရေးမှူးမှာ ဦးကရင် (U KARIM)ဖြစ်သည်။

    ခြင်းလုံးခတ်ကစားရာတွင် ကျောနောက်မှ ရှေ့သို့ကျလာသော ခြင်းလုံးကို နောက်လှည့်မကြည့်ဘဲ အမှန်းအဆနှင့် ခေါင်းငုံ့ရှောင်ကာ ရှေ့ကျလာမှ မိအောင် ခတ်ကစားသောခြင်းကွက်ကို “ခြင်းပျောက်ရှာသည်’’ ဟုခေါ်လေသည်။

    ထိုသို့ခြင်းပျောက်ရှာ၍ ခတ်သော ကစားကွက်ကို ဦးကရင်မှ စတင်ကာ တီထွင်ကစားခဲ့လေသည်။

    ဦးကရင်မှာ မြန်မာရိုးရာခြင်းလုံး အားကစားထူးချွန်သူ တိုင်းရင်းသား မွတ်စလင်မ်များထဲမှ တစ်ဦးဖြစ်ပါသည်။

    ဆက်စပ်အကြောင်းအရာ ဖတ်ရှုရန်
    —————————————–
    မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ

    http://www.m-mediagroup.com/news/16450

  • Kubra Gumusay : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ  အပိုင်း(၁)

    Kubra Gumusay : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၁)

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၁။  စာရေးဆရာမ နှင့် ဘလော့ဂါ ကုဗ်ရာ ဂုမုဆေး (ဂျာမဏီ) Kubra Gumusay, Author and Blogger (Germany)
    ———————————————————

    01-sm
    ကုဗ်ရာ ဂုမုဆေး (၂၅ နှစ်)သည် ယဉ်ကျေးမှု သုံးရပ်မှ ပေါင်းဆုံ ထွက်ပေါ်လာသူဖြစ်သည်။ သူမ၏ မိဘများသည် တူရကီမှ ဂျာမဏီသို့ ပြောင်းရွှေ့လာပြီး သူမသည် ဂျာမဏီတွင် မွေးဖွားကြီးပြင်းသည်။ လက်ရှိတွင် သူမ၏ခင်ပွန်းနှင့်အတူ ယူကေရှိ အောက်စ်ဖို့ဒ်တွင် နေထိုင် လျက်ရှိသည်။ သူမသည် စာနယ်ဇင်းသမား၊ ဘလော့ဂါနှင့် စာရေးသူ အဖြစ် ဘ၀ဖြတ်သန်းချိန်တွင် “ပထမဆုံး ဟိဂျာ့ဗ်ဝတ် ပင်တိုင်ဆောင်းပါးရှင်” ဟု လူသိများကျော်ကြားသည်။ လက်ရှိ၌လည်း ဂျာမန်နေ့စဉ်သတင်းစာ Die Tageszeitung တွင် Das Tuch (အ၀တ်တစ်စ) အမည်ရှိ အခန်းဆက်ဆောင်းပါးများ ရေးသားနေသည်။

    ဂျာမဏီတွင် သူမဖြတ်သန်းရသည့် ဟိဂျာ့ဗ်ဝတ် မွတ်စ်လင်မ် အမျိုးသမီး တစ်ဦးအကြောင်း ရေးသားခဲ့တဲ့  သူမ၏ဘလော့ဂ် Ein Fremdwörterbuch ဟာ ၂၀၁၁ ခုနှစ် Grimme Online Award ဆုစာရင်းအတွက် အမည်တင်သွင်းခံခဲ့ရသည်။ သူမရဲ့ ဘလော့သို့ လစဉ် ၀င်ရောက်ဖတ်ရှုပေါင်း တစ်သောင်းသုံးထောင်အထိ ရှိနေသည်။ လက်ရှိ၌ သူမသည် လူငယ်များအတွက် စာတစ်အုပ်ကို ပြုစုရေးသား လျက်ရှိသည်။

    ဂျာမန်မွတ်စ်လင်မ် လူငယ်များကို စွမ်းဆောင်ရည်မြှင့်ပေးရန်နှင့် မှိုင်းသွင်းခံရမှုများကို တိုက်ဖျက်ရန် ဂျာမဏီတွင် တက်ကြွသူ မွတ်စ်လင်မ်များ ပေါင်းစုပါဝင်သော Zahnräder (ပဲ့ထိန်းများ) ကွန်ရက်အား တည်ထောင်သူများ အနက်လည်း သူမက အပါအ၀င် တွဲဖက်ဆောင်ရွက်နေ၏။ မကြာသေးမီက သူမ၏တွစ်တာအကောင့် Twitter @kuebra ၌လည်း  ဂျာမဏီတွင် နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် လူမျိုးကြီးဝါဒကို စတင်ပြီး ဝေဖန်ရေးသားသည်။

    ကုဗ်ရာသည် ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို အလုပ်ပိုအဖြစ် မည်သည့်အခါမျှ မမြင်။ ၂၀၁၂ ခုနှစ် Christoph Brammertz နှင့် အင်တာဗျူးတွင် ဤအချက်ကို ပေါ်လွင်အောင် ပြောကြားခဲ့သည်။

    “ ဟိဂျာ့ဗ်ဝတ်ဆင်တဲ့ အမျိုးသမီးတစ်ဦးကို သူမက မတောင်းဆိုပဲနဲ့ ရုပ်မြင်သံကြားပေါ် မြင်ရဖို့ ကျွန်မတို့ လူ့အဖွဲ့အစည်းအပေါ် ပြင်ဆင်ပေးထား ပါသလား ? ဟိဂျာ့ဗ်ကို မြင်တာနဲ့ လူတွေက ဒါနဲ့ပတ်သက်ပြီး ပြောစရာ တစ်ခုလို့ မြင်နေကြတယ်။ ကျွန်မ ဟိဂျာ့ဗ် ၀တ်ဆင်ပါရစေလို့ မတောင်းဆိုပဲ တစ်ချိန်ချိန်မှာ ရုပ်မြင်သံကြားပေါ် (ဥပမာ – အင်တာနက်အကြောင်းဖြစ်ဖြစ်ပေါ့) စကားပြောဆိုနိုင်ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”။

    ( Christoph Brammertz, ‘Blogger Kübra Gümüsay: “I Would Like to Break Down Stereotypes”’, Goethe Institut, Feb 2012 )

    ကုဗ်ရာ ဂုမုဆေး ၏ ဘလောဂ် စာမျက်နှာ လိပ်စာ http://ein-fremdwoerterbuch.com/

    – ဆက်လက်ဖော်ပြပါမည်။

    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ရွိုင်ကိန်း ပုံစံက ဆက်ဒမ်ဟူစိန်နှင့် တူသည်ဟု ရန်ဘက်ဟောင်း နော်ဝေနောက်ခံလူပြော

    ရွိုင်ကိန်း ပုံစံက ဆက်ဒမ်ဟူစိန်နှင့် တူသည်ဟု ရန်ဘက်ဟောင်း နော်ဝေနောက်ခံလူပြော

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media

    1412686579583_wps_89_Aston_Villa_Assistant_man

    – မုတ်ဆိတ်၊ ပါးသိုင်းမွှေးများဖြင့် မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း၏ လက်ရှိ ပုံစံမှာ ဆက်ဒမ်ဟူစိန်နှင့် တူသည်ဟု နော်ဝေ နောက်ခံလူဟောင်း အဲလ်ဖ် အင်ဂီ ဟာလန်း (Alf-Inge Haaland) က ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်ဟု သိရသည်။

    ရွိုင်ကင်းနှင့် ရန်ဘက်ဖြစ်သည့် Haaland မှာ ရွိုင်ကင်း၏ပုံနှင့် ဆက်ဒမ်ဟူစိန်အား ၂၀၀၃ ခုနှစ်တွင် အမေရိကန်က ဖမ်းမိပြီးနောက် ရိုက်ထားသည့် ဓာတ်ပုံတို့အား တွဲ၍ တင်ခဲ့ပြီး “ဒီလိုမုတ်ဆိတ်မျိုးနဲ့ဆို လူကိုတောင် မမှတ်မိဘူး” ဟူသည့် စာကိုလည်း ရေးသားခဲ့သည်။

    1412687349254_wps_103_image001_png

    နောက်ပိုင်းတွင် ထိုဓာတ်ပုံအား ဖျက်ပစ်ခဲ့ပြီး ဆက်ဒမ်၏ မိသားစုက ရွိုင်ကင်းနှင့်တွဲ၍ ဖော်ပြထားသည်ကို မကြိုက်သည့်အတွက် ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက Twitter တွင် ထပ်မံရေးသားခဲ့သည်။

    မန်စီးတီးနှင့် လိဒ်အသင်းတို့၏ နောက်ခံလူဟောင်း ဟာလန်းမှာ ၁၉၉၇ ခုနှစ်က မန်ယူနှင့် လိဒ်အသင်းတို့ပွဲတွင် ကိန်းအား ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး၊ ဟန်ဆောင် လှဲချသည်ဟုလည်း စွပ်စွဲခဲ့သည်။

    1412686703443_wps_92_Manchester_United_V_Manch

    ၂၀၀၁ ခုနှစ် မန်ယူနှင့် မန်စီးတီးအသင်းတို့ တွေ့ဆုံချိန်တွင် ထိုစဉ်က မန်စီးတီးနောက်ခံလူ ဖြစ်နေသည့် ဟာလန်း၏ ညာခြေထောက်အား ရွိုင်ကိန်းက တမင်သက်သက် ကန်ပစ်ခဲ့သည်။

    ထို့ကြောင့်ရွိုင်ကင်းမှာ ၃ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပြီး FA အား ဒဏ်ငွေလည်း ပေးဆောင်ခဲ့ရသည်။ ၂၀၀၂ နှစ်တွင် ထုတ်ဝေသည့် ကိုယ်တိုင်ရေး အထုပ္ပတ္တိ ပထမတွဲတွင် ရွိုင်ကန်းက ထိုကဲ့သို့လုပ်ခဲ့ခြင်းမှာ ၁၉၉၇ ခုနှစ်အဖြစ်အပျက်အား ပြန်လည် လက်စားချေခဲ့ခြင်းဖြစ်ပြီး ထိုအတွက်လည်းနောင်တမရဟု ပြောဆိုခဲ့သည်။

    ရွိုင်ကိန်းမှာ အောက်တိုဘာ ၆ ရက် တနင်္လာနေ့က ထုတ်ဝေခဲ့သည့် ၎င်း၏ ဒုတိယမြောက် အထုပ္ပတ္တိတွင်လည်း မန်ယူနည်းပြဟောင်း ဖာဂူဆန်အပါအ၀င် ၎င်းနှင့် လက်တွဲခဲ့သူ အများအပြားကို ဝေဖန်ရေးသားခဲ့သည်။

    ref_ Daily Mail