News @ M-Media

Blog

  • မိမိမှာ စွမ်းဆောင်ရည် မကျသေးဟု လီဗာပူးလ် ကွင်းလယ်လူ ဂျရတ်ဆို

    မိမိမှာ စွမ်းဆောင်ရည် မကျသေးဟု လီဗာပူးလ် ကွင်းလယ်လူ ဂျရတ်ဆို

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    461389_heroa
    – ယခုနှစ်ဘောလုံးရာသီ ပွဲအချို့တွင် မိမိမှာ ပြိုင်ဘက်ကစားသမားများ၏ အနိုင်ယူမှုကို ခံခဲ့ရသော်လည်း မိမိ၏ စွမ်းဆောင်ရည်မှာ ကျဆင်းမှုမရှိသေးဟု လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း၏ ရုန်းကန်ရမှုနှင့်အတူ ဂျရတ်မှာလည်း ဝေဖန်ခံနေရပြီး၊ အဲဗာတန်နှင့်ပွဲတွင် ဖရီးကစ်မှတစ်ဆင့် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဂျရတ်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ဟာ ပြီးခဲ့တဲ့နှစ်ပွဲလောက်မှာ ဒုက္ခရောက်ခဲ့ပြီး ကျွန်တော့်နောက်လိုက်လာတဲ့ ကစားသမားတွေကို မကျော်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေက “သူဟာ အသက် ၃၄ နှစ်ရှိနေပြီ၊ မပြေးနိုင်တော့ပါဘူး။ သူကုန်နေပါပြီ” စသဖြင့် အဲဒီလိုပြောတာမျိုးကတော့ လွန်ပါတယ်။ ကျွန်တော့်နားမှာရှိနေတဲ့ ကစားသမားကောင်းတွေနဲ့ ကျွန်တော် ယှဉ်ပြိုင်နိုင်ပါသေးတယ်” ဟု ဂျရတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    လီဗာပူးလ်းမှာ ထိုပွဲတွင် ဂျရတ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးကာနီး နာကျင်အချိန်ပိုတွင် ပေးလိုက်ရသည့်ဂိုးကြောင့် အနိုင် ၃ မှတ်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

  • စီးရီးအေပြိုင်ပွဲမှာ နှစ်ကောင်တည်းပြေးသော မြင်းပြိုင်ပွဲမျိုး မဟုတ်ဟု တီဗက်ဇ်ဆို

    စီးရီးအေပြိုင်ပွဲမှာ နှစ်ကောင်တည်းပြေးသော မြင်းပြိုင်ပွဲမျိုး မဟုတ်ဟု တီဗက်ဇ်ဆို

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    455583_heroa
    – စီးရီးအေပြိုင်ပွဲမှာ နှစ်ကောင်တည်းသော မျဉ်းပြိုင်ပွဲမျိုး မဟုတ်ဘဲ စိန်ခေါ်နိုင်သူ အခြားအသင်းများလည်း ပေါ်ထွက်လာမည်ဟု ဂျူဗင်တပ်စ်တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ပြောဆိုလိုက်သည်။

    စီးရီးအေပွဲစဉ် ၅ ပွဲပြီးချိန်တွင် ဂျူဗင်တပ်စ်နှင့် ရိုးမားတို့မှာ ရာနှုန်းပြည့်နိုင်ပွဲများ ရကာ ထိပ်ဆုံးတွင်ရှိနေပြီး စီးရီးအေ ဆုဖလားအတွက် ၎င်းတို့နှစ်သင်းသာ ယှဉ်ပြိုင်ရမည်ဟု ပြောကြားမှုများ ရှိနေသောကြောင့် တီဗက်ဇ်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

    “နှစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲလို့ပြောဖို့ အရမ်းစောနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားရမယ့်ပွဲတွေ အများကြီးရှိပါသေးတယ်” ဟု တီဗက်ဇက်က Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အတ္တလန်တာအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည့် တီဗက်ဇ်က ထိုပွဲတွင် ပင်နယ်တီတစ်လုံး ကာကွယ်ပေးခဲ့သည့် ဂိုးသမားဘူဖွန်ကိုလည်း ချီးကျူးခဲ့သည်။ ဘူဖွန်မှာ နောက်ပိုင်းပွဲစဉ်များတွင် ၎င်း၏ စွမ်းဆောင်ရည် အတွက် ဝေဖန်ခံနေရသူဖြစ်သည်။

    တီဗက်ဇ်မှာ ယခုနှစ် စီးရီးအေတွင် ခြေစွမ်းပြနေပြီး ၅ ပွဲတွင် ၄ ဂိုးအထိ သွင်းယူထားနိုင်ကာ ဂိုးအများဆုံးသွင်းသူ စာရင်းတွင် ထိပ်ဆုံး၌ရှိနေသည်။

  • ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့် ထိုင်းရဟတ်ယာဉ် ပျောက်ဆုံး

    ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့် ထိုင်းရဟတ်ယာဉ် ပျောက်ဆုံး

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    Hkakabo-Razi-Mountaineer-3
    – ခါကာဘိုရာဇီတောင်တွင် တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့သည့် မြန်မာတောင်တက်သမား နှစ်ဦးကို ရှာဖွေရာတွင် ကူညီနေသော ထိုင်း ထောက်ပံ့ရေး ရဟတ်ယာဉ်မှာ စနေနေ့ နေ့လည်ပိုင်းက ပျောက်ဆုံးသွားခဲ့သည်ဟု ထူးဖောင်ဒေးရှင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    Advance Aviation B-4 ရဟတ်ယာဉ်ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားများ၏ စခန်းသို့ အစားသောက်များ သွားရောက်ပို့ဆောင်ရန် ပူတာအိုလေဆိပ်မှ စနေနေ့ နေ့လည် ၂ နာရီ ၂၀ အချိန်တွင် ပျံတက်သွားပြီးနောက်ပိုင်း မိနစ် ၂၀ အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။

    လေယောဉ်ပေါ်တွင် ထိုင်းလေယာဉ်မှူး ချက်ချာဝါလီ၊ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ထူဖောင်ဒေးရှင်း ဥက္ကဌ ဦးတေဇ၏ အတွင်းရးမှူတို့ လိုက်ပါသွားကြသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

    အရှေ့တောင်အာရှ အမြင့်ဆုံးတောင်ဖြစ်သည့် ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်ကို ဇူလိုင်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံသား အဖွဲ့ဝင် ၈ ဦးပါသည့် တောက်တက်အဖွဲ့က တက်ရောက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နေ့ ပြန်လည်ဆင်းချိန်တွင် တောင်တက်အဖွဲ့ဝင် အောင်မြင့်မြတ်၊ ဝေယံမင်းသူတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့နှစ်ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို ပိုက်စိတ်တိုက် ဆောင်ရွက်နေပြီး ထိုင်း၊ တရုတ်၊ နီပေါ်နှင့် အမေရိကန်တို့မှ အဖွဲ့များကလည်း ပါဝင်ကူညီနေကြသည်။

    ref_ ဆင်ဟွာ
    (ဓာတ်ပုံ-ထူးဖောင်ဒေးရှင်း)

  • ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း

    ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း

    10678764_282805781912668_7184040548524533382_n
    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo: Bodu Bala Sena Blog / Facebook)

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄

    ဦးဝီရသူက သီရိလင်္ကာမှာရှိတဲ့ မူဆလင်ဆန့်ကျင်ရေးအုပ်စုနဲ့ တွဲဖက် လုပ်ဆောင်မယ်လို့ ကြေညာ လိုက်ပါတယ်။

    သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့  ၉၆၉ လှုပ်ရှားမှု အင်အားစုတို့  လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

    Bodu Bala Sena (BBS) အင်အားစုက သီရိလင်္ကာမှာရှိတဲ့ မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ်လို့ စွပ်စွဲခံနေရပါတယ်။

    ဦးဝီရသူက သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ထောင်နဲ့ချီတဲ့ သံဃာတွေနဲ့ တွေ့ဆုံခဲ့တာပါ။

    မူဆလင် ဘာသာရေး၊ နိုင်ငံရေး အဖွဲ့တွေက ကန့်ကွက်နေပေမယ့်လည်း သီရိလင်္ကာ အာဏာပိုင်တွေက ဦးဝီရသူရဲ့ ခရီးစဉ်ကို ခွင့်ပြုခဲ့ပါတယ်။

    ဒါကတော့ ဧရာဝတီသတင်းစာမျက်နှာ
    http://www.irrawaddy.org/burma/burmas-wirathu-sri-lanka-buddhist-radicals-join-hands.html မှာ ဖော်ပြထားတဲ့
    Burma’s Wirathu and Sri Lanka Buddhist Radicals Join Hands ဆိုတဲ့ သတင်းကို ဆီလျော်အောင် ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။

    AFP သတင်းတပုဒ်မှာတော့
    ကမ္ဘာတလွှားမှာ အခြိမ်းခြောက်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ၉၆၉ လှုပ်ရှားမှုက BBS နဲ့ ပူးပေါင်းမယ် ဆောင်ရွက်မယ်၊
    ဗုဒ္ဓဘာသာဝင်တွေဟာ ဂျီဟတ်အုပ်စုတွေ ခြိမ်းခြောက်တာကို အကြီးအကျယ်ခံနေရတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သည်းခံမှုက အားနည်းချက်လို ဖြစ်နေပါပြီ၊ ဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ မိဒီယာအဖွဲ့အစည်းတွေက နည်းပညာတွေသုံးပြီး ပါဝင်နေကြတယ် လို့လည်း ဦးဝီရသူက မိန့်ကြားကြောင်း ရေးသားထားပါတယ်။

    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။

    http://blog.irrawaddy.org/2014/09/blog-post_367.html

  • Islamophobia ကို ထိရောက်စွာ ရင်ဆိုင်ရေး နည်းလမ်းငါးသွယ်

    Islamophobia ကို ထိရောက်စွာ ရင်ဆိုင်ရေး နည်းလမ်းငါးသွယ်

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media

    အစ္စလာမ်အပေါ် တစ်ဖက်သတ် ရွံကြောက် မုန်းတီးရောဂါ Islamophobia ကို ထိရောက်စွာ ရင်ဆိုင်ရေး နည်းလမ်းငါးသွယ်
    Eye care
    အသိမဲ့ခြင်းနှင့် ရုန့်ရင်းစွာဆက်ဆံခြင်းကို ရင်ဆိုင်ကြုံတွေ့ရာဝယ် အသင်သည် သည်းခံခြင်းနှင့် ကြင်နာခြင်းအား အောက်ပါနည်းလမ်းအတိုင်း ဆုပ်ကိုင်ရပ်တည်ပါလေ။

    ပြုံးရွှင်ချိုသာစွာဆက်ဆံခြင်းသည် စွန္နဟ်(တမန်တော့်ဓလေ့တော်) ဖြစ်၏။

    အနောက်တိုင်း၌နေထိုင်သော မွတ်စ်လင်မ်တစ်ဦးဖြစ်သည်နှင့်အညီ ကျွန်ုပ်မှာ မျက်နှာလိုက်ခြင်း၊ ခွဲခြားချိုးနှိမ်ခြင်း ပုံဟန်မျိုးစုံ ခံစားလာရသူဖြစ်ပါသည်။ Islamophobia – အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်မုန်းတီးရောဂါဟု ခေါ်ဆိုသည့်အရာထဲ ဘာတွေရှိနေကြောင်း ကျွန်ုပ်မှ ကောင်းစွာ သုံးသပ်တင်ပြနိုင်မည်ထင်ပါ၏။ အကြောင်းမှာ ကျွန်ုပ်သည် နိုင်ငံတောင်ပိုင်းရှိ ခွဲခြားဆက်ဆံမှုကြီးမားလှသောနယ်ပယ်အတွင်း ကျွန်ုပ်၏နေ့စဉ်ဘ၀ ဖြတ်သန်းနေထိုင်ကြီးပြင်းလာရသူ ဖြစ်သောကြောင့်ပင်။

    မွတ်စ်လင်မ်အသိုင်းအ၀ိုင်းပြင်ပ၌ လျှောက်ထားသမျှ အလုပ်အကိုင်များ အဘယ်ကြောင့် အပယ်ချခံရမှု သို့တည်းမဟုတ် ကျွန်ုပ်အား ကြက်ဥများဖြင့်ပစ်ပေါက်ခြင်း သို့မဟုတ် လမ်းပေါ်လျှောက်နေစဉ် ကားတွင်းမှုကျိန်ဆဲခံရမှုတို့ကို ဇာချဲ့ပြောပြလိုစိတ် မရှိပါ။ အကြောင်းရင်းကိုလည်း ရှာဖွေသုတေသနလုပ်လိုစိတ် မရှိခဲ့။ ဂျော်ဂျီယာပြည်နယ်၊ ဆာဗန်းနား၌ နေထိုင်စဉ် ကျွန်ုပ် တက်ရောက်လေ့ရှိခဲ့သော ဗလီဝတ်ကျောင်း မီးတိုက်ဖြိုလဲခံရသည့်အခါတွင် Islamophobia မှာ ရှင်သန်အရှိန်ရနေပြီ ဖြစ်ကြောင်း သိရလိုက်ရပေသည်။
    (ကြည့် – Russ Bynum, ‘Savannah Muslims pray in tent after mosque destroyed by arson’, AP news, 26 Aug 2003, available here)

    ထိုအခါကျမှ ကျွန်ုပ်သည် အနောက်တိုင်းတွင် ကြီးထွားလာနေသော Islamophobia လမ်းကြောင်းအပေါ် လေ့လာသုံးသပ်ချက်တို့ကို ကမန်းကတန်း ဖတ်ရှုမိပါတော့သည်။ ကျွန်ုပ်အတိုင်း လူများစွာတို့မှာ မုန်းတီးခြင်း၊ ကြောက်ရွံခြင်း၊ အမျက်သင့်ခြင်း ခံနေရသည့်အကြောင်းစုံကို နာရီပေါင်းများစွာ အချိန်ပေးဖတ်ရှုပြီးသောအခါ နက်နက်ရှိုင်းရှိုင်းပင် စိတ်ဓာတ်ကျဆင်းသွားခဲ့ပါသည်။ အချို့သူတို့၏ဘ၀မှာ ရှင်သန်နေခြင်းထက် သေဆုံးသွားခြင်းကပင် ပိုကောင်း၏ဟုပင် တွေးထင်မိ၏။ ကျွန်ုပ်၏ စိတ်ကျခံစားချက်မှာ တုန်လှုပ်မှုဖြစ်လာပြီးနောက် အမျက်ဒေါသအသွင် ပြောင်းလှည့်သွားလေသည်။

    ကျွန်ုပ်မှာ အခါခပ်သိမ်း ဒေါသကြီးနေသည်ကိုမြင်တွေ့နေရကြောင်း သားချင်းတစ်ဦးမှ ထောက်ပြသည့်အခါမှသာ သတိထားမိပါတော့သည်။ ဒေါသကို ဒေါသဖြင့်ဖြေရှင်းခြင်းက ဒေါသအား ပိုမိုတိုးပွားလာစေသည်ဟူသော ကျွန်ုပ်အမြဲတစေ သိနားလည်နေခဲ့သည့် အမြင်ပင်လျှင် ပျောက်ဆုံးသွားပါသည်။ အမျက်ဒေါသစိတ်ကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောလမ်းမှာ နားလည်မှု၊ သည်းခံမှုနှင့် ကြင်နာမှုတရားကို လက်ကိုင်ထားရမည်ဟု ကျွန်ုပ်သည် မိမိကိုယ်ကို သတိပေးကာ နောက်ပြန်ဆုတ်ရပေတော့မည်။

    သို့ဖြင့် ကျွန်ုပ်သည် အသိမဲ့ခြင်းနှင့် ရုန့်ရင်းစွာဆက်ဆံခြင်းကို ရင်ဆိုင်အံတုရေးအတွက် ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မုဟမ္မဒ်(ငြိမ်းချမ်းခြင်းနှင့်မင်္ဂလာ သက်ရောက်စေသား)၏ သြ၀ါဒသွန်သင်ချက်များအပေါ် ပြန်လှည့်ခဲ့ပါသည်။ သည်းခံခွင့်လွှတ်ခြင်းဖြင့် ဝေဒနာကို ကုစားနိုင်ကြောင်း တွေ့ခဲ့ရပါသည်။ Isamophobia ကို မပြောပလောက်သော လုပ်ရပ်လေးများဖြင့် ရင်ဆိုင်နိုင်သည့်အချက်အား တွေ့လိုက်ရပေသည်။

    ၁။ ပြုံးပါ
    ———–
    အထင်အမြင်လွဲမှားနေမှုများ၊ ခွဲခြားချိုးနှိမ်မှုများ၊ အမုန်းတရားများဖြင့် ပြည့်နှက်နေသော လောကသို့ ကျွန်ုပ်တို့ သွားလာကြပြီဆိုလျှင် ကျွန်ုပ်တို့၏ပထမဆုံး ခံစစ်လမ်းကြောင်းမှာ ပြုံးရွှင်ခြင်း ဖြစ်ပါသည်။ ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည် စွန္နဟ်(တမန်တော့်ဓလေ့တော်) ဖြစ်၏။ အလှူဒါနလည်း ဖြစ်၏။ ၎င်းက ကျွန်ုပ်တို့၏ စိတ်ဓာတ်အင်အားကို တွန်းတင်ပေးပါသည်။ ပြုံးရွှင်ခြင်းသည် အရာအားလုံးအနက် ကူးစက်ရန် အလွယ်ကူဆုံးဖြစ်၏။

    Smiling is sunnah

    အပြုံးကူးစက်ခြင်းသည် အပြုသဘောဆောင်လာနိုင်ကြောင်း ယခုသော် သိပ္ပံမှ တစ်စွန်းတစ်စ သိရှိလာပေပြီ။ ဆွီဒင်နိုင်ငံ၏လေ့လာမှုအရ ပျော်ရွှင်မှု၊ အမျက်ဒေါသ၊ ကြောက်လန့်ခြင်း၊ အံ့သြခြင်း စသည့် ခံစားချက်သရုပ်ဖော်များ ပြသရာတွင် လူတို့သည် ပြုံးရွှင်ခြင်းပုံကိုသာ ချက်ခြင်း မျက်စေ့တွင်း စွဲထင်ကြောင်း ဆိုကြ၏။ လူတို့သည် မိမိတို့တွေ့မြင်လိုက်သည့် ပြုံးရွှင်ခြင်းဟန်မူရာအတိုင်းပင် မျက်နှာပေးများဖြစ်ပေါ်လာတတ်သည်ဟု သုတေသီများမှ တွေ့ရှိကြသည်။
    “ပြုံးရွှင်ခြင်းဟာ လူ့အသိတရားကို ဆွဲချနိုင်တဲ့အရာ ဖြစ်ပါတယ်”။
    (ကြည့် – Sarah Stevenson, ‘There’s Magic In Your Smile’, Psychology Today, 25 Jun 2012, available here)

    သြတေးလျနိုင်ငံသားမွတ်စ်လင်မ်များ ပြုံးရွှင်နေသည့်ပုံများနှင့် ကြည်နှူးဖွယ်အကြောင်းများ တို့ကို ဖော်ပြထားသည် ဖေ့စ်ဘွတ်စာမျက်နှာသစ်တစ်ခုမှာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုချီးမွှမ်းခံရကြောင်း တွေ့ရ၏။ Link

    ၂။ ကြိုတင် ထင်မြင်ယူဆချက်များ မပြုလုပ်ပါနှင့်
    ————————————
    ပြုံးရွှင်ခြင်းကဲ့သို့ပင် အဆိုးမြင် သဘောထားသည်လည်း ကူးစက်တတ်ပါသည်။ ခွဲခြားခံရလိမ့်မည်ဟု ကြိုတင်စိတ်ကူးသော အနေအထားသို့ မ၀င်ရောက်လေနှင့်။ များသောအားဖြင့် ထိုသို့မဖြစ်ပါ၊ ၎င်းမှာ မိမိဖာသာ ကြိုတင်နိမိတ်ဖတ်နေခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ တွေ့ဆုံနေကြသူများသည် မိမိ၏စရိုက်အပေါ် ရောင်ပြန်ဟပ်ပြုမူလာပါလိမ့်မည်။ ၎င်းတို့က မိမိတို့အား ခွဲခြားနှိမ့်ချနေသည်ဟု စိတ်စွဲနေပါက ယင်းအစွဲအတိုင်း ၎င်းတို့မှ ပြန်လည်ဆက်ဆံတတ်ပေသည်။

    ပြင်ပပုံဟန်အရ ကျွန်ုပ်တို့အား ကောင်းကောင်းမွန်မွန် ဆက်ဆံခြေ မရှိသူတစ်ဦးဦးကို ဆုံတွေ့ရပါက ၎င်းမှာ မိမိ၏ တစ်ဖက်သတ်အမြင် ဖြစ်သည်ဟု တွေးမြင်ပါလေ။ ကျွန်ုပ်တို့အား ပြုမူဆက်ဆံသလို ကျွန်ုပ်တို့မှ ၎င်းတို့အား တန်ပြန် အဆိုးမြင် ပြုမူဆက်ဆံလို စိတ်မရှိကြောင်း ပေါ်လွင်အောင် ပြသပါလေ။

    ၃။ မွန်မြတ်သော ကိုယ်စားပြုသူဖြစ်ပါစေ
    ———————————————-
    Time မဂ္ဂဇင်း၏ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အမေရိကန်လူမျိုး ၆၂ ရာခိုင်နှုန်းမှာ မွတ်စ်လင်မ် တစ်ဦးတစ်လေကိုမျှ မတွေ့ဆုံးဖူးပါဟု ဆိုကြ၏။ (ကြည့် – Alex Altman, ‘TIME Poll: Majority Oppose Mosque, Many Distrust Muslims’, 19 Aug 2010, TIME, available here) အစ္စလာမ်နှင့် မွတ်စ်လင်မ်တို့ကို မိမိကိုယ်တိုင် ကြုံဆုံမှု၏ အတွေးအမြင်များအစား များစွာသောသူတို့သည် မီဒီယာကဲ့သို့ ပြင်ပ အရင်းမြစ်များထံမှ အမြင်သာလျှင် လွှမ်းမိုးနေလေ့ရှိသည်ဟု အဖြေရရှိပေသည်။

    အစ္စလာမ်၏ အကောင်းဆုံး ဥပမာသာဓကသည် အပြောမဟုတ်၊ အလုပ်ဖြစ်ပါသည်။ ဖြတ်သွားဖြတ်သာ အိမ်နီးချင်းတို့အား ပြုံးပြနှုတ်ဆက်ပါ၊ ဖော်ရွေပါ။ အစာရေစာ ဝေငှကျွေးမွေးပါ။ မိမိတို့ရှိလျှင် မငတ်မွတ်နိုင်ကြောင်း ပြသပါ။ သူတို့၏ပိုင်ဆိုင်မှုများကို ကရုစိုက်ထိန်းသိမ်းပေးပါ။ လမ်းပေါ်၌ အန္တရာယ်ဖြစ်စေနိုင်သည့်အရာမှန်သမျှကို တွေ့ရလျှင် ဖယ်ရှားရှင်းလင်းပါ။ အမြဲတစေ အခြားသူများအပေါ် နှစ်လိုဖွယ်ဟန်မူရာဖြင့် သည်းခံစိတ်ရှည်ပေးပါ။

    ကျွန်ုပ်တို့၏လူ့အသိုင်းအ၀ိုင်းအတွင်း လေးစားစဖွယ် အစ္စလာမ့်ကိုယ်စားပြုသူအဖြစ် မြင်လာခြင်းက လူတို့အပေါ် ကောင်းကျိုးများစွာ သက်ရောက်စေပါသည်။ ယင်းသို့သော မွတ်စ်လင်မ်တစ်ဦးနှင့်ကြုံဆုံဖူးသူတို့သည် နောင်အခါတွင် အစ္စလာမ့်မကောင်းကြောင်း တစ်စုံတစ်ရာကြားသော် အကောင်းဖက်ကသာ ရှုမြင်တွေးတောပေးလာပါလိမ့်မည်။

    ၄။ သီးခြားဆန်ခြင်းများမှ မိမိကိုယ်တိုင် ကင်းရှင်းစေပါ
    ——————————————————–
    ကျမ်းမြတ်ကုရ်အာန်(၃၁း၁၈)တွင် “ ထို့ပြင် အသင်သည် လူအများရှေ့၌ အသင်၏မျက်နှာကို (မျက်နှာချင်း မဆိုင်ချင်သည့် ပုံစံမျိုးနှင့်) လှည့်မထားလေနှင့်။ ထို့ပြင် အသင်သည် မြေပြင်ပေါ် မော်ကြွားပြီး လမ်းမလျှောက်နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့် ဂုဏ်မောက်သူနှင့် စိတ်ကြီးဝင်သူကိုမှ နှစ်သက်တော်မမူချေ ” ဟူ၍ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့အား မိန့်ကြားတော်မူထားပါသည်။

    ကျွန်ုပ်တို့ အပေါ်ပြုမူသည်များကို ရွံရှာစက်ဆုပ်သည့်တိုင် မွတ်စ်လင်မ် အများအပြားတို့မှာ မိမိတို့ကိုယ်တိုင်ပင် အခြားသူများအပေါ် သီးခြားဆန်မှုများနှင့်အစွဲများ ထားရှိနေကြဆဲဖြစ်ကြောင်း တွေ့ရပါသည်။ တစ်ကမ္ဘာလုံးကို ပြောင်းလဲစေချင်လျှင် မိမိဖက်မှ စတင်ပြောင်းလဲရမည်ဟု ကျွန်ုပ်တို့ သိနားလည်ထားရပေမည်။ ကျွန်ုပ်တို့ကိုယ်၌က အစွဲများမှ မလွတ်ကင်းနိုင်ပါက ကျွန်ုပ်တို့ဝန်းကျင်ရှိလူများအနေနှင့် ကျွန်ုပ်တို့အပေါ် အစွဲကျွတ်လာ ပါလိမ့်မည်ဟု မည်ကဲ့သို့သောနည်းဖြင့် မျှော်လင့်နိုင်ပါမည်နည်း ?

    လူတိုင်း ကိုယ်စီကိုယ်ငှ တစ်ပါးသူတို့အပေါ် ထားရှိ ကိုင်စွဲထားသည့် ခွဲခြားမှုနှင့် ဖယ်ကြဉ်မှုဆိုင်ရာ တစ်ဖက်သတ် အတွေးများကို မိမိဖာသာ ဆန်းစစ်တတ်ရပါမည်။ လူတစ်ဦးချင်းစီသည် မတူကွဲပြားမှုရှိသော်လည်း ပေါင်းစည်းနိုင်သူဖြစ်သည်ဟု ကျွန်ုပ်တို့ သဘောပေါက်ရပါလိမ့်မည်။

    ၅။ ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုတတ်ပါစေ
    ————————————
    မွတ်စ်လင်မ်တို့အပေါ် တစ်စုံတစ်ရာအပျက်သဘောပြောဆိုခြင်းကို ကြားရလေတိုင်း ကျွန်ုပ်တို့ဖက်မှ တစ်ခုခု ပြောပြရန်လိုအပ်ပါသည်။ သတင်းများတွင် ကြားသိရသော် လူထုမီဒီယာသို့ အမြင်စောင်းမှုများနှင့်ပတ်သက်၍ တင်ပြပြောဆိုအသိပေးလိုက်ပါ။ Islamophobia ဖြစ်သွားစေမည့် အထင်လွဲမှားချက်များအကြောင်းကို သက်ဆိုင်ရာ သတင်းစာတိုက်၏ အယ်ဒီတာသို့ စာရေးပေးပို့ပါ။

    Islamophobia ရောဂါကို သွတ်သွင်းနေသောအုပ်စုများ သို့မဟုတ် မိမိကိုယ်ကို မွတ်စ်လင်မ်ဟုဆိုလျက် အစ္စလာမ့်အမည်ဖျက်နေသူအုပ်စုများအား ရင်ဆိုင်ပြောဆိုပါ။ အထင်အမြင်စောင်းမှုများနှင့် Islamophobia အကြောင်း ဖော်ထုတ်ပြောဆိုချက် ပိုမို များပြားလာလေလေ ကျွန်ုပ်တို့၏အသံများ စုစည်းပေါင်းဆုံအားကောင်းလာလေလေ ဖြစ်ပါမည်။

    ဖွင့်ထုတ်ပြောဆိုခြင်း၊ ပြုံးရွှင်ကြည်သာစွာဆက်ဆံခြင်း၊ ဖော်ရွေခြင်းနှင့် အစ္စလာမ့်ကိုယ်စားပြုကောင်းဖြစ်စေခြင်းတို့သည် Islamophobia ဒဏ်ရာများကို ကုစားနိုင်ပါလိမ့်မည်။ ထို့ပြင် ယုံတမ်းစကားများကိုလည်း ဖယ်ထုတ်ပစ်နိုင်ပါလိမ့်မည်။ မတူကွဲပြားမှုများအပေါ် အမျက်မဖြစ်ပါစေနှင့်။ “ ထို့ပြင် အနန္တကရုဏာတော်ရှင်၏ ကျွန်များသည် မြေပထ၀ီပေါ်တွင် ညင်သာစွာ သိက္ခာရှိရှိ လျှောက်လှမ်းကြသည်။ ထို့ပြင် ပညာမဲ့များသည် သူတို့အား (ရုန့်ရင်းစွာ) ဦးတည်ပြောဆိုပါကလည်း သူတို့သည် ၎င်းတို့အား ငြိမ်းချမ်းသည့်စကားများကိုသာ ဆိုကုန်ကြ၏ ” ဆိုသော ကုရ်အာန်ကျမ်းလာ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်အား အစဉ်နှလုံးသွင်းလေလော့။

    xxxxxxxxxxxxxxxxxx

    Theresa Corbin ၏ 5 effective weapons to combat Islamophobia ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။