News @ M-Media

Blog

  • လီဗာပူး မနှစ်ကထက် ခြေစွမ်းထက်ညံ့နေကြောင်း နည်းပြရောဂျာဝန်ခံ

    လီဗာပူး မနှစ်ကထက် ခြေစွမ်းထက်ညံ့နေကြောင်း နည်းပြရောဂျာဝန်ခံ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    456524_heroa
    – မိမိတို့အသင်းမှာ ယမန်နှစ်စွမ်းဆောင်ရည်အောက်ကို ရောက်ရှိနေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံခဲ့ပြီး ကစားသမားမျာအနေဖြင့် အရှုံးများကို နောက်တွင်ချန်ကာ လာမည့်ပွဲအတွက် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။

    အနှစ် ၂၀ အတွင်း အကောင်ဆုံးခြေစွမ်းများကို ပြသ၍ ယမန်နှစ်က အဆင့် ၂ နေရာအထိ ရောက်ရှိခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ၅ ပွဲကစားပြီးချိန်တွင် ၃ ပွဲအထိ ရှုံးနိမ့်ထားသည်။

    ရော်ဂျာကမူ ထိုရှုံးနိမ့်မှုများအား မေ့ပစ်ကာ လာမည့်ပွဲတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ရေး တိုက်တွန်းခဲ့ကာ၊ မိမိတို့အသင်း ခံစစ်ကို ပြုပြင်ရမည်ဟုဆိုသည်။

    “ပွဲတွေမှာ ကျွန်တော်တို့ အမှားတွေလုပ်ခဲ့ပြီး ဒါတွေကို စွဲလမ်းမနေဖို့ လိုပါတယ်။ ကျွန်တော်တို့ အလုပ်ပြန်လုပ်ရမှာပါ။ အရင်ဆုံးလုပ်ရမှာကတော့ ခံစစ်ကို တောင့်တင်းအောင်လို့ပါ။ နောက်ပြီး တစ်သင်းလုံး ပိုကောင်းဖို့လိုပါတယ်” ဟု ရော်ဂျာက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ ယနေ့ညတွင် လိဂ်ဖလားပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

  • ဆီးရီးယားရှိ ISIL အဖွဲ့အား အမေရိကန်နှင့် မဟာမိတ်များ စတင်တိုက်ခိုက်

    ဆီးရီးယားရှိ ISIL အဖွဲ့အား အမေရိကန်နှင့် မဟာမိတ်များ စတင်တိုက်ခိုက်

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    US and allies strike ISIL targets in Syria
    – မဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဆီးရီးယားရှိ ISIL အဖွဲ့ ထိန်းချုပ်ထားသည့် ဒေသကို အမေရိကန်နှင့် မဟာမိတ် အာရပ်နိုင်ငံများက ယနေ့နံနက်စောစောပိုင်းတွင် စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်မှုတွင် အမေရိကန်နှင့်အတူ ဘာရိန်း၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့ ပါဝင်ကြသည်ဟု အမေရိကန်က ကြေညာခဲ့သည်။ အမေရိကန် ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ တွမ်ဟော့ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုမှာ ပထမအကျော့ဖြစ်ပြီး တိုက်ခိုက်မှုအကြိမ် ၂၀ ပါဝင်ခဲ့ကာ မိနစ် ၉၀ ကြာမြင့်ခဲ့သည်။

    မည့်သည့်နေရာသို့ တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်က ဖော်ပြခဲ့ခြင်း မရှိသော်လည်း ISIL အဖွဲ့၏ ခြေကုပ်ယူထားရာ ရက်ကာမြို့ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုရှယ် မီဒီယာများတွင် ဖော်ပြနေကြသည်။

    ဆီးရီးယားရှိ ISIL အား တိုက်ခိုက်ရန်အတွက် အမေရိကန်က မဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ၂ ပတ်အကြာတွင် ယခုကဲ့သို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံတိုက်ခိုက်မှုများလည်း ဆက်လက်ပြုလုပ်သွားရန် ရှိနေသည်။

    ref_ Al Jazeera and agencies

  • နိုင်ငံတကာ ဟာလာလ် ခရီးသွား လုပ်ငန်းဆိုင်ရာ ပထမဆုံး ညီလာခံတစ်ခု စပိန်တွင် ပြုလုပ်

    နိုင်ငံတကာ ဟာလာလ် ခရီးသွား လုပ်ငန်းဆိုင်ရာ ပထမဆုံး ညီလာခံတစ်ခု စပိန်တွင် ပြုလုပ်

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    SpainHosts-First-Halal-Tourism-Confab_
    – ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍတွင် ဟာလာလ် ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုကို သိရှိစေရန်နှင့် နောက်ဆုံးရ အချက်အလက်များကို မျှဝေရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်းသူများ ပါဝင်သည့် ပထမဆုံးအကြိမ် နိုင်ငံတကာ ဟာလာလ် ခရီးသွားလုပ်ငန်း ညီလာခံကို စပိန်နိုင်ငံ ဂရာနာဒါတွင် ယမန်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါညီလာခံကို စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်၊ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဟာလာလ် ခရီးသွားလုပ်ငန်းအား နားလည်မှု၊ ကိန်းဂဏန်း အချက်အလက်များအား တင်ပြခြင်း၊ စီးပွားရေးနှင့် အလားအလာများ၊ မွတ်စလင် ခရီးသွားများနှင့် စားသုံးသူများ လိုအပ်ချက် စသဖြင့် ခေါင်းစဉ်ငါးခု သတ်မှတ်ထားသည်။

    “ဒါဟာ ဟာလာလ်ခရီးသွားလုပ်ငန်းအတွက် ကြီးမားတဲ့ အခမ်းအနား တစ်ခုပါပဲ။ ဒီညီလာခံမှာ လက်ရှိဈေးကွက်ပုံစံကို တိုက်ရိုက်တုံ့ပြန်မှုတွေအကြောင်း ဆွေးနွေးပြီး ဒီကဏ္ဍအတွက် လိုအပ်ချက်တွေကိုလည်း အသေးစိတ် ဆန်းစစ်ဖြေရှင်းနေပါတယ်။ ဒီပွဲဟာ ဟာလာလ် ခရီးသွားလုပ်ငန်းအတွက် အသေးစိတ်အချက်အလက်တွေကို လေ့လာဆန်းစစ်ဖို့ ကျင်းပတဲ့ ပထမဆုံး နိုင်ငံတကာပွဲလည်းဖြစ်ပါတယ်” ဟု အဆိုပါ ညီလာခံကို စီစဉ်သူ CMM မှ တာဝန်ရှိသူ အမျိုးသမီး သတ်စ်နင်းမ် မဟ်မူးဒ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထိုညီလာခံတွင် ရင်းနှီးမြှုပ်နှံသူများအား ဈေးကွက်နှင့် ပတ်သက်သည့် ဗဟုသုတများ၊ ထိုကဏ္ဍအတွက် ရေရှည် ခန့်မှန်းချက်များ၊ ဈေးကွက်အတွင်း မည်ကဲ့သို့ ထိုးဖောက်ရမည်ကို နားလည်စေရန်အတွက် နည်းလမ်းများ စသည်တို့ကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

    “မွတ်စလင်တွေဟာ အားလပ်ရက်မှာ ခရီးသွားတာတွေ တိုးလားပြီး၊ ဒီဏ္ဍဟာ လျင်မြန်စွာ ကြီးထွားလာနေတာကြောင့် နိုင်ငံတိုင်းနဲ့ စီးပွားရေးလုပ်ငန်းတိုင်းဟာ ဟာလာလ်ခရီးသွားလုပ်ငန်းကို ဆန်းစစ်လေ့လာဖို့ လိုအပ်နေပါပြီ။ ခရီးသွားကဏ္ဍ အစိတ်အပိုင်းအားလုံးအတွက် ဒါဟာ ကြီးမားတဲ့အခွင့်အလမ်းကို ဖြစ်ပေါ်စေပါတယ်” ဟု သတ်စ်နင်းမ်က ထပ်လောင်းလောင်းပြောကြားခဲ့သည်။

    ဟာလာလ် ခရီးသွားလုပ်ငန်းအား ဆွဲဆောင်ခြင်း၊ မဟာဗျူဟာများ ချမှတ်ခြင်းနှင့် အဓိက ခရီးသွားကဏ္ဍအတွင်း အဆိုပါလုပ်ငန်း၏ အနာဂတ် စသည်တို့အတွက် နည်းလမ်းများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကာ ကျွမ်းကျင်သူများ၏ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မည့်ကဏ္ဍများနှင့် ဟာလာလ်ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြပွဲများလည်း အဆိုပါ ညီလာခံတွင် ပါဝင်မည်ဖြစ်သည်။

    ဟာလာလ်ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ထရီလီယံရှိခဲ့ပြီး ဆက်လက်မြင့်မားနေကာ ၂၀၁၈ ခုနှစ်တွင် ၁.၆ ထရီလီယံအထိ ရှိလာမည်ဟု မွတ်စလင်ဈေးကွက်သုသေသနပညာရှင် ဒီနာရ်စတန်းဒက်က ပြောကြားခဲ့သည်။

    ref_OnIslam

  • စည်သူအောင်မြင့် – “ တစ်ဖက်မှာ ငြိမ်းချမ်းရေး၊ တစ်ဖက်မှာ အမုန်းတရား ”

    စည်သူအောင်မြင့် – “ တစ်ဖက်မှာ ငြိမ်းချမ်းရေး၊ တစ်ဖက်မှာ အမုန်းတရား ”

    စည်သူအောင်မြင့်
    မဇ္ဈိမ သတင်းစာ၊ ၂၃-၉-၁၄။ စာ-၉။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်နဲ့ အခြားနယ်မြို့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ စီနီယာဝန်ကြီး ဦးစိုးသိန်း၊ ၀န်ကြီးဦးခင်ရီ နဲ့ အစိုးရ တာဝန်ရှိသူတွေ၊ ပဒိုကွယ်ထူးဝင်းလို လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာသည်တွေနဲ့ ပြည်သူ တစ်ချို့ တက်ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခန်းအနား တစ်ခုကိုလည်း ရန်ကုန် ရွှေလီလမ်းက ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ အလားတူ ညနေ ပိုင်းမှာ ငြိမ်းချမ်းရေး အတွက် ချီတက် လမ်းလျောက်တာတွေ၊ ငြိမ်းချမ်းရေး ဘောလုံးပွဲတွေကိုလည်း ကျင်းပခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒါပေမယ့်လည်းပေါ့လေ။ စက်တင်ဘာ ၂၀ ရက်နေ့တုန်းက မကွေးတိုင်း ပခုက္ကူမြို့နယ် ၊ မြစ်ခြေ ကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့တာကိုတော့ အဲဒီ ငြိမ်းချမ်းရေး အခန်းအနား က လူတွေ သတိ မထားမိလိုက်ကြပါဘူး။ မြစ်ခြေမှာ ဘာဖြစ်ခဲ့သလဲ၊ တိုင်းပြည် ငြိမ်းချမ်းရေး လို့ ပြောဆိုရာမှာ လက်နက်ကိုင် ပဋိပက္ခ တစ်ခုကိုပဲ ရည်ရွယ်သလား၊ အဲဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ပြသနာတွေရော မပါဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

    မြစ်ခြေမှာ ဖြစ်တဲ့ ပြသနာကလည်း ရှေ့မှာ ဖြစ်ခဲ့ဖူးတဲ့ အခြား ဘာသာရေး လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုတွေလိုပဲ ထူးခြားတဲ့ ပြသနာ တစ်ခုတော့ မဟုတ်ပါဘူး။ “အမျိုးသမီး နှစ်ယောက် အကြွေးကိစ္စ စကားများ ရန်ဖြစ်” တာကနေ စတာလို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောက်ပိုင်း အမျိုးသမီးတစ်ယောက်က တစ်ဖက်၊ အိမ်ရှင် လင်မယားက တစ်ဖက် ရိုက်နှက်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ (အသေးစိတ် အချက်အလက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။) ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရိုးရိုး လူပုဂ္ဂိုလ်တွေကြားက ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပဋိပက္ခ ပြသနာတွေပါ။ လူဦးရေ ၅၁ သန်းနေထိုင်တဲ့ မြန်မာနိုင်ငံထဲမှာ နေ့တဓူဝ ဖြစ်နေ ပျက်နေတဲ့ ပြသနာတွေထဲက သိပ်ပြီး မကြီးကျယ်တဲ့ ပြသနာ တစ်ခုပါ။ နစ်နာသူက ရဲကိုတိုင်၊ ရဲက လိုအပ်သလို အရေးယူ တယ်ဆိုရင် ပြသနာက ပြီးပါပြီ။ အခြား ပြသနာ အားလုံး အဲဒီ နည်းနဲ့ပဲ ပြီးသွားခဲ့ရတာပါပဲ။ ဒါပေမယ့် မြစ်ခြေမှာတော့ အဲလို ပြီးမသွားခဲ့ပါဘူး။

    ပြသနာဖြစ်တဲ့ လင်မယားဘက်က လင်ယောက်ျား ဖြစ်သူဟာ ဘာသာခြား ဖြစ်တယ် ဆိုတဲ့ အကြောင်း တစ်ခုထဲနဲ့ လူစုလူဝေး ဖြစ်ပေါ်ပါတယ်။ နောက်ပိုင်း ဖြစ်နေကြ ထုံးစံအတိုင်း လူအုပ်စုကြီးဟာ အဲဒီနေအိမ်ကို ခဲနဲ့ပေါက် အကြမ်းဖက်ပါတယ်။ ဒီလောက်တင်မက ပါဘူး။ ဘာသာရေး အဆောက်အဦ ဗလီ တစ်လုံး၊ ဈေးဆိုင်နဲ့ နေအိမ် ကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ အခြား ဖြစ်စဉ်တွေမှာလိုပဲ လူအချင်းချင်း စကားများ ပြသနာ ဖြစ်ရာကနေ လူအုပ်ကြီးက ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှု ကျူးလွန်ကြတာပါ။ အခု နောက်ဆုံး အခြေအနေ ရဲက ပြသနာဖြစ်တဲ့ ဘာသာခြား လင်ယောက်ျားနဲ့ သူ့ဇနီးကို ဖမ်းဆီးပြီး ပုဒ်မ ၃၂၅၊ ၃၅၄၊ ၂၈၉၊ ၃၄၆ နဲ့ အရေးယူထားပါပြီ။ ဗလီ နဲ့ နေအိမ် ဈေးဆိုင်ခန်း ဖျက်ဆီးသူတွေကိုလည်း ရဲက စုံစမ်းနေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ ဧရိယာကို မကွေးတိုင်း ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေကိုယ်တိုင် သွားရောက်ပြီး နောက်ထပ် ပြသနာ ထပ်မဖြစ်ရအောင် လုံခြုံရေးလည်း တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်ကတော့ ဒါပါပဲ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ အတိုင်း မထူးဆန်းတဲ့ ဖြစ်စဉ်ပါပဲ။

    အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြသနာ ဖြစ်လိုက်တိုင်း ပြသနာရဲ့ ဇာစ်မြစ်ကို ဘယ်တော့မှ မကိုင်တွယ်ပဲ သာမန် ပြသနာ စဖြစ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပြတာလောက်ပဲ လုပ်ခဲ့တာကြောင့် တိုင်းပြည်ထဲက အမုန်းတရား လောင်စာ လျော့မသွားပဲ ပြသနာ ဆိုတဲ့ မီးပွားလေး တစ်စ လွင့်လာတာနဲ့ ထ ထ လောင်နေတာ ဖြစ်ပါတယ်။

    တကယ်တော့ မန္တလေးမှာ လူသေစေတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ၃ လလောက်ပဲ ရှိသေးတဲ့အချိန် အခု မြစ်ခြေမှာ ပြန် ဖြစ်ပွားတာပါ။ ဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်း ပြန်ပြန် ဖြစ်နေတာနဲ့ ပါတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန က ပြသနာတွေ ထပ်မဖြစ်အောင် ဇစ်မြစ် အကျဆုံး၊ အရင်းအမြစ် အကျဆုံး ပြသနာကို မဖြေရှင်းသေးသ၍ အချိန်မရွေး၊ နေရာမရွေး ထပ် ထပ်ပြီး ဖြစ်ဦးမှာပဲ ဆိုတာ အကြိမ်ကြိမ် အခါခါ ပြောဆိုဝေဖန်မှုတွေ ရှိထားနှင့်ပြီးလဲ ဖြစ်ပါတယ်။

    အခုဖြစ်စဉ်မှာလည်း အရင် ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဟောင်းတွေလိုပါပဲ။ ပြည်သူ အချင်းချင်း ပြသနာ ဖြစ်တယ်လို့ မရှုမြင်ပဲ ဘာသာခြားက လုပ်တယ်၊ ဒါကြောင့် အဲဒီ ဘာသာနဲ့ ပါတ်သက်တာ အားလုံးကို အကြမ်းဖက်ရမယ် ဆိုတဲ့ အမုန်းတရား ပြည်သူတွေထဲမှာ ကိန်းအောင်းနေတာကြောင့် ခုလို ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု ကျူးလွန်မိကြတာပါ။ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြသနာ ဖြစ်လိုက်တိုင်း ပြသနာရဲ့ ဇာစ်မြစ်ကို ဘယ်တော့မှ မကိုင်တွယ်ပဲ သာမန် ပြသနာ စဖြစ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပြတာလောက်ပဲ လုပ်ခဲ့တာကြောင့် တိုင်းပြည်ထဲက အမုန်းတရား လောင်စာ လျော့မသွားပဲ ပြသနာ ဆိုတဲ့ မီးပွားလေး တစ်စ လွင့်လာတာနဲ့ ထ ထ လောင်နေတာ ဖြစ်ပါတယ်။ မန္တလေး အကြမ်းဖက်မှု ဖြစ်စဉ်တုန်းကလည်း မတရားပြုကျင့်ခံရပါတယ် ဆိုပြီး လိမ်လည် တိုင်တန်းသူတွေကိုပဲ အလွန့်အလွန် ပြင်းပြင်းထန်ထန် အရေးယူပြတာ လုပ်ပါတယ်။ အမုန်းတရား ဖြန့်ဖြူးနေသူတွေ၊ အဲဒီ လူလည်း သိပ်မသိ၊ မရေရာ မသေခြာတဲ့ အမှုကို တည်ကြက်လုပ်ပြီး ပြည်သူတွေ မငြိမ်မသက်ဖြစ်အောင်၊ အမုန်းမီး ပွားသထက် ပွားအောင် မကျယ်ပြန့် ကျယ်ပြန့်အောင် လုပ်သူတွေ၊ လက်တွေ့အကြမ်းဖက်ဖို့ FaceBook သုံးပြီး လှုံ့ဆော်ခဲ့သူတွေကို သိပါလျက်၊ ရှိပါလျက် အရေးယူမှု လုံးဝ မလုပ်ခဲ့တာတွေကလည်း နောက်နောင် အကြမ်းဖက်မှုတွေ ထပ်ထပ် ဖြစ်အောင် တံခါး “ဟ” ထားပေးသလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

    လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံလို တိုင်းပြည် တစ်ပြည်မှာ အဲဒီ အမုန်းတရား လောင်စာ ရှိနေသ၍၊ လောင်စာ ဖြန့်ဖြူးနေသူတွေကို အရေးမယူသ၍ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့ တိုင်းပြည်လို့ ဘယ်လိုမှ မခေါ်နိုင်ပါဘူး။ နောင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီး သေနတ်သံ စဲသွားတဲ့တိုင် ခုလို အမုန်းတရားတွေ ရှိနေရင် ငြိမ်းချမ်းတဲ့ တိုင်းပြည်အဖြစ် ပြောနိုင်ဦးမှာလည်း မဟုတ်ပါဘူး။ လက်ရှိ ဖြစ်စဉ်မှာကိုပဲ အမုန်းတရား ဖြန့်ဖြူးမှုတွေ ပြောင်ပြောင်တင်းတင်း ဆက်ပြီး လုပ်နေတာတွေ ရှိနေပါတယ်။ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ FaceBook စာမျက်နှာမှာ ခုလို ရေးထားပါတယ်။ “အယ်လ်ကေးဒါတွေက ဂျီဟဒ်လုပ်ဖို့ လူမုန်းများတဲ့ ကုလားဆိုးတွေကို သွေးထိုးပေးနေကြတာပါ။ သူတို့လိုချင်တဲ့ အကွက်ထဲဝင်သွားရင် အကြောင်းပြ လှလှနဲ့ ဂျီဟဒ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ရွှေမြန်မာတွေ သတိဝီရိယနှင့် နေကြပါ။” တဲ့။ ကြောက်စရာ မှတ်ချက်ပါ။ တိုင်းပြည်အတွက် ရင်လေးစရာပါ။
    အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ အမုန်းတရား ဖြန့်ဖြူးမှုတွေကို ရပ်တန့် လျော့နည်းသွားအောင် မလုပ်ပဲ၊ ခုလိုပဲ ဆက်ပြီး လွှတ်ထားနေဦးမယ် ဆိုရင် မြန်မာပြည်ဟာ ငြိမ်းချမ်းတဲ့ တိုင်းပြည် ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါကြောင်း ထပ်ပြီး သတိပေးပါရစေ။

    စည်သူအောင်မြင့်။

  • နိုင်ငံတကာ အာကာသစခန်း သို့ 3D printer ပိုဆောင်

    နိုင်ငံတကာ အာကာသစခန်း သို့ 3D printer ပိုဆောင်

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media

    10672210_10152713630598166_8547542414419798269_n

    ဒီတစ်ခေါက် နိုင်ငံတကာအာကာသစခန်း ISS ကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေထဲမှာ 3D printer တစ်လုံးလည်း ပါဝင်ပါတယ်။

    ပလပ်စတစ်ကုန်ကြမ်းတစ်မျိုးကို အသုံးပြုပြီး ISSမှာ လိုအပ်တဲ့ အပိုပစ္စည်းတွေကို 3D printerနဲ့ ထုတ်လုပ်ပြီး အစားထိုးတပ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။

    SpaceX ကDragon capsule ကိုFalcon 9 ဒုံးပျံနဲ့ တနင်္ဂနွေနေ့မနက်က လွှတ်တင်လိုက်ပါတယ်။

    Dragon capsule ထဲမှာ နိုင်ငံတကာအာကာသစခန်းကို ပို့ဆောင်မယ့် အလေးချိန်ပေါင်၅၀၀၀စာ ကုန်ပစ္စည်းတွေ သယ်ဆောင် သွားပါတယ်။ အခြား သယ်ဆောင်သွားတဲ့ အရာတွေကတော့ ကြွက်အကောင် ၂၀။ ကြွက်ကို ဓါတ်မှန်ရိုက်ဖို့ စက်။ ယင်ကောင် အကောင် ၃၀ နဲ့ ပင်လယ်ပြင်ပေါ်က လေစီးကြောင်းကို တိုင်းတာဖို့ စက်ကိရိယာ တွေပါဝင်ပါတယ်။

    တင်ဆက်သူ- daythanix