News @ M-Media

Blog

  • ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း

    ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    455542_heroa
    – ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီး အသင်းအား တည်ဆောက်နေချိန်တွင် ပရိတ်သတ်များအနေဖြင့် စိတ်ရှည်ကြရန် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့် အပြောင်းအရွှေ့တွင် တိုက်စစ်မှူးဆွာရက်ဇ်အား ရောင်းချခဲ့ပြီးနောက် ကစားသမား ၈ ယောက်အထိခေါ်ယူကာ အသင်းအား ပြန်လည် တည်ဆောက်ခဲ့သော်လည်း ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် ၂ ပွဲအထိ ရှုံးနိမ့်ထားခြင်းကြောင့် ရော်ဂျာအပေါ် ဝေဖန်မှုများ ရှိနေသည်။

    “မှော်ဆန်တဲ့ ဖော်မြူလာတော့ မရှိပါဘူး။ လေ့ကျင့်ကွင်မှာ မပြောင်းလဲတဲ့ ပုံစံအတိုင်းသာ ဆက်သွားနေတာပါ။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကို ကျွန်တော် သတိရနေပါတယ်။ အသင်းက ဂိုးရနိုင်ပါ့လားလို့ ကျွန်တော်အမေးခံခဲ့ရပြီး အဆုံးမှာတော့ ကျွန်တော်တို့ ၁၀၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အချိန်နဲ့ စိတ်ရှည်မှုလိုပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ကစားသမားအသစ်များမှာလည်း အသင်း၌ အံဝင်လာပြီး၊ အခြေကျလာကြောင်း မိမိ၏အတွေ့အကြုံအရ ပြောရလျှင် မိမိတို့အသင်းမှာ ပိုမိုတောင့်တင်းလာမည်ဖြစ်ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။

  • စကောတလန်အား ယူကေမှ မခွဲထွက်လိုသူများ ပြည်သူဆန္ဒ ခံယူပွဲတွင် အနိုင်ရ

    စကောတလန်အား ယူကေမှ မခွဲထွက်လိုသူများ ပြည်သူဆန္ဒ ခံယူပွဲတွင် အနိုင်ရ

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    scotland-collage_3044029b
    – ယူကေမှ ခွဲထွက်ရေး စကော့တလန်တွင်ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ၌ တွဲရေးဘက်က အနိုင်ရရှိခဲ့သည်ဟု ယနေ့တွင်ထုတ်ပြန်ခဲ့သော မဲရလဒ်များအရ သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ပြည့်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံတစ်ဝှမ်းမှ မဲပေးပိုင်ခွင့်ရှိသူ ၄.၂ သန်းက မဲပေးခဲ့ကြပြီး မဲရေတွက်ရေး စစ်တာ ၃၂ ခုအနက် ၃၁ ခုက ရလဒ်များကို ယနေ့တွင် ကြေညာခဲ့ကာ ခွဲထွက်ရေးကို မထောက်ခံသည့် မဲအရေအတွက်မှာ ၅၅ ရာခိုင်နှုန်းရှိခဲ့သည်။

    ခွဲထွက်ရေးလှုပ်ရှားသူ အဲလက်စ် ဆဲလ်မွန်ကမူ မိမိတို့ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပြီး မဲရလဒ်ကို လက်ခံရန်အတွက်လည်း စကော့ပြည်သူများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို ဒီမိုကရက်တစ် နည်းလမ်းအတိုင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မဲပေးသူရာခိုင်နှုန်းမှာ ၈၆ ရာခိုင်နှုန်းရှိခဲ့ပြီး စကော့တလန်သမိုင်းတွင် စံချိန်တင် မဲပေးသူအရေအတွက်လည်း ဖြစ်ခဲ့သည်။

    ref_Al Jazeera and agencies

  • ယခုနှစ် သြဂုတ်လကုန်ပိုင်း အထိ တရားမ၀င် လက်နက် ကိုင်ဆောင်သူ ၁၅၀ ကို ဖမ်းဆီးထား

    ယခုနှစ် သြဂုတ်လကုန်ပိုင်း အထိ တရားမ၀င် လက်နက် ကိုင်ဆောင်သူ ၁၅၀ ကို ဖမ်းဆီးထား

    စက်တင်ဘာ- ၁၉ ၊ ၂၀၁၄
    M-Media
    Bomb-found-Sittwe
    – ယခုနှစ် သြဂုတ်လကုန်ပိုင်း အထိ မြန်မာနိုင်ငံတွင် တရားမ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅၀ ရှိသည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော အစိုးရ သတင်းရင်းမြစ်များအရ သိရသည်။

    ထိုအထဲမှ ၅၄ ဦးမှာ လက်ပစ်ဗုံးများ၊ ကျည်ဆံများ အပါအ၀င် လက်နက်မျိုးစုံ ၆၀ ခန့်ကို လက်ဝယ်ထားရှိမှု၊ လက်နက်နှင့် စပ်ဆက်သည့် အမှု ၄၅ ခု တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

    မြန်မာနိုင်ငံ၏ ဥပေဒအရ တရားမ၀င် လက်နက်ကိုင်ဆောင်သူများကို ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ အပြစ်ပေးနိုင်သည်။ ၂၀၁၃ ခုနှစ်တွင် တရားမ၀င် လက်နက်ကိုင်ဆောင်သူ ၁၀၆ ဦး နှင့် တရားမ၀င် လက်နက် ၉၀ ကို  ဖမ်ဆီးခဲ့သည်။

    မကြာသေးမီကပင် လေသေနတ်ကိုင်ဆောင်သူများအနေဖြင့် လာရောက်အပ်နှံကြရန် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးပိုင် စက်လှေပေါ်တွင် လက်ပစ်ဗုံးများနှင့် ယမ်းတောင့်များကို ဖမ်းဆီးရမိခဲ့ပြီး စက်လှေပိုင်ရှင်ကမူ စက်လှေလုံခြုံရေးအတွက် ထားရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ ဥပဒေအရ အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှလွဲ၍ မည်သူမှ လက်နက်ကိုင်ဆောင်ခွင့် မရှိချေ။

    ဓါတ်ပုံအညွန်း- ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ လက်ပစ်ဗုံးများ တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့သူ ၂ ဦး
    ဓါတ်ပုံ- နိရဉ္ဖာရာ

    ref_IANS

  • ပုံနှိပ်တော်လှန်ရေး အစပျိုးရာ စက္ကူ စက်ရုံများ၏ မူလဇစ်မြစ်

    ပုံနှိပ်တော်လှန်ရေး အစပျိုးရာ စက္ကူ စက်ရုံများ၏ မူလဇစ်မြစ်

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    The Beginning of the Paper Industryစက္ကူကို တရုတ်ပြည်မှ မွတ်စ်လင်မ်တို့က စတင်ဖော်ဆောင်လာခဲ့ခြင်းဖြစ်သည်။ အေဒီ (၇၅၁)ခုနှစ်က တရုတ်နှင့် မွတ်စ်လင်မ်တို့ အကြားဖြစ်ပွားသော Tallas စစ်ပွဲနောက်ပိုင်း တရုတ် အကျဉ်းသားများက စက္ကူပြုလုပ်နည်းကို မွတ်စ်လင်မ်တို့ထံ ပြောပြခဲ့ကြသည်။ မွတ်စ်လင်မ်တို့က အတတ်ပညာ တစ်ရပ်မှသည် လုပ်ငန်းကြီး တစ်ခုသို့ အဆင့်မြင့်တင်ခဲ့သည်။ စက္ကူထုတ်အလုပ်ရုံငယ်များ မွတ်စ်လင်မ်ကမ္ဘာ အနှံ့ များပြားစွာ ဖြစ်ထွန်းလာရာ မွတ်စ်လင်မ်တို့၏ စက္ကူ ထုတ်လုပ်ခြင်း သြဇာက ပုံနှိပ်တော်လှန်ရေး အတွက် လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်။

    တရုတ်များက ပိုးစာပင် သစ်ခေါက်ကို အသုံးပြုခဲ့ကြသည်။ ယင်းနေရာတွင် မွတ်စ်လင်မ်တို့က လျှော်ချည်ဖြင့် ယက်လုပ်သောပိတ်ကို အစားထိုး အသုံးပြုလိုက်သည်။

    ပိတ်စ အ၀တ်စုတ်များကို ပြုတ်လိုက်ခြင်းဖြင့် အယ်လ်ကာလီ အကြွင်းအကျန်များ၊ ဖုန်အညစ်အကြေးများ သန့်စင်သွားသည်။ ၎င်းနောက် ယင်း အ၀တ်စုတ်များကို တူလေးများဖြင့် ရိုက်ကာ ပျော့ဖတ်အသွင် ဖြစ်စေသည်။ ထိုနည်းမှာ မွတ်စ်လင်မ်တို့မှ တီထွင်လိုက်သော မွမ်းမံ နည်းလမ်း တစ်ရပ်ဖြစ်၏။

    စက္ကူထုတ် အလုပ်ရုံ အများအပြားကို ဘဂ္ဂဒက်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုမှတဆင့် ကမ္ဘာ့နေရာ အသီးသီးသို့ ယင်းလုပ်ငန်း ပြန့်ပွား သွားသည်။ ဒမတ်စကပ်တွင် စက္ကူစက်ရုံများကို တည်ဆောက်ပြီး ဥရောပသို့ အဓိကတင်ပို့ခဲ့သည်။ နောင်သော် ဥရောပ၌ ကုန်ထုတ်လုပ်ငန်း တိုးတက်လာပြီး စက္ကူများကို ပိုမို များပြားစွာ၊ ဈေးနှုန်းချိုသာစွာ၊ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်လာကြသည်။

    စက္ကူထုတ်လုပ်ရေးနည်းပညာမှာ အီရတ်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းတွင် ပထမဦးဆုံး ထွန်းကားသည်။ ထို့နောက် အနောက်တိုင်းသို့ ပျံ့နှံ့ခဲ့သည်။ အာဖရိကတိုက်ရှိ ပထမဆုံး စက္ကူစက်ရုံကို အီဂျစ်၌ (၉၅၀)ခုနှစ်ဝန်းကျင်က တည်ထောင်သည်။ မော်ရိုကိုတွင် တည်ထောင်သော စက္ကူစက်ရုံမှတဆင့် စပိန်သို့ (၉၅၀)ခုနှစ်တွင် စက္ကူများ စတင်ရောက်ရှိသည်။ စပိန်နှင့် စစ္စလီမှ တဆင့် စက္ကူထုတ်လုပ်ခြင်း အတတ်ပညာမှာ စပိန်နှင့်အီတလီရှိ ခရစ်ယာန်တို့ထံ ပျံ့နှံ့သွားသည်။ အနောက်တိုင်း ခရစ်ယာန်လောက၌ ပထမဆုံး စက္ကူနှင့်ရေးသားပြုစုသော စာအုပ်မှာ (၁၂)ရာစုအလယ်လောက်က ကလောင်ရှင် Theophilus Presbyter ၏ “The Art of the Painter” ဖြစ်သည်။ ဘိုလော့ဂ်နာတွင် ပထမဆုံး စက္ကူစက်ရုံကို (၁၂၉၃)ခုနှစ်တွင် တည်ဆောက်သည်။ အင်္ဂလန်တွင် စက္ကူကို (၁၂၉၃) ခုနှစ်တွင် စတင်အသုံးပြုသည်။ (စက်မှုမထွန်းကားသည့်) အလယ်ခေတ် ကာလ ကျော်လွန် သွား ခဲ့သော်လည်း ဂျာမဏီ၌ (၁၄)ရာစုနှောင်းပိုင်းမှသာ အသုံးပြုသည်။ စက္ကူကို အများဆုံးနှင့်အဓိက ထုတ်လုပ်သည့် နေရာဌာနများမှာ အီတလီမြောက်ပိုင်း ဖြစ်ခဲ့သည်။

    ယနေ့ကာလ၌ စက္ကူကို သာမန် ပစ္စည်းအသွင်သာ မြင်နေရသော်လည်း ၎င်းအားအသုံးပြုမှုသည် ခေတ်သစ်လူ့ယဉ်ကျေးမှု၏ အခြေခံ အုဋ်မြစ် ဖြစ်ပါသည်။ Pedersen ၏ စကားဖြင့်ဆိုရလျှင် ဤကုန်ပစ္စည်းသစ်အား အသုံးပြုခြင်း၊ ကျယ်ပြန့်စွာထုတ်လုပ်ခြင်း၊ ထုတ်လုပ်ရေး နည်းလမ်းကို အဆင့်ဆင့် စနစ်ကျအောင် မြင့်တင်ခြင်းက – မွတ်စ်လင်မ်တို့သည် အစ္စလာမ့် ကျမ်းဂန်သမိုင်း သာမက ကမ္ဘာတစ်ခွင်ရှိ ကျမ်းစာအုပ်များ အတွက် မရှိမဖြစ် အရေးပါလှသော ပြီးပြည့်စုံသည့် အားထုတ်မှုတစ်ရပ်ကို ဆောင်ကြဉ်းဖြည့်ဆည့်ပေးခဲ့ သူများဖြစ်ကြောင်း ပြသနေပေသည်။

    မွတ်စ်လင်မ်တို့၏ စက္ကူ ထုတ်လုပ်ရေး အစပျိုး တီထွင်မှု အကျိုးတရားက ပုံနှိပ်စက် တီထွင်ခြင်းအတွက် လမ်းကြောင်းပေး လိုက်သော တော်လှန်ရေး တစ်ရပ်ကို မငြင်းသာအောင် ထင်ရှားစွာ ဖော်ဆောင်ပေးလိုက်ခြင်း ဖြစ်ပါတော့သည်။

    Ref : Muslim Heritage

    The Foundation for Science, Technology and Civilisation (FSTC) ၏ The Beginning of the Paper Industry ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ဘာသာ လူမျိုးပေါင်းစုံ ညီညွတ်ရေးတည်ဆောက်ရန် ရွှေဝါရောင်သံဃာများ မိန့်ကြား

    ဘာသာ လူမျိုးပေါင်းစုံ ညီညွတ်ရေးတည်ဆောက်ရန် ရွှေဝါရောင်သံဃာများ မိန့်ကြား

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    DVB (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    နော်နိုရင်း
    dvb4-622x421
    ဒီနေ့ကျရောက်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနေ့ ၇ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဘာသောပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ညီညွတ်ရေးတည်ဆောက်ဖို့ ရွှေဝါရောင်သံဃာတော်တွေက ကြေညာလိုက်ပါတယ်။

    ၇ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အဖြစ် အချက် ၄ ချက်ပါ ကြေညာချက်ကို သံဃာကော်မတီက ထုတ်ပြန်ထားပါတယ်။

    ဒီ ၄ ချက်ကတော့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမဖြစ်ပေါ်စေရေး၊ အခြေခံ ဒီမိုကရေစီလူ့အခွင့်အရေးများ အပြည့်အ၀ရရှိရေး၊ နောင် ကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတစွာ ပေါ်ပေါက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စုပေါင်းစွမ်းအားနဲ့ ပြောင်းလဲနိုင်ဖို့ ဘာသောပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ညီညွတ်မှုကို တည်ဆောက်ရေး စတဲ့ အချက်တွေဖြစ်ပါတယ်။

    ရွှေဝါရောင်နှစ်ပတ်လည်းအခမ်းအနားတွေကိုတော့ ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီရ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပရာမှာ ကျဆုံးသွားတဲ့ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေအတွက် ရည်စူးပြီး ဆွမ်းတွေကပ်လှူခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ အထိမ်းအမှတ် အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။

    ဒီအခမ်းအနားမှာတော့ သံဃာတော်အပါအ၀င် ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန် အစရှိတဲ့ ဘာသာ ရေးခေါင်းဆောင်တွေ တက်ရောက်ဟောပြောခဲ့သလို ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့လည်း ဟောပြောခဲ့ပါတယ်။

    အလားတူ မန္တလေးမြို့ ဓမ္မသီပ ကျောင်းတိုက်မှာလည်း ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမတ် သံဃာတော် ၄၅ ပါးကို ပင့်ဖိတ်ပြီးဆွမ်းကပ်ခဲ့သလို သံဃာတော် အပါး ၂၀၀ နဲ့ လူပေါင်း ၁၀၀ ကျော် တက်ရောက်တဲ့ အခမ်းအနားတခု ကျင်းပသွားပါတယ်။

    dvb2-622x439

    အဲဒီပွဲကို ဦးဆောင်ကျင်းပတဲ့ အထက်မြန်မာပြည် သံဃာ့သမဂ္ဂအဖွဲ့ချုပ် မန္တလေး အတွင်းရေးမှူး ဦးစိန်နိတ္တက ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့်ပြီဖြစ်ပေမယ့် အစိုရဘက်က တရားဝင်သံဃာတော်တွေကို တောင်းပန်တာ မရှိသေးတဲ့အတွက် သပိတ်မလှန်ရသေးဘူးလို့ ဦးစိန်နိတ္တက မိန့်ပါတယ်။

    ၂၀၀၇ ခုနှစ်က စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်လိုက်တဲ့အတွက် ကုန်ဈေး နှုန်းများ မြင့်တက်လာကာ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲတဲ့အတွက် စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူ သံဃာတော်တွေက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ တိုင်းပြည် အေးချမ်းရေး အတွက် လမ်းပေါ်ထွက် မေတ္တာပို့လမ်းလျှောက်ခဲ့ရာမှာ စစ်အစိုးရက သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

    http://burmese.dvb.no/archives/65338