News @ M-Media

Blog

  • ဂါဇာပြည်သူများ အတွက် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားပေးပို့

    ဂါဇာပြည်သူများ အတွက် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားပေးပို့

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    Plane-of-aid-to-Palestine-525x297
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသော ဂါဇာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားနိုင်ငံက ပေးပို့ခဲ့သည်ဟု သိရသည်။

    အစားသောက်များ၊ ဆေးဝါးများ ပါဝင်ပြီး ၅၅ တန်ရှိသည့် အဆိုပါ အကူအညီများကို တင်ဆောင်သော လေယာဉ်မှာ ကြာသာပတေးန့တွင် ဗင်နီဇွဲလားမှ ထွက်ခွာခဲ့ပြီး ယမန်နေ့က အီဂျစ်နိုင်ငံသို့ ရောက်ရရှိခဲ့သည်။ ထို့မှတစ်ဆင့် ဂါဇာကမ်းမြှောင်ဒေသသို့ ပေးပို့သွားမည်ဖြစ်သည်။

    ဗင်နီဇွဲလားဆိုင်ရာ ပါလက်စတိုင်း သံမတ်ကမူ ဗင်နီဇွဲလားမှ အကူအညီ တတိယအသုတ်ကို လာမည့် သီတင်းပတ်တွင် ပေးပို့သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပြည်သူများ ကူညီထောက်ပံ့ရန် သမ္မတ မာဒူရို အပါအ၀င် ဗင်နီဇွဲလား ခေါင်းဆောင်ပိုင်းက ပြည်သူများအား တောင်းဆိုထားသည်။

    ဘရာဇီးလ်၊ ဗင်နီဇွဲလားအပါအ၀င် လက်တင်အမေရိက နိုင်ငံများမှာ ပါလက်စတိုင်းပြည်သူများဘက်မှ အပြည့်အ၀ရပ်တည်ပေးခဲ့ပြီး ပါလက်စတိုင်းပိုင်နက်အား ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးနှင့် သံတမန်အဆက်အသွယ်ဖြတ်ခြင်း၊ သံအမတ်များပြန်လည်ခေါ်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    ref_The Middle East Monitor

  • IS မှာ အမေရိကန်မှ လက်နက်များ အသုံးပြုနေဟု ထိပ်တန်း စစ်ဆန့်ကျင်ရေး သမားပြော

    IS မှာ အမေရိကန်မှ လက်နက်များ အသုံးပြုနေဟု ထိပ်တန်း စစ်ဆန့်ကျင်ရေး သမားပြော

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    378654_ISIL-US-weapons
    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားသည့် IS အဖွဲ့မှာ အမေရိကန်မှ လက်နက်များကို အသုံးပြုနေသည်ဟု အမေရိကန် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဒွန် ဒီဘာက ပြောကြားခဲ့သည်။

    ဆီးရီးယားအစိုးရအား ဖြုတ်ချရန်အတွက် ၂၀၁၂ ခုနှစ်တွင် CIA မှ ဂျော်ဒန်တွင် လေ့ကျင့်ပေးခဲ့သော IS အဖွဲ့မှာ ဆီးရီးယားမြောက်ပိုင်း နယ်မြေအချို့ကို သိမ်းပိုက်ပြီးနောက် အီရတ်နိုင်ငံသို့ ယခုနှစ် ဇွန်လတွင် ၀င်ရောက်ခဲ့ပြီး နယ်မြေများကို ထပ်မံသိမ်းပိုက်ခဲ့သည်။

    ထို့ပြင် IS အဖွဲ့မှာ ပြီးခဲ့သည့်လက အမေရိကန် ဂျာနယ်လစ် ဂျိမ်းဖိုလေးကို သတ်ဖြတ်ခဲ့ပြီး ယခုလအစောပိုင်းကလည်း အခြား ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဆော့တ်လုဖ်အား ထပ်မံသတ်ဖြတ်ခဲ့သည်။ ဒီဘာကမူ ထိုသတ်ဖြတ်မှုမှာ IS အား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်အစိုးရအား နိုင်ငံရေးအရ အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “အမေရိကန်မီဒီယာတွေက မဖော်ပြတဲ့အရာတစ်ခုကတော့ IS အဖွဲ့ရဲ့လက်ထဲမှာရှိတဲ့ လက်နက်အများစုဟာ အမေရိကန်ကဖြစ်ပြီး ငွေကြေး အထောက်အပံ့တွေလည်း ပေးတယ်ဆိုတာပါပဲ။ အီရတ်စစ်ပွဲကို ဆန့်ကျင်တယ်လို့ ကျွေးကျော်ပြီး အိုးဘားမားက သမ္မတအဖြစ် ရွေးချယ်ခံရပေမယ့် အခုအခြေအနေက အမေရိကန်တွေ အီရတ်ကိုပြန်သွားဖို့ လွယ်လွယ်ကူကူ ခွင့်ပြုတဲ့ အခြေအနေမျိုးပါပဲ” ဟု ဒီဘာက ပြောကြားခဲ့သည်။

    အီရတ်ရှိ IS အဖွဲ့အား ပစ်မှတ်ထားသော လေကြောင်းမှတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းကလည်း ဆီးရီးယားရှိ IS အဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ရန် အိုဘားမားက ခွင့်ပြုခဲ့သည်။ ထို့ပြင်အမေရိကန်အစိုးရမှာ IS အား တွန်းလှန်မှုအတွက် မဟာမိတ်များကိုလိုက်လံစည်းရုံးနေသည်။

    ref_Press TV

  • မွတ်စလင်ကျောင်းသားများ အတွက် အတိုးမဲ့ချေးငွေ စနစ်ကို ဗြိတိန်အစိုးရ စတင်

    မွတ်စလင်ကျောင်းသားများ အတွက် အတိုးမဲ့ချေးငွေ စနစ်ကို ဗြိတိန်အစိုးရ စတင်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    UKIntroduces-Halal-Loans-for-Muslim-Students
    – ယူကေရှိ တက္ကသိုလ်စားရိတ်များ မြင့်တက်လာခြင်းကို ကျော်လွှားရေး ကူညီရန်နှင့် ယူကေတက္ကသိုလ်များတွင် မွတ်စလင်ကျောင်းသားများ တိုးလာစေရေး ရည်ရွယ်လှုပ်ရှားမှုအဖြစ် အစ္စလာမ့်နည်းကျ အတိုးမဲ့ ကာလရှည် ငွေချေးအစီအစဉ်ကို ဗြိတိန်အစိုးရက အတည်ပြုလိုက်သည်ဟု သိရသည်။

    အဆိုပါအစီအစဉ်အား Takafulဟု အမည်ပေးထားပြီး မွတ်စလင်ကျောင်းသားများအနေဖြင့် အစ္စလာမ်က တားမြစ်ထားသည့် အတိုးစနစ်မပါဘဲ ငွေချေးနိုင်ဖြစ်သည်။

    “Takaful အစီအစဉ်ကို လှူဒါန်းတဲ့ပုံစံ  ဒါမှမဟုတ် အကျိုးအမြတ်မယူတဲ့ ကာလရှည်ငွေချေးမှုပုံစံ ကနဦးငွေပမာဏနဲ့ စတင်တည်ထောင်သွားမှာဖြစ်ပြီး အပြင်အလှန်ပူးပေါင်းပါဝင်မှုနဲ့ အာမခံမှုတွေအပေါ် အခြေခံသွားမှာပါ” ဟု အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်သော အစီရင်ခံစာတွင် ဗြိတိန်စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျွမ်းကျင်မှုဌာန BIS က ဖော်ပြထားသည်။

    ဗြိတိန်တွင် “ရှရီအာနှင့် လျော်ညီသည့် လည်ပတ်နိုင်သောဘဏ္ဍာရေးစနစ်” ဆောင်ရွက်မှုအပေါ် အကြံဥာဏ်များရယူခဲ့ပြီး လေးလအကြာတွင် Takaful အစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

    လူပေါင်း ၂၀၀၀၀ ထံမှ အကြံဥာဏ်များ ရယူခဲ့ရာ ၉၃ ရာခိုင်နှုန်းက အတိုးစနစ်အသုံးပြုခြင်းကို ဘာသာရေးအရ ပိတ်ပင်မှုရှိနေသည့် ကျောင်းသားများအတွက် မြင့်တက်လာသော ကျောင်းစားရိတ်များနှင့် ကာလရှည်ချေးငွေများက ထိခိုက်စေကြောင်း တွေ့ရှိခဲ့ရသည်။

    ထို့ပြင် မွတ်စလင်ကျောင်းသားအများစုကလည်း ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် ကျောင်းစားရိတ်မြင့်တက်မှုနှင့် ဘာသာတရားနှင့် မကိုက်ညီသော အတိုးပေးရသည့် ကာလရှည် ငွေချေးစနစ်တို့ကြောင့် မိမိတို့မှာ ကျောင်းထွက်ခဲ့ရသည်ဟု ပြေကြားခဲ့သည်။

    ထိုကဲ့သို့ တွေ့ဆုံ အကြံအဥာဏ်ရယူမှုများ ပြုလုပ်ခဲ့ပြီးနောက် Takaful အစ္စလာမ့် ဘဏ္ဍာရေးနစ်ကို မွတ်စလင်ကျောင်းသားများအတွက် ကာလရှည်ချေးငွေပြဿနာအား ဖြေရှင်းပေးနိုင်မည့် အလားအလာရှိသော အဖြေတစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။

    အဆိုပါ ငွေချေးစနစ် ဖွံ့ဖြိုးလာရေး ဘဏ်များ၊ အခြားသော အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆက်သွယ်ကာ ဆောင်ရွက်နေကြောင်း၊ ပြည်သူအများစုက အဆိုပါစနစ်ကို လက်ခံကြပြီး၊ ထိုစနစ်အတွက် ရှင်းလင်းပြောဆိုမှုများ  ပိုမိုလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

    ref_OnIslam & News Agencies

  • ပုသိမ်ထီး အနုပညာပြပွဲ ကျင်းပ

    ပုသိမ်ထီး အနုပညာပြပွဲ ကျင်းပ

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- လမင်း

    1

    ရန်ကုန်။       ။ ကျန်းမာခြင်းဖြင့် ရွှင်လန်းအနုပညာအစွမ်း (Art for Health) အမည်ရှိ ပုသိမ်ထီး အနုပညာပြပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်တွင်ရှိသည့် Pansodan scene မှာ စက်တင်ဘာလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၆ နာရီအထိ ပြုလုပ်ကျင်းပလျက်ရှိပါသည်။

    “ကျွန်မတို့ရဲ့လုပ်ငန်းတွေကို ပိုမို တွင်ကျယ်နိုင်ရန် အတွက် ပန်းချီဆရာတွေနဲ့ ပူးပေါင်းပြီး ယခုကဲ့သို့ ပြပွဲပြုလုပ်ပြီး ပြပွဲမှ ရရှိလာတဲ့ ၀င်ငွေတွေကို ပန်းချီဆရာတွေကို တစ်ဝက်တိတိ ဂုဏ်ပြုချီးမြှင့်ပြီး ကျန်ရှိတဲ့ ငွေတွေကို အကျိုးရှိရှိ အသုံးချသွားမှာ ဖြစ်ပါတယ်” ဟု ပန်းချီပြပွဲမှ တာဝန်ခံ တစ်ဦးဖြစ်သူ တစ်ဦးက ရှင်းလင်းပြောဆိုခဲ့သည်။

    အဆိုပါ ပုသိမ်ထီး အနုပညာပြပွဲကို နွမ်းပါးသည့်သူများ အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်သော BBHC အဖွဲ့နှင့် ပန်းချီဆရာ ၃၀ ကျော်မှ ပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်ပါသည်။ ယင်းပုသိမ်ထီး အနုပညာပြပွဲတွင် ပုသိမ်ထီးများကို လေလံစနစ်ဖြင့် ရောင်းချပေး သွားမှာဖြစ်ကြောင်း သိရသည်။

    BBHC သည် မြန်မာပြည်သူများ၏ လက်ရှိကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်တွေကို တတ်သိနားလည်တဲ့ ပြည်တွင်းပြည်ပ ဆရာဝန်တွေနဲ့ ၂၀၀၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

  • စင်္ကာပူသို့ အမျိုးသမီး အိမ်အကူလုပ်သား စေလွှတ်ခြင်း မြန်မာမှ ယာယီ တားမြစ်ထား

    စင်္ကာပူသို့ အမျိုးသမီး အိမ်အကူလုပ်သား စေလွှတ်ခြင်း မြန်မာမှ ယာယီ တားမြစ်ထား

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media

    myannmar maid
    စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့် ရနိုင်ကြောင်း ကြေငြာထားစဉ် Photo: Nicolas Axelrod

    မဖွယ်မရာဆက်ဆံမှုနှင့် ညှင်းပန်းမှုများကြောင့် အမျိုးသမီးများကို စင်္ကာပူသို့ အိမ်အကူ လုပ်သားများ အဖြစ် စေလွှတ်ခြင်းကို မြန်မာအစိုးရမှ ယာယီ ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းအဖွဲ့ MOEAF မှ ပြောကြားသည်။

    ယာယီဆိုင်းငံ့ထားမှုသည် (၅)လနီးပါး အကျိုးသက်ရောက်မည်ဖြစ်ပြီး စင်္ကာပူရှိ အလုပ်သမားအေဂျင်စီ များနှင့် နားလည်မှု စာချွန်လွှာ ချုပ်ဆိုပြီးသည့်အခါ ချက်ခြင်း ပြန်လည်ရုပ်သိမ်းပေးမည်ဟု ဆိုသည်။ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန၏ အရာရှိတစ်ဦးက ဤဆိုင်းငံ့ချက်ကို အတည်ပြုပြောကြားသည်။

    စင်္ကာပူအလုပ်သမားအေဂျင်စီများအဖွဲ့ AEAS ၏ ဥက္ကဌ မစ္စ K. Jayaprema က မြန်မာသံရုံးသည် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းမှတဆင့် မည်သည့်ဆိုင်းငံ့ချက်ကိုမျှ မိမိအား အသိမပေးခဲ့ကြောင်း ဆိုသည်။

    သို့သော် အဖွဲ့အစည်းသည် လက်တွဲဖော် မြန်မာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ တစ်ရပ် အတွက် ဆွေးနွေးမှုများ ရှိနေကြောင်းကိုမူ လက်ခံခဲ့သည်။ ၎င်း MOU သည် လက်ရှိ၌ မူကြမ်းအဆင့်သာရှိပြီး ညှိနှိုင်းရမည့်အချက်များစွာ ရှိသေးကြောင်း သူမက ပြောကြားသည်။

    “ ကျွန်တော်တို့ဖက်က ယာယီဆိုင်းငံ့မှု ပြုလုပ်လိုက်ခြင်းသာဖြစ်ပါတယ်။ MOU လက်မှတ်ထိုးပြီး တဲ့နောက်မှာ ပြန်လည် စတင်ဆောင်ရွက်သွားပါမယ်။ စင်္ကာပူဖက်က အလုပ်သမားအေဂျင်စီတွေနဲ့ ဒီ MOU အတွက် ဆွေးနွေးနေဆဲဖြစ်ပါတယ်” ဟု  The Straits Times နှင့်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် MOEAF ဒုဥက္ကဌ ဦးစိုးမြင့်အောင်က ပြောဆိုခဲ့သည်။

    အိမ်အကူလုပ်သားအပေါ်ညှင်းဆဲခြင်းဖြစ်ကြောင်း ဆိုင်းငံ့မှု ရုတ်တရက်ခြင်းနှင့်ပတ်သက်၍ သူက “စင်္ကာပူမှာ မြန်မာအိမ် အကူလုပ်သားတွေကိုညှင်းဆဲတဲ့ ပြဿနာအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီသူတွေက ကျွန်တော်တို့ အေဂျင်စီက တဆင့်မဟုတ်ဘဲ တရားမ၀င်နည်းလမ်းနဲ့ သွားရောက်ခဲ့သူတွေပါ။ အရင်က ဒီလိုပြဿနာ မရှိခဲ့ပါဘူး။ အလုပ်သမား ၀န်ကြီးဌာနကလည်း ကျွန်တော်တို့ကို MOU မပါဘဲ လုပ်ကိုင်ခွင့်ပေး ခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ စင်္ကာပူက အေဂျင်စီတွေ စည်းဖောက်မှုတချို့ဖြစ်လာတယ်။ ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနက ဒီဆိုင်းငံ့ချက် ထုတ်ပြန်လိုက်တာပါ ” ဟူ၍ ရှင်းပြသည်။

    စင်္ကာပူတွင် အိမ်အကူလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးများ သုံးသောင်းမှ လေးသောင်း အထိရှိကြောင်း သတင်းများက ဖော်ပြသည်။ စင်္ကာပူအလုပ်ရှင်များထံမှ ထွက်ပြေးသော မြန်မာ အိမ်အကူလုပ်သားဦးရေ တိုးပွားလာကြောင်း ယမန်နှစ် ဧပြီလတွင်  The Straits Times က သတင်းဖော်ပြဖူးသည်။ လပေါင်းများစွာ လုပ်ခလစာ အလျဉ်းမရရှိဘဲ လုပ်ကိုင်နေရခြင်းကို မခံရပ်နိုင်ခြင်းက အကြောင်းတစ်ရပ် ဖြစ်၏။

    ယခုနှစ်အစောပိုင်း၌ မြန်မာအမျိုးသမီး စင်္ကာပူအိမ်အကူလုပ်သားတို့အား တစ်လလျှင် အနိမ့်ဆုံး လစာ ဒေါ်လာ ၄၅၀နှင့် တစ်လလျှင် နားရက် တစ်ရက်ပေးရန်၊ ၎င်းတို့၏လစာမှ အကျိုးဆောင်ခ လေးလစာ မဖြတ်တောက်ရန် အစိုးရမှ ဆန္ဒရှိကြောင်း မြန်မာမီဒီယာများမှ ဖော်ပြကြသည်။ ယခု MOU သည် ယင်းအဆိုပြုချက်များကို စည်းကမ်းချက်များဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “MOU လုပ်ပြီးရင်တော့ ကျွန်တော်တို့အားလုံး သဘောတူညီချက်အပေါ် လေးစားကြရပါမယ်။ ဒီ MOU က ကျွန်တော်တို့ပြည်တွင်းက ရွှေ့ပြောင်းလုပ်သားတွေအပေါ် အသုံးချခြင်းနဲ့ အခွင့်အရေးချိုးဖောက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်” ဟု ဦးစိုးမြင့်အောင်မှ ပြောကြားသည်။

    အိမ်ရှင်နိုင်ငံတစ်ခုနှင့် MOU ပြုလုပ်စေခြင်းမှာ AEAS အဖို့ ပထမဆုံးအကြိမ်ဖြစ်ကြောင်း Ms Jayaprema က ဆိုသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ၎င်းတို့၏ ပြည်ပလုပ်သားများအတွက် ကာကွယ်ရေးဥပဒေများ ရှိပြီးဖြစ်သည်။

    ဤနှစ်အစောပိုင်းတွင်လည်း ဟောင်ကောင်သို့ အိမ်အကူလုပ်သား(၁၉)ဦး ပထမဆုံးအသုတ် အဖြစ် ရောက်ရှိပြီးနောက် ထပ်မံစေလွှတ်ရေးကို မြန်မာဖက်မှ ရပ်တန့်လိုက်သည်။ ဟောင်ကောင်ရှိ အိမ်ရှင်မများသည် အင်ဒိုနီးရှား အိမ်ဖော်လေးတို့ကို လပေါင်းများစွာ စော်ကားညှင်းဆဲသည့်သတင်း ထွက်လာပြီးနောက် ယင်းသို့ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

    Ref : St Asia Report