စက်တင်ဘာ ၇ ၊ ၂၀၁၄
M-Media
– အပြာဇာတ်လမ်းရိုက်ရန် ဖိအားပေးသောကြောင့် ခင်ပွန်းဖြစ်သူအား သတ်ပစ်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ကြာသာပတေးနေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
အိန္ဒိယရုပ်ရှင်အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် ချန်ဒရာလေခါ အမည်ရှိ အမျိုးသမီးဖြစ်ပြီး အခြားလူနှစ်ဦးနှင့်အတူ အသက် ၃၅ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ပီတာ ပရင်ဇိုအား ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်ခဲ့ပြီးနောက် အခြားလူငါးဦး၏ အကူအညီဖြင့် အလောင်းအား တမီလ်နမ်ဒူတွင် သွားရောက်မြှုပ်နှံခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ပရင်ဇိုမှာ စီးပွားရေးတစ်ခုကို စွန့်စားလုပ်ဆောင်ခဲ့ရာတွင် အရှုံးပေါ်ခဲ့ပြီးနောက် ငွေးကြေးရေးဆိုင်ရာပြဿနာများ ရှိလာခဲ့ပြီး အခြား စီးပွားရေးလုပ်ငန်းရှင်များကို ပေးဆပ်ရမည့် ငွေကြေးပြဿနာကို ပြေလည်စေရန်အတွက် ချန်ဒရာအား အပြာကားရိုက်ရန် တောင်းဆိုခဲ့သည်။
နောက်ပိုင်းတွင် ချန်ဒရာအား အလွန်အကျွံ ဖိအားပေးလာသောကြောင့် ပရင်ဇို ဘန်ဂလောသို့ ခရီးသွားစဉ် ချန်ဒရာမှာ ပရင်ဇို အကြွေးပေးရန်ရှိနေသည့် စီးပွားရေး လုပ်ငန်းရှင် ၂ ဦးနှင့် ဆက်သွယ်ကာ ပရင်ဇိုအားသတ်ပစ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
ပရင်ဇိုခရီးမှပြန်လာချိန်တွင် ချန်ဒရာမှာ အဆိပ်ခပ်ထားသော နို့တစ်ခွက်ကို တိုက်ခဲ့ပြီး သတိမေ့မြောလုဆဲဆဲတွင် လုပ်ငန်းရှင် ၂ ဦးက ပရင်ဇိုအား လည်ပင်းညှစ်ကာ သတ်ဖြတ်ခဲ့သည်။ ထို့နောက် ပရင်ဇို၏ အလောင်းအား ကားထဲသို့ထည့်ကာ ပြည်နယ်မြောက်ပိုင်းရှိ မြို့တစ်ခုတွင် လူငါးဦး၏ အကူအညီဖြင့် မြှုပ်နှံခဲ့သည်။
ပရင်ဇိုပျောက်ဆုံးမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဂျပ်စတင်က ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပရင်ဇို၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာမှ အကြောင်းစုံကို သိရှိခဲ့ရသည်။
ချန်ဒရာလေခါမှာ ထွက်ပြေးတမ်းရှောင်နေသောကြောင့် ပြီးခဲ့သည့် ကြာသာပတေးနေ့ကမှ ဖမ်းဆီးနိုင်ခဲ့သည်။
ref_English Alarabiya
Leave a Reply
You must be logged in to post a comment.