News @ M-Media

Blog

  • နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့် ထိုင်းတွင် စစ်တပ် အာဏာသိမ်းပြီ

    မေ ၂၂ ၊ ၂၀၁၄
    M-Media

    201452002744877734_20
    – အင်္ဂါနေ့ မာရှယ်လော ထုတ်ပြန်ခဲ့သည့် စစ်တပ်မှာ အစိုးရအဖွဲ့အား ထိန်းချုပ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ယနေ့တွင် ကြေညာလိုက်သည်။

    ထိုင်းအစိုးရ၊ အတိုက်အခံနှင့် စစ်တပ်တို့ မြို့တော် ဘန်ကောက်တွင် နှစ်ရက်ကြာဆွေးနွေးမှု မအောင် မမြင်ဖြစ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ကာဖျူးကိုလည်း တစ်ဆက်တည်း ထုတ်ပြန်ခဲ့သည်။ မာရှေယ်လောထုတ်ပြီးကတည်းက ထိုင်းစစ်တပ်မှာ နိုင်ငံတစ်ဝှမ်းတွင် တပ်ဖြန့်ချခဲ့ပြီးဖြစ်သည်။

    စစ်တပ်က အာဏာ သိမ်းခဲ့သော်လည်း မိမိတို့မှာ ဆက်လက် ဆန္ဒပြသွားမည်ဟု ရှပ်နီခေါင်းဆောင် ဂျာတူပွန် ပရွမ်ပန်က ပြောကြားခဲ့ပြီး ဆန္ဒပြ အုပ်စုများကိုလည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ် သွားရန် တိုက်တွန်းခဲ့သည်။ ရှပ်နီအဖွဲ့မှာ စစ်တပ်မှ အာဏာသိမ်းပါက ခုခံသွားမည်ဟု ပြောကြားထားသော အဖွဲ့ဖြစ်သည်။

    ၁၉၃၂ ခု စည်းမျဉ်းခံဘုရင်စနစ် စတင်ခဲ့ပြီးကတည်းက ယခုအချိန်အထိ ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့သည့်မှာ ၁၂ ကြိမ်ရှိပြီဖြစ်သည်။

    Al Jazeera

  • မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း

    မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း

    မေ ၂၂၊ ၂၀၁၄
    Source: MRTV


    မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် ထုတ်ပြန်သည့် မုန်တိုင်း သတင်းကို အစီရင်ခံအပ်ပါသည်။

    (က) ယနေ့မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်တောင်ဘက် မိုင် (၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် (၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်းတိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး နောက်ဆုံးတိုင်းထွာ ရရှိသော ခန့်မှန်းချက်များ အရ မေလ (၂၂)ရက်နေ့ မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား လာနိုင်သည်ဟု ခန့်မှန်းရပါသည်။

    (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်ရှိပြီး မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းဆီသို့ ဦးတည် ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။

    (ဂ) မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

    (ဃ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

    (င) မြစ်ဝကျွန်းပေါ် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

     

    Link =>https://www.facebook.com/photo.php?v=712757855436710

  • အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန် အရှေ့ပိုင်းခရိုင်မှ တက်ကြွ လှုပ်ရှားသူများ မေ ၂၅ တွင် ဆန္ဒပြမည်။

    အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန် အရှေ့ပိုင်းခရိုင်မှ တက်ကြွ လှုပ်ရှားသူများ မေ ၂၅ တွင် ဆန္ဒပြမည်။

    မေ ၂၂၊ ၂၀၁၄
    M-Media
    .မောင်လျှောက်(မြန်မာ့မြေ)

    10365994_235125130016752_1802048407404725142_n
    ရန်ကုန် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ရန်ကုန် အရှေ့ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကို လာမည့် မေလ၂၅ရက်နေ့ ညနေ၄နာရီတွင် ဒေါပုံမြို့နယ် ဘောလုံး အားကစားကွင်းမှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    ထို ဆန္ဒထုတ်ဖော်ပွဲကို မြို့နယ်များမှတက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက် အဖွဲ့အစည်းများ ၃၅ ခု တို့မှ ဦးဆောင်ပြုလုပ်ခြင်းလည်းဖြစ်သည်။ “ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ရေးအတွက် ရည်မှန်းချက် ၅ ချက်ပါ။ တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှ ရရှိရေး၊ နောက် ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အဟန့်အတား မဖြစ်စေရပါဘူး။ ပြည်သူလူထု လိုလားတဲ့ အစိုးရဖြစ်စေဖို့ ၊ ဒီမိုကရေစီ အစိုးရအတွက် တပ်မတော်က အဟန့်အတားမဖြစ်စေရဘူး။ ဒီမိုကရေစီ စံနှုန်း မကိုက်ညီတာတွေကို ပြင်ဆင်ရမယ်။ ဒီအချက်တွေနဲ့ ကျွန်တော်တို့ ချဉ်းကပ်ပါမယ်”ဟု တက်ကြွလှုပ်ရှားသူ ကိုနန္ဒစစ်အောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

    ဒါ့အပြင်အခြေခံဥပဒေ ပြင်ဆင်ရေးကြာမြင့်နိုင်မှု အချိန်ကာလနှင့် ပတ်သက်၍ Yangon School of Political Science မှ ဦးမြတ်သူက “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကြောင့် လိုအပ်ရင် လိုအပ်သလို ပြင်ဆင်ပြောင်းလဲနေ ရမှာဖြစ်တဲ့ အတွက်ကြောင့် အချိန်ကာလကန့်သတ်ပြီးပြောဖို့က အခက်အခဲရှိပါတယ်”လို့ဆိုပါတယ်။

    လက်ရှိတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပြင်ဆင်သင့်သည့် ပုဒ်မများကို နိုင်ငံရေး ပါတီများ၊ လူမှုကွန်ရက် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ ကတောင်းဆိုထားပြီး အများပြည်သူများ ကလည်း ပြင်ဆင်ပေးရန် လိုလားလျက်ရှိကြသည်။

    မကြာမီက NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားများ (ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ပူးပေါင်းကာ ရန်ကုန် ဗိုလ်စိန်မှန် အားကစားကွင်းနှင့် မန္တလေး အောင်ပင်လယ် ဘောလုံးကွင်းတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။

    ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်ကိုယ်စားလှယ် ၁၀၉ဦးပါဝင်သော လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦး ပါဝင်သော လေ့လာပြင်ဆင်ရေး ကော်မတီဖြင့် ဆောင်ရွက်ထားရှိသည်။

     

  • ဂွာဒီယိုလာအား လေးစား အားကျသည်ဟု ဘာကာနည်းပြသစ် အာကွင်းဆို

    မေ ၂၂၊ ၂၀၁၄
    M-Media
    407850_heroa
    – တနင်္လာနေ့က ဘာစီလိုနာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် လူးဝစ်အာကွင်းက ၎င်းအနေဖြင့် နည်းပြဟောင်း ဂွာဒီယိုလာအား လေးစားအားကျမိသည်ဟု ၀န်ခံခဲ့ပြီး ပရိတ်သတ်များ စိတ်လှုပ်ရှားစေမည့် အသင်းတစ်သင်းကို ထူထောင် သွားမည်ဟု ပြောကြား လိုက်သည်။

    အသက် ၄၄ နှစ်အရွယ်ရှိ အာကွင်းမှာ ဆဲလ်တာဗီဂိုမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဘာကာတွင် ၂ နှစ်စာချုပ် ချုပ်ဆိုထားသည်။ အာကွင်းမှာ ဘာကာတွင် ၈ နှစ်တာ ကစားခဲ့ဖူးပြီး ဘာစီလိုနာ B အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသည်။

    “ပက်ပ်(ဂွာဒီယိုလာ)နဲ့ နှိုင်းယှဉ်တာမျိုး ရှိမယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူ့ကို ကျွန်တော်လေးစားပြီး ကျွန်တော်တို့ အဆက်အသွယ်လည်းရှိပါတယ်။ သူက အသင်းသစ်မှာ ကောင်းကောင်းအသားကျနေပါပြီ။ ဒီနေ့ဟာ ကျွန်တော့်အတွက် သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့ပါ။ ထူးခြားတဲ့နေ့၊ ဘာကာကို အသစ်တစ်ဖန် ပြန်တည်ဆောက်တဲ့နေ့ပါ။ ဘာကာဟာ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားစေနိုင်မှာပါ” ဟု အာကွင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အာကွင်းက မိမိမှာ တိုက်စစ်အား ကိုယ်ပိုင်ပုံစံဖြင့် ပုံဖော်ချင်ပြီး တိုက်စစ်နှင့် ခံစစ်မျှတမှုကိုလည်း လိုချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • စင်္ကြာ ကာစမီယာ ဗလီဝတ်ကျောင်းတော် (ပြန်တမ်းဝင် ရှေးဟောင်း သာသနိက အဆောက်အအုံများ)

    မေ ၂၂၊ ၂၀၁၄
    M-Media


    မန္တလေးမြို့ ချမ်အေးသာစံမြို့နယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းအတွင်း ၇၅လမ်းနှင့် ၇၆လမ်း အတွင်း အကွက်နံပါတ် (၆၈၀) ၀တ်ကျောင်းတော် နှစ်ဆောင် တွင် မြောက်ပိုင်းရှိ ၀တ်ကျောင်းတော် ဖြစ်သည်။

    ၁၈၆၃ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့သည်။

    ဗောဓိကုန်း ပုဏ္ဏားစုရပ်ကွက် အရှေ့ဘက်တွင် ကင်းတားကုလား ပျိုတပ် မိသားစုနေ မြေသတ်မှတ် နေရာ ချထားသကဲ့သို့ ပုဏ္ဏားစု အနောက်ဘက် စကြာင်္နွယ်စဉ် ရပ်ကွက်တွင် မြန်မာမင်း အဆက်ဆက် အမြှောက်တပ် အမှုထမ်း ရွက်ကြသည့် တပ်မှူး၊ သွေးသောက်၊ တပ်သားများ၊ နေပြည်တော်နှင့် မကင်းမကွာ နေထိုင်ရန်နှင့် ၀တ်ကျောင်းတော် တည်ဆောက်ခွင့် နေရာများပင် ချီးမြှင့်တော်မူခဲ့သည်။

    မင်္ဂလာ အမြှောက်တပ်မှ ဗိုလ်မင်းဦးနှစ်မှ အုပ်ခုံခံ ကျွန်းတိုင်လုံးများဖြင့် ၀တ်ကျောင်းတော် တည်ဆောက် လှူဒါန်းသကဲ့သို့ ထိုမြေတွင် နေထိုင်ကြသူများမှ ငွေကို ဝေယာဝစ္စသုံးရန် လေလ္လာပြုလှူဒါန်းခဲ့သည်။

    သဘာဝဘေးဒဏ်ကြောင့် ကျောင်းတော်ယိုယွင်း ပျက်စီးလာ၍ မျိုးဆက်သစ်တို့မှ ဟာဂျီ ဆပ်၊ ဦးမြစ်ကြီး၊ ဦးနီ၊ မောင်လာနာ ဂျာမာလွတ်ဒင်၊ ဟာဂျီ ဦးမောင်ကိုကြီး၊ ဟာဂျီ ဦးမောင်တို့ကို ဦးစီး ဦးဆောင် ဆောင်ရွက်ကြ၍ ခိုင်ခန့်သေသပ်စွာ ၀တ်ကျောင်းတော် ပြန်လည် တည်ဆောက်ခဲ့သည်။ အခြေခံ အာရဗီကျောင်း အဆင့်မှ အာရဗီ သိပ္ပံကျောင်းတော် အဆင့် မန္တလေး မြို့မိ မြို့ဖများ ဘက်စုံ ကူညီဆောင်ရွက် မြှင့်တင်ပေးခဲ့သည့်အ တွက် အောင်မြင်ခဲ့သည်။
    ဓါတ်ပုံ – ၂၀၀၉ ခုနှစ်တွင် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။

    မှတ်ချက်။    ။ ဦးမောင်မောင်ကြီး (မန်း) သမိုင်းသုတေသီ  ပြုစုရေးသားသည့် မင်းနှင့် လွှတ်တော်မှ တည်ဆောက်ခွင့်ပြုခဲ့သော ပြန်တမ်းဝင် အစ္စလာမ်သာသနာ့ ဝတ်ကျောင်းတော်များ(၂) စာအုပ်မှာ ကောက်နှုတ် ဖော်ပြပါသည်။