News @ M-Media

ဆီးရီးယားအရေး ရာဇ၀တ် ခုံရုံးတင်ရန် ကုလ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့ ဗီတိုသုံး၍ ပယ်ချ

မေ ၂၃ ၊ ၂၀၁၄
M-Media
2014-05-22T194741Z_1_LOVEA4L1IZGVU_RTRMADP_BASEIMAGE-960X540_UN-SYRIA-ICC-O
– ၃ နှစ်ကျော်လာပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုများ၊ လူသားထုပေါ်ကျူးလွန်ခဲ့မှုများ ရှိသည်ဟု ယုံကြည်ရသည့်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့တင်ရန် ကုလ၏ ဆုံးဖြတ်ချက်အား တရုတ်နှင့် ရုရှားတို့က ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချခဲ့သည်ဟု သိရသည်။

ရုရှားမှာ ဆီးရီးယား သမ္မတ ဘာရှာအလ်အာဆတ်၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး၊ ယခုပယ်ချမှုမှာ ဆီးရီးယားအရေး လုံခြုံရေးကောင်စီ၏ ကြိုးပမ်းမှုကို တရုတ်နှင့် ရုရှားတို့က လေးကြိမ်မြောက် ပယ်ချခြင်းလည်းဖြစ်သည်။

ကုလဆိုင်ရာ အမေရိန်သံအမတ် စမန်သာပါဝါကမူ ဆီးရီယားအစိုးရ၏ လုပ်ရပ်များကို ရုရှားက သံတမန်နည်းလမ်းဖြင့် အကာအကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ပြီး၊ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယန်ဟေ့ဂ်ကလည်း ရုရှားနှင့် တရုတ်တို့၏ ဗီတိုအတွက် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံမှ တင်သွင်းသော အဆိုပါဆုံးဖြတ်ချက်အား နိုင်ငံများစွာကထောက်ခံခဲ့သည်။ ဗီတိုသုံး၍ ပယ်ချပြီးနောက် လုံခြုံရေးကောင်စီမှ ထုတ်ပြန်သောကြေညာချက်တွင် ကြောက်စရာ အကောင်းဆုံး ရက်စက်မှုများအတွက် တာဝန်ရှိသူများအား မည်သည့်အတွက်ကြောင့် ဆက်လက် ကာကွယ်မှုပေးနေသည်ကို နိုင်ငံများက သုံးသပ်ရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

Ref: Al Jazeera and agencies

Comments

Leave a Reply