News @ M-Media

Blog

  • ဒီဇင်ဘာ ၂၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    ပုဒ်မ ၁၈ ဖျက်သိမ်းရေး အဖွဲ့ ၆၀ မှ လွတ်လပ်ရေးနေ့တွင် ဆန္ဒပြမည်

    – ပုဒ်မ ၁၈ အပါအ၀င် ဒီမိုကရေစီနှင့် မကိုက်ညီသည့် ပြည်သူလူထုအား ကန့်သတ်သည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုကို ၂၀၁၄-ခု လွတ်လပ်ရေးနေ့တွင် ၈၈ မျိုးဆက်မှ ဦးဆောင်၍ အရပ်ဘက် အဖွဲ့အစည်း ၆၀ ခန့်က ပြုလုပ်ကြမည်ဟု သိရသည်။
    ________________________

    Sea Game လုပ်အားပေးများ ခွဲခြားခံရ

    – ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအနှံ့မှ လာရောက် လုပ်အားပေး ခဲ့ကြသူများကို နိုင်ငံတော်က တယ်လီဖုန်း ကတ်များ ချီးမြှင့်ရာ၌ မိတ်ကပ် ပညာရှင်များ အဖွဲ့က ၎င်းတို့မရရှိကြောင်း ပြောသည်ဟု သိရသည်။
    ________________________

    မြန်လာလူထု ညီလာသို့ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်ရန် ဖိတ်ကြားမှု အကြောင်းမပြန်သေး

    – ဒီဇင်ဘာ ၂၈ မှ ၃၀ အထိ ပြုလုပ်မည့် မြန်မာလူထုညီလာခံသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားသော်လည်း ယခုထက်တိုင် အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သိရသည်။
    ________________________

    ပုဒ်မ ၁၈ ဖျက်သိမ်းရန် လမ်းလျှောက်ဆန္ဒပြသူ ထောင်ဒဏ်အမိန့်ချမှတ်

    – ပုဒ်မ ၁၈ ဖျက်သိမ်းရန်အတွက် သြဂတ်လ ၂၇-ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့သော Generation Youth မှ ကိုတင်ထွဋ်ပိုင်အား အာဏာပိုင်များမှ ယနေ့မှာ ထောင်ဒဏ် ၃-လ ချမှတ်လိုက်ပြီး တရုတ်အလံ မီးရှို့မှုအတွက်လည်း တရားရုံးတွင် ရှေ့လဆန်း၌ ရုံးချိန်း ပေးထားကြောင်း သိရသည်။
    ________________________

  • လက်ရွေးစင် အဖြစ် ၁၉၆၉ ကျွန်းဆွယ် ဘောလီဘော ချန်ပီယံဆု နှင့် မြန်မာ့ အကောင်းဆုံး နည်းပြဆရာဆု ရခဲ့ဘူးသည် ဒေါ်ဘေဘီ

    လက်ရွေးစင် အဖြစ် ၁၉၆၉ ကျွန်းဆွယ် ဘောလီဘော ချန်ပီယံဆု နှင့် မြန်မာ့ အကောင်းဆုံး နည်းပြဆရာဆု ရခဲ့ဘူးသည် ဒေါ်ဘေဘီ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    သီရိ

    DSC02369

    ရန်ကုန်    ။         ။    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်)၊ ဦးသိန်းလွင်(လက်ဝှေ့) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၅) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် ဘောလီဘော နည်းပြ တာဝန်ဖြင့် တိုင်းပြည်အတွက် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဘောလီဘော လက်ရွေးစင်ဟောင်း ဒေါ်ဘေဘီကို  M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

    M-Media – အန်တီရဲ့မွေးသက္ကရာဇ်နဲ့ မိသားစုအကြောင်းလေးကို ပြောပြပေးပါ။
    ဖြေ – ဇွန်လ-၁၄ ရက် ၁၉၄၈-ခုနှစ်မှာ အဖ ဦးစု အမိ ဒေါ်မွန်တို့မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမှာ မွေးခဲ့တယ်၊ ဦးစိုးသိန်းနဲ့အိမ်ထောင်ကျပြီး သမီးနှစ်ယောက်ထွန်းကားခဲ့တယ်။

    M-Media – အန်တီငယ်စဉ်တုန်းက ဘယ်ကျောင်းမှာ ပညာသင်ကြားခဲ့ပါသလဲ။
    ဖြေ – သူငယ်တန်းကနေ စပြီး ၇-တန်းထိ မြစ်ကြီးနားမှာတက်ခဲ့တယ်၊ ၈-တန်းရောက်တော့ ရန်ကုန်ပြောင်းလာခဲ့တယ်။

    DSC02036a

    M-Media – အန်တီအားကစားကိုဘယ်အချိန်မှာ စပြိုင်ခဲ့တာပါလဲ။ ဘယ်လိုပြိုင်ပွဲတွေ ပြိုင်ဖြစ်ခဲ့ပါသလဲ။
    ဖြေ – အန်တီငယ်ငယ်လေးကတည်းက အားကစားဆို အကုန် စိတ်ဝင်စားတယ်။ ကျောင်းကပြိုင်ပွဲတွေမှာ ဆိုရင်အကုန်ဝင်ပြိုင်တယ်၊ အားသန်တဲ့ ကစားနည်းဆိုပြီးမရှိခဲ့ဘူးပေါ့။ နောက်မှအားသန်ရာဖြစ်လာတာ။ ငယ်ငယ်ကအကုန်ဆော့တယ် စာကိုလဲစိတ်မ၀င်စားတော့ဘူး အားကစား ကိုပဲ စိတ်နှစ်ထားတယ်။ ၁၉၆၅ မြန်မာတစ်နိုင်ငံလုံးကျောင်းသား အားကစားပွဲတော်မှာ အန်တီ ကြက်တောင်ရိုက် ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တယ်။ ၇-တန်းပေါ့ ၁၉၆၆ မှာ ဘော်လီဘော တိုင်းနဲ့ပြည်နယ်မှာ အရွေးခံရတယ်၊ အဲဒီပွဲမှာ အကောင်းဆုံးဆုကိုရခဲ့တယ်၊ ၅-ကြိမ်မြောက် ASIAN GAME မှာ အန်တီ လက်ရွေးစင်အနေနဲ့ သွားပြိုင်ခဲ့ရတယ်၊ အဲဒီမှာတော့ နံပါတ် ၆ ပဲရခဲ့တယ်၊ ၁၉၆၇ ခုနှစ်မှာ ၄ ကြိမ်မြောက် SEAP GAME ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တယ်၊ အဲဒီနောက်အန်တီ ကချင်ပြည်နယ်မှာ နည်းပြဆရာကို ၁၀ နှစ်လောက်လုပ်ခဲ့တယ်၊ နည်းပြလဲလုပ် ပြိုင်ပွဲတွေရှိရင်လဲ ၀င်ပြိုင်ပေါ့ နှစ်ခုလုံးလုပ်တယ် တံခွန်စိုက်ပွဲတွေကိုလဲ အမြဲဝင်ပြိုင်တယ်၊ ၁၉၆၉ မှာ မြန်မာအိမ်ရှင်ဖြစ်တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game မှာ ရွှေတံဆိပ်ဆုရခဲ့တယ်။ ၁၉၇၃ မှာ ဘောလီဘောအဖွဲ့ချုပ် က ပေးတဲ့ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံးပေးတာဖြစ်တဲ့ အမျိုးသမီး အကောင်းဆုံး နည်းပြဆရာဆုကိုရခဲ့တယ်၊ ၁၉၇၃ ထိ အန်တီ လက်ရွေးစင် ဖြစ်ခဲ့တယ်။ နောက်တော့ အန်တီနားလိုက်တယ်။

    12

    M-Media – အခု ၂၇-ကြိမ်မြောက် SEA GAME ပွဲမှာရောအန်တီ ဘယ်လိုမျိုးတွေ လုပ်ဆောင်ခဲ့ရပါသလဲ။
    ဖြေ – ရန်ကုန်မှာ အန်တီ မီးရှုးတိုင်ကိုင်ရတယ်၊ နောက် နေပြည်တော်ကိုလိုက်သွားပြီးတော့ ဘော်လီဘော်ပြိုင်ပွဲ တစ်လျှောက်လုံး လူကြီးတစ်ယောက် အနေနဲ့ ဘေးကနေကြည့်ပေးဖို့ အန်တီတို့ အရင်က ကစားသမားဟောင်းတွေကိုခေါ်တော့ အန်တီသွားရောက် ဆောင်ရွက်ပေးခဲ့တယ်။

    M-Media – အန်တီအနေနဲ့ SEA GAME ပွဲမှာရော ဘယ်လိုပီတိတွေရခဲ့ပါသလဲ။
    ဖြေ – အရမ်းပျော်မိတာပေါ့ ဟိုးအရင်ကကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းကစားသမားဟောင်းတွေကိုလဲ တစ်နေရာတည်းမှာတွေ့ရတယ်။ မြန်မာ ပြည်မှာတစ်ခါမှ မမြင်ဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ပွဲကြီးကိုလည်း တွေ့မြင်ရတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ပီတိဖြစ်မိတယ်။ နောက်ဆုံးပိတ်ပွဲနေ့ က ဆိုရင်နောက်ဆုံးအပိတ်သီချင်းမှာ သူငယ်ချင်းတွေနဲ့အတူ အရမ်းပျော်ခဲ့တယ်။ ခွဲခွာကြရတော့မယ် ပြီးတော့မယ်ဆိုတော့လည်း တစ်မျိုးကြီးပဲ ခံစားရတာပေါ့ စိတ်မကောင်းဘူး။

    M-Media – SEA GAME ပွဲမှာရော ဘော်လီဘောအနေနဲ့ ဘယ်လိုဆုတွေရယူခဲ့ပါသလဲ။
    ဖြေ – ဘော်လီဘော ပွဲကတော့ အဆင့် (၄) နေရာပဲချိတ်တယ်။

    M-Media – အန်တီအနေနဲ့ ကစားသမားတွေကိုဘယ်လိုသုံးသပ်မိပါသလဲ။
    ဖြေ – ဆုမရတော့ အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်၊ သေချာကြိုးစားမှ ပြိုင်ပွဲဆိုတာဆုရမှာလေ။ အဲဒီတော့အများကြီးလိုသေးတယ်။ကစားသမားတွေရော၊ သင်တဲ့လူတွေရော သေချာလုပ်ဖို့လိုအပ်ပါတယ်။

    M-Media – အန်တီ နောက်အနာဂတ်သားကောင်းလေးတွေကို ဘာများပြောကြားချင်ပါသလဲ။
    ဖြေ – ဆုမရလို့စိတ်ဓာတ်မကျပါနဲ့ နောက်လာမဲ့ပြိုင်ပွဲတွေမှာ သေချာကြိုးစားရင် ရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

    M-Media – အခုလို ဖြေကြားပေးတဲ့ အန်တီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ – အန်တီကလည်း ကျေးဇူးတင်ပါတယ်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဒီဇင်ဘာ ၂၄ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    မိမိ၏ အလုပ်မှာ ပြီးဆုံးသွာပြီဖြစ်ကြောင်း စနိုးဒင်ဆို

    – အမေရိကန်၏ ထောက်လှမ်းရေး ပရိုဂရမ်များကို ပြန်လည်ပြင်ဆင်ရလောက်အောင်၊ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်က ၎င်း၏လုပ်ငန်းများမှာ ပြီးဆုံးခဲ့ပြီဟု ပြောကြားခဲ့သည်။ ၀ါရှင်တန်ပို့စ်သတင်းစာနှင့် ယမန်နေ့က အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ၉/၁၁ တိုက်ခိုက်မှုပြီးကတည်းက ဆောင်ရွက်လာခဲ့သည့် အမေရိကန်၏ ဆယ်စုနှစ်တစ်ခုကြာ လျှို့ဝှက်ထောက်လှမ်းရေးအစီအစဉ်အစား ဂျာနယ်လစ်များကို ဖွင့်ချခဲ့ရသောကြောင့် ကျေနပ်မိကြောင်း၊ ၎င်း၏အလုပ်မှာ ယခုအချိန်တွင် ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း စနိုးဒင်က ထည့်သွင်းပြောကြားခဲ့သည်။

    စနိုးဒင်မှာ NSA ၏ လျှို့ဝှက်ချက်များကို ဟောင်ကောင်တွင်ဖွင့်ချခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ ခိုလှုံနေခဲ့ပြီး ယခုအခါ ရုရှားရှိ ၀ဘ်ဆိုဒ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။ အမေရိကန်အစိုးရက နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုဖြင့် စနိုးဒင်အား စောစောပိုင်းက ဖမ်းဝရမ်းထုတ်ထားခဲ့သော်လည်း၊ လျှို့ဝှက်ချက်များ ဖွင့်ချမှုကို ရပ်တန့်ပါက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည်ဟု နောက်ပိုင်း တွင် ပြန်လည်ပြောကြားထားသည်။
    Ref: AP

    AP_Edward_Snowden_DC_121220_16x9_992
    ………………………………….

    ပါကစ္စတန် နျူကလီးယား ဓါတ်အားပေးစက်ရုံ ဆောက်ဖို့ တရုတ်မှ ဒေါ်လာ ၆.၅ ဘီလီယံ ကူညီ

    – ပါကစ္စတန်နိုင်ငံ ကရာချီရှိ နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ ၆.၅ ဘီလီယံ ကူညီမည်ဟု တရုတ်အမျိုးသား နျူးကလီးယားကော်ပိုရေးရှင်း (CNNC) မှ ကတိပေးခဲ့သည်။ အဆိုပါဓာတ်အားပေးစက်ရုံတွင် ဓာတ်ပေါင်းဖို နှစ်ခုပါဝင်မည်ဖြစ်ပြီး တစ်ခုချင်းစီမှ လျှပ်စစ်ဓာတ်အား ၁၁၀၀ မီဂါဝပ်စီ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
    Ref: RT
    ……………………

    တရားစွဲခံထားရသော မူရှာရက်ဖ် တရားရုံးလာရာ လမ်းတွင် လက်နက်များတွေ့၍ ရုံးချိန်းရွှေ့ပေး

    – နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ်အား လာမည့်ဇန်န၀ါရီ ၁ ရက်နေ့တွင် ရုံးချိန်းလာရောက်ရမည်ဟု ချိန်းဆိုလိုက်ကြောင်း ပါကစ္စတန်အထူးတရားရုံး၏ တာဝန်ရှိသူများက ယနေ့တွင်ပြောကြားလိုက်သည်။ မူရှာရက်ဖ်၏ ရုံးချိန်းမှာ ယနေ့တွင်ဖြစ်သော်လည်း တရားရုံးလာရာလမ်းကြောင်းတွင် ဗုံးတစ်လုံးနှင့် ပစ္စတိုများကို တွေ့ခဲ့ရပြီး၊ မူရှာရက်ဖ်၏ ရှေ့နေဖြစ်သူက ၎င်းအမှုသည်၏ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ရုံးချိန်း ရက်ရွှေ့ပေးရန် လျှောက်ထားခဲ့သောကြောင့် ယခုကဲ့သို့ ရက်ရွှေ့ပေးလိုက်ခြင်းဖြစ်သည်။
    Ref: ဆင်ဟွာ

  • အာဖဂန်စစ်ပွဲမှာ မထိုက်တန်ဟု အမေရိကန်ပြည်သူ ၃ ပုံ ၂ ပုံခန့်က ယူဆနေ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    s-AFGHAN-WAR-CHILDREN-large
    – အကြမ်းဖက် တိုက်ဖျက်ရေးဟု ခေါင်းစဉ်တပ်ကာ အာဖဂန်နစ္စတန်နိုင်ငံအား အမေရိကန်က ၁၂ နှစ်ကြာ ကျူးကျော် တိုက်ခိုက်ခဲ့သည့် စစ်ပွဲမှာ ထိုက်တန်သော စစ်ပွဲမဟုတ်ဟု အမေရိကန်နိုင်ငံသား ၃ ပုံ ၂ ပုံက ယူဆနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    Langer Research Associates of New York သုသေသန အဖွဲ့မှ ကမကထပြုကာ အမေရိကန်ရှိ သတင်းအေဂျင်စီများဖြစ်ကြသည့် ABC News နှင့် Washington Post တို့ ပူးပေါင်း၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံးမေးမြန်းသူ ၆၆ ရာခိုင်နှုန်းက အာဖဂန်စစ်ပွဲ အတွက် ပေးဆပ်ခဲ့ ရသည့် ငွေကြေးများနှင့် စစ်သားများ၏ အသက်များမှာ မထိုက်တန်ဟု ပြောကြားခဲ့ပြီး လစ်ဘရယ် သမားများဟု ခံယူထားသူများ၏ ၇၈ ရာခိုင်နှုန်း ကလည်း ထိုကဲ့သို့ပင် ယူဆနေကြသည်။

    ထို့ပြင် ဒီမိုကရက်များ၏ ၆၁ ရာခိုင်နှုန်း၊ ရီပက်ဘလစ်ကန်များ၏ ၅၄ ရာခိုင်နှုန်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့တွင်မှ မပါဝင်သူ ၇၁ ရာခိုင်နှုန်းက ထိုစစ်ပွဲအတွက် နောင်တရခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

    ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအား အိုစာမာဘင်လာဒင် ဦးဆောင်သည့် အလ်ကိုင်းဒါးအဖွဲ့ ပြုလုပ်သည်ဟု စွပ်စွဲကာ၊ ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်၍ ထိုစဉ်က သမ္မဖြစ်သူ ဂျော့ ဘုရှ်က အိုစာမာဘင်လာဒင်ရှိသည်ဟု ယူဆရသည့် အာဖဂန် နစ္စတန်အား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ၁၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် အဆိုပါစစ်ပွဲကြောင့် အာဖဂန်ပြည်သူ သိန်းချီ၍ သေဆုံးခဲ့ရပြီး အများအပြားမှာလည်း ဒုက္ခသည်ဘ၀သို့ ရောက်ရှိခဲ့ကြရသည်။

    ဓါတ်ပုံအညွှန်း- စစ်ပွဲဒဏ်ခံရသော အာဖဂန်ကလေးငယ်များ

    Ref: The5thestate
    Photo AFP

  • မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပညာပေးရန် UNFPA မြန်မာနိုင်ငံအား တိုက်တွန်း

    မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပညာပေးရန် UNFPA မြန်မာနိုင်ငံအား တိုက်တွန်း

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျန်နတ် ဂျက်ဆန် (ဓါတ်ပုံ အင်တာနက်)
    UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျန်နတ် ဂျက်ဆန် (ဓါတ်ပုံ အင်တာနက်)

    မြန်မာနိုင်ငံတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပညာပေးရေးလုပ်ငန်းများလုပ်ဆောင်ရန် ကုလသမဂ္ဂလူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့ UNFPA မှ တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    ‘၂၀၁၃ ခုနှစ် ကမ္ဘာ့လူဦးရေအခြေအနေ’ ခေါင်းစဉ်ဖြင့် UNFPA က ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများအား လုပ်ပိုင်ခွင့်ပိုမိုပေးအပ်ရန်၊ ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများကို ထိန်းသိမ်းရန်နှင့် အမျိုးသားများကဲ့သို့ ပညာသင်ခွင့်နှင့် တူညီသော ရပ်တည်ခွင့်များပေးရန်တို့လည်းပါဝင်သည်။

    ထို့ပြင် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများက မြန်မာနိုင်ငံရှိ လူငယ်များကို သားဆက်ခြားခြင်းအပါအ၀င် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အသိအမြင်များ ရရှိခြင်းမှ တားဆီးထားသောကြောင့် မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ၁၀-ရာခိုင်နှုန်းကျော်မှာ အသက် ၁၅- နှစ်မှ ၁၉-နှစ်အတွင်းရှိ အမျိုးသမီးငယ်များဖြစ်ကြသည်ဟု ထိုကြေညာချက်တွင် တည့်သွင်းဖော်ပြထားသည်။

    “ဆယ်ကျော်သက်အရွယ် ကလေးအမေတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာမျိုးတွေ မြန်မာနိုင်ငံမှာ အများကြီး မရှိပါဘူး။ ဒါပေမယ့် ဒါဟာ မရည်ရွယ်ထားတဲ့ ကိုယ်ဝန်ဆောင်မှုမျိုးကို လက်ခံရမယ်လို့လည်း ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်ခြင်းဟာ နေရာတော်တော်များများမှာ ဖြစ်ပွားနေတဲ့ အန္တရာယ်ရှိတဲ့ ကလေးဖျက်ချမှုမျိုးတွေကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ” ဟု UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျန်နတ် ဂျက်ဆန်၏ ပြောကြားမှုအား ထိုအစီရင်ခံစာတွင် ရေးသားထားသည်။

    ဆယ်ကျော်သက်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အစီအစဉ်တစ်ခုကို UNFPA ၏ ထောက်ပံ့မှုဖြင့်မြန်မာနိုင်ငံတွင် ဇူလိုင်လက စတင်ခဲ့ပြီး။ နိုင်ငံတစ်ဝှမ်းရှိ လူငယ်များ၏ စွမ်းရည်နှင့် လိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် UNFPA နှင့် အတူအကွ လုပ်ဆောင်ရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကတိပြုထားခဲ့သည်။

    Ref : Xinhua