News @ M-Media

Blog

  • အောက်တိုဘာ ၂၃၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၂၃၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၂၃၊ ၂၀၁၃
    M-Media

    အမျိုးသမီးအရေး ဦးဆောင်သူ ဂုဏ်ပြုချီးမြှင့်မည်

    အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းနေသည့် တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၆-ဦးစာရင်းကို မြန်မာနိုင်ငံအမျိုးသမီးများကွန်ရက် WON က ရွေးချယ်လိုက်ပြီး လာမယ့် အောက်တိုဘာ ၃၁-ရက်နေ့မှာ ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်ကြောင်း၊ WON အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်စူစန်နာ လှလှစိုးက ပြောကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    _______________________

    ဗုံးပေါက်ကွဲမှုများ ပဋိပက္ခနဲ့ မသက်ဆိုင်ကြောင်း သာသနာရေးဝန်ကြီးပြောကြား

    လွန်ခဲ့သောရက်များက တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစတဲ့ မြို့ကြီးများမှာ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများသည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကြောင့် မဟုတ်ပဲ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စများ၊ စီးပွားရေးကိစ္စများနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာကြောင်းကို သတင်းစာရှင်းလင်းပွဲတွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ယနေ့ပြောကြားလိုက်တယ်လို့ RFA သတင်းမှ သိရှိရပါတယ်။
    ______________________

    မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)ပါ ပြဌာန်းချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းညိမ်းအား ၎င်း၏ သဘောဆန္ဒအလျောက် ယနေ့ အောက်တိုဘာ ၂၃-ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ခွင့်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။
    ______________________


    ဂွာတာနာမိုတွင် အကျဉ်းသားများအား အမေရိကန်က ညှင်းပန်းနှိပ်စက်သည်ဟု ရှေ့နေများပြောဆို

    ဂွာတာနာမို အကျဉ်းသားငါးဦး၏ ရှေ့နေ့အဖွဲ့က စီအိုင်အေ၏ လျို့ဝှက်အကျဉ်းထောင်အတွင်း နှိပ်စက်ခံရမှုနှင့်ပက်သက်ပြီး  ပွင့်လင်းစွာဆွေးနွေးရန် အတွက် ၎င်းတို့အမှုသည်များမှာ ဟန့်ထားခံနေရသည်ဟု ပြောဆိုလိုက်သည်ဟု သိရသည်။

    ထို့ပြင် ထောင်အတွင်းညှင်းပန်းနှိပ်စက်မှုများနှင့် ပက်သက်၍ ၎င်းတို့အမှုသည် များအားလွတ်လပ်စွာမေးမြန်ရန်အတွက် ကန့်သတ်ချက်များကို လျှော့ချပေးရန် ဂွာတာနာမို စစ်ရာဇ၀တ်ခုံအဖွဲ့ကို တောင်းဆိုလိုက်ပြီး၊ အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားစဉ်အတွင်း ဖြစ်ပွားခဲ့သည့် လျှို့ဝှက်ချက်များကို ထိန်ချန်ထားခြင်းမှာ ကုလသမဂ္ဂ၏ စည်းမျဉ်အား ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    “ဒီကိစ္စ(ညှင်းပန်းနှိပ်စက်မှု) နဲ့ပက်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးတဲ့အခါမှာ နံရံကို လက်သီးနဲ့ ထိုးသလိုပါပဲ” ဟု စက်တင်ဘာ-၁၁ တိုက်ခိုက်မှုအတွင်း လေယာဉ်ပြန်ပေးဆွဲသူများအား အလ်ကိုင်းဒါး စခန်းတွင် သင်တန်းပေးခဲ့သည်ဟု စွပ်စွဲခံထားရသော ယီမင်နိုင်ငံသား ၀ါလစ် ဘင် အတာရှ်၏ ရှေ့နေဖြစ်သူ ချာရီလ် ဘောမန်းက ပြောကြားခဲ့သည်။
    Ref : presstv
    ______________________
    ကြက်သွန်နီဈေးကြီးမှု အိန္ဒိယလျှော့ချမည်

    လာမည့်ရွေးကောက်ပွဲအချိန်အတွင်း အိန္ဒိယရှိအချို့ပြည်နယ်များတွင် အရေးပါသော ခေါင်းစဉ်တစ်ခုဖြစ်လာမည့် ကြက်သွန်နီဈေးမြင့်တက်မှုကို လျှော့ချရန် ကောက်ပဲသီးနှံများ သိုလှောင်ထားသူများအား အိန္ဒိယအစိုးရက ဖိအားပေးတော့မည်ဟု သိရသည်။

    အိန္ဒိယနိုင်ငံတွင်အရေးပါသော စားသောက်ကုန်ပစ္စည်းတစ်ခုဖြစ်သည့် ကြက်သွန်နီးဈေးမှာ ဒေလီနှင့် အခြားမြို့ကြီးများတွင် ယခုတစ်ပါတ်အတွင်း စတင် မြင့်တက် လာခဲ့ ပြီး ၁ ကီလို ရူပီ ၁၀၀(၁.၇ ဒေါ်လာ) အထိဖြစ်လာခဲ့ပြီး အစိုးရအား အခက်တွေ့စေခဲ့သည်။

    စားသုံးကုန်ဝန်ကြီး K.V Thomas က တစ်နိုင်ငံလုံးကြက်သွန်ထွက်ကုန်၏ ၂၈ ရာခိုင်နှုန်း အထိထုတ်လုပ်ပေးနေသည့် နိုင်ငံအနောက်ပိုင်းပြည်နယ် မာဟာရရှ် တရာသို့ သွားရောက်ပြီး ကောက်ပဲသီးနှံ သိုလှောင်ထားသူများအား အစိုးရက ဖိအားပေးရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ကုန်သွယ်ရေးဝန်ကြီး အန်ဘန် ရှရ်မာကလည်း ကြက်သွန်နီဈေးကြီးမြင့်မှုအတွက် သိုလှောင်သူများကို ပြစ်တင်ပြောဆိုခဲ့သည်။

    အတိုက်အခံ နိုင်ငံရေးပါတီများက ဆင်းရဲသားများကိုဒုက္ခရောက်စေသည့် ကြက်သွန်နီဈေးကြီးမြင့်မှုကို မထိန်းသိမ်းနိုင်မှုအတွက် အာဏာရပါတီအား ပြစ်တင်ပြောဆိုခဲ့ သည်။
    Ref : xinhua
    ______________________
    ကျူးဘားနိုင်ငံရှိ ကော်ဖီစိုက်ပျိုးသူများအား စေတနာ့ဝန်ထမ်းများ ကူညီမည်

    သတ်မှတ်ထားသည့် အချိန်အတွင်း ကော်ဖီများ အချိန်မီရိတ်သိမ်းနိုင်ရန်အတွက် ကျူးဘားနိုင်ငံရှိ ကျောင်းသားများနှင့် စေတနာ့ဝန်ထမ်း ၅၀၀၀ ကျော်တို့ မှာ နိုင်ငံ အရှေ့ဘက် ဆန်တီယာဂိုဒီကျူးဘား ပြည်နယ်ရှိ ကော်ဖီစိုက်ပျိုးသော လယ်သမားများအား သွားရောက်ကူညီကြမည်ဟု တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ ကျူးဘား နေ့စဉ်သတင်းစာ Juventud Rebelde က ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

    စိုက်ပျိုးရေး ဒုတိယ၀န်ကြီး၏ ပြောကြားချက်အရ အောက်တိုဘာလ ပထမ သီတင်းနှစ်ပတ်အတွင်း နိုင်ငံကော်ဖီထွက်ကုန်၏ ၃၂ ရာခိုင်နှုန်းဖြစ်သည့် ၄၅၇ တန်ခန့်ကို ရိတ်သိမ်းပြီးကြောင်း သိရသည်။

    ကော်ဖီမှာ ကျူးဘားနိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန်သီးနှံတစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းက အတွေ့အကြုံရှိသည့် ကောက်ရိတ်သမားများ ရှားပါးလာမှု၊ အဖွဲ့အစည်းများအတွင်း ပြဿနာများဖြစ်ပွားလာမှုနှင့် အစိုးရယန္တယားများကြောင့် ကောက်ဖီစိုက်ပျိုးမှုနယ်ပယ်အတွင်း အခက်အခဲတစ်ချို့ ကြုံတွေ့နေရသည်။
    Ref : xinhua
    ______________________
    တရုတ်နှင့် ပြင်သစ်တို့ ပူးပေါင်းပြီး ဗြိတိန်တွင် နျူဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    နှစ်ပေါင်း ၂၀ အတွင်း ဗြိတိန်၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်ခုကို တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ပူးပေါင်းတည်ဆောက်မည် ဟု မီဒီယာများက ဖေါ်ပြကြသည်။

    တရုတ်နိုင်ငံနှင့် ပြင်သစ်စွမ်းအင်ကုမ္ပဏီ Electrcite de France SA (EDF) တို့ပူးပေါင်းကာ အင်္ဂလန်အနောက်တောင်ပိုင်း Hinkley Point ဒေသတွင် ဓာတ်ပေါင်း ဖိုနှစ်ခုတည်ဆောက်သွားမည်ဖြစ်ပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်း ဆောက်လုပ်သည့် ပထမဦးဆုံး ဓာတ်အားပေးစက်ရုံဖြစ်လာမည်ဖြစ်သည်။

    ထိုဓာတ်အားပေးစက်ရုံ ပြီးစီးသွားပါက ၂၀၂၃ ခုနှစ်မှစ၍ အိမ်ခြေ ၇ သန်းကို ဓာတ်အားဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်မှစ၍ လောင်စာအသုံးပြုမှုအား အိမ်ထောင်စု တစ်စုအတွက် တစ်နှစ်လျှင် ၇၅ ပေါင်လျှော့ချနိုင်မည်ဖြစ်သည်။
    Ref : presstv
    ______________________

    ကမ္ဘောဒီယား ရေဘေးဒုက္ခသည်များအတွက် ဂျပန်အကူအညီပေး

    ကမ္ဘော့ဒီယားရေဘေးဒုက္ခသည်များအတွက် ဂျပန်နိုင်ငံကပေးသော ကန်ဒေါ်လာ ၃၂၀၀၀၀ တန်ဖိုးရှိ အကူအညီများမှာ ယနေ့တွင် ကမ္ဘောဒီယားသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

    ထိုအကူအညီများထဲတွင် ဂျင်နရေတာများ၊ ကော်တိုင်ကီများ၊ ရေတိုင်ကီများနှင့် ရေသန့်စင်စက်များ ပါဝင်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ယူဂျီ ကူမာမာရူက ကမ္ဘောဒီယား သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဌ နင်မ် ဗန်ဒါလက်သို့ ဖနွမ်းပင် နိုင်ငံတကာလေဆိပ်တွင် လွှဲပြောင်းပေးအပ် ခဲ့သည်။

    ထို့ပြင် ကမ္ဘောဒီယားရေဘေးသင့်ပြည်သူများအတွက် ဂျပန်နိုင်ငံမှ လွန်စွာဝမ်းနည်း စာနာမိပါကြောင်း ယူဂျီက ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ပြောကြား ခဲ့သည်။
    Ref : xinhua, Photo : adventist
    ______________________
    မြန်မာနိုင်ငံသားများ ထိုင်းဗီဇာကင်းလွတ်ခွင့်ရ

    လေယာဉ်ပျံဖြင့်လာရောက်ကြသည့် မြန်မာနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးပြီး တိုင်းပြည်အတွင်း ၁၄ ရက်အထိ နေထိုင်ခွင့်ပေးရန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ တင်သွင်းသည့်အဆိုအား ထိုင်းကတ်ဘိနတ်မှ ယမန်နေ့က အတည်ပြုလိုပြီဟုသိရသည်။

    ထိုဆုံးဖြတ်ချက်မှာ နှစ်နိုင်ငံမှ တာဝန်ရှိသူများ လက်မှတ်ထိုးပြီးလျှင်ပြီးချင်း အတည်ဖြစ်မည်ဟု ကတ်ဘိနက်အစည်းအဝေးအပြီး ထိုင်းအစိုးရအိမ်တော်မှ ထုတ်ပြန် ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာက ထိုင်းနိုင်ငံကိုယ်စားပြုကာ မြန်မာနိုင်ငံနှင့်လက်မှတ်ထိုးမည်ဖြစ်ပြီး လက်မှတ်ထိုးမည့်ရက်ကို ပြောကြားခဲ့ခြင်းမရှိပေ။
    Ref : bangkokpost
    ______________________
    အိန္ဒိယ-မြန်မာ-ထိုင်း ကားလမ်းဖောက်မည်

    အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ပေးထားသည့် အမြန်ကားလမ်းမတစ်ခုကို မကြာမီဖောက်လုပ်တော့မည်ဟု အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီး အန်နဒ် ရှာရ်မာက ယမန်နေ့က ပြောကြားခဲ့သည်။

    ထိုအမြန်လမ်းမအား အိန္ဒိယနိုင်ငံ မဏိပူရမှ ထိုင်းနိုင်ငံ မဲဆောက်အထိ၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအထိဖောက်လုမည်ဟု ၂၀၀၂ ခု ဧပြီလက ရန်ကုန်မြို့တွင် ကျင်းပ ခဲ့သည့် သုံးနိုင်ငံ ၀န်ကြီးများအစည်းအဝေးကတည်းက သဘောတူထားခြင်းဖြစ်သည်။

    ထိုလမ်းမမှာ အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား အရေးပါသောဆက်သွယ်မှု လမ်းကြောင်းဖြစ်လာမည်ဖြစ်ပြီး ဒေသအတွင်း ကုန်ပစ္စည်းများ ချောမွေ့ လျင်မြန်စွာ စီးဆင်းနိုင်ရန် ကူညီမည်ဖြစ်သည်။
    Ref : zeenews
    ______________________
    မလေးရှားရေလှာင်တမံမှ ရေလွှတ်မှု လူနှစ်ဦးသေဆုံး

    မလေရှားနိုင်ငံတွင် ယနေ့နံနက်ပိုင်း ရေလှောင်တမံတစ်ခုမှ ရေလွှတ်မှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကာ အိမ်ခြေအများအပြား ပျက်ဆီးခဲ့သည် ဟု မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ပါဟန်းပြည်နယ်မှ ရေလှောင်တမံတစ်ခုဖြစ်ပြီး ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ကာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာသောကြောင့် တမံတံခါးအား ဖွင့်ချခဲ့ရခြင်း ဖြစ်သည်။

    ထိုရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦးနှင့် အင်ဒိုနီးရှားအမျိုးသမီး တစ်ဦးတို့ရေနစ်သေဆုံးခဲ့ပြီး အခြား အင်ဒိုနီးရှားအမျိုးသမီးငယ်တစ်ဦးမှာ ပျောက်ဆုံး နေသည်ဟု မလေးရှားရှိ သတင်းအေဂျင်စီတစ်ခုဖြစ်သည့် Bernama မှ ဖော်ပြခဲ့သည်။

    ထို့ပြင် အိမ်ခြေ ၈၀ကျော်ရေလွှမ်းခြင်းခံခဲ့ရပြီး မော်တော်ယာဉ် အစီး ၁၀၀ ခန့် ဆိုးရွားစွာပျက်စီးခဲ့ကြောင်း၊ ထိုအနီးအနားတစ်ဝိုက်ရှိ မိသားစု ၂၀ ခန့်ကို ဘေးလွတ်ရာ နေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref : xinhua
    ______________________

  • သဗြုချိုင်မှာ တွေ့ရှိတဲ့ ဗုံးမှာသူတို့ရဲ့ မီးခိုးဗုံးဟု  မြို့နယ်မှူးမှဆို

    သဗြုချိုင်မှာ တွေ့ရှိတဲ့ ဗုံးမှာသူတို့ရဲ့ မီးခိုးဗုံးဟု မြို့နယ်မှူးမှဆို

    အောက်တိုဘာ ၂၃၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲ   ။          ။      သံတွဲမြို့၊ သဗြုချိုင်ကျေးရွာတွင် ဗုံးတစ်လုံးအား ယနေ့ နေ့လည် ၁၁-နာရီခွဲခန့်က တွေ့ရှိရပြီး အဆိုပါ ဗုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှ မီးခိုးဗုံး ဖြစ်တယ်လို့ ပြောဆိုကြောင်း သတင်းရရှိပါတယ်။

    ဖြစ်စဉ်မှာ သံတွဲမြို့ သဗြုချိုင်ကျေးရွာ ဗလီရှေ့အနီးတွင် တွေ့ရှိခဲ့ရပြီး မီးခိုးများထွက်နေသဖြင့် ရေဖြင့်လောင်း၍ ငြိမ်းသတ်ခဲ့ကာ တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ လာရောက်စစ်ဆေးပြီး ရဲတပ်ဖွဲ့မှ ဗုံးမဟုတ်ပဲ မြို့နယ်မှူးမှ သူတို့၏ပစ္စည်းဟုဆိုကာ သိမ်းယူသွားကြောင်း သဗြုချိုင် ဒေသခံ တစ်ဦးက သတင်းပေးပို့လာပါတယ်။။

    “သဗြုချိုင်ရွာမှာ ဒီနေ့ နေ့လည် ၁၁-နာရီခွဲလောက်က တွေ့တယ်။ ဗလီရှေ့ မုခ်ဝနားလေးမှာတွေ့တယ်။ တွေ့တာက ဦးမောင်ပုက တွေ့တာ ရေချိုးရင်းတွေ့တာ။ အဲဒီကနေ မီးခိုးထွက်နေတာတွေ့တော့ သူက ရေပုံးနဲ့ ၃-ပုံး ရေလောင်းလိုက်တော့ မီးခိုးမထွက်တော့ဘူး။ သူကလည်း ဗုံးမှန်းလည်းမသိဘူး။ ရေလောင်းပြီး ကြည့်လိုက်တော့ ဗုံးဖြစ်နေမှန်းသိတော့မှ စစ်တပ်နဲ့ ရဲကို အကြောင်းကြားခဲ့တယ်။ ရဲတပ်ဖွဲ့ကတော့ မီးလောင်ဗုံး ဒါမှမဟုတ် မီးခိုးဗုံးလို့ရှင်းပြပြီး သူတို့ပစ္စည်း မဟုတ်ဘူးလို့ပြောတယ်။ နောက် မြို့နယ်မှူးရောက်လာပြီး သူတို့ပစ္စည်းလို့ပြောပြီး ယူသွားတယ်”လို့ ပြောပါတယ်။

    အကြမ်းဖက်ဖျက်ဆီးခံရသော သဗြုချိုင်ရွာ ပြန်လည်တည်ထောင်ရေးအတွက် မြို့နယ်၊ ခရိုင် အဆင့် အုပ်ချုပ်ရေးမှူးများ ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံညှိနှိုင်း အားပေးသွားကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ကတိပြုထားပြီးဖြစ်ကြောင်းတို့ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်ရန် လက်နက်များစုဆောင်းမှုများလည်း ရှိနေပြီး လက်နက်စုဆောင်းခြင်းနှင့် လိုအပ်သော သင်တန်းများအတွက် RNDP နှင့် ALP ထံမှ အကူအညီယူထားကြောင်း၊ ကိုစိုးနောင်ဦး၊ ကိုထွန်းထွန်းဝင်း(ခ) အပုကြီး အပါအဝင် ရခိုင်ကွန်ရက် အဖွဲ့ဝင်များသည် လျှို့ဝှက် လှုပ်ရှားနေမြဲပင်ဖြစ်ကြောင်း၊ ကိုထွန်းထွန်းဝင်း(ခ) အပုကြီးအား လက်နက်ကိစ္စဖြင့် ခေါ်ယူစစ်ဆေးနေပြီး ကိုစိုးနောင်ဦး ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေပြီး စိုးနောင်ဦးသည် ရွှေလှေရွာ တံတားထိပ် ဘုရားနယ်မြေတွင် အရက်ဆိုင် ရောင်းချနေသူ ဖစ်သည့်အပြင် ရဲဝန်ထမ်းပြုတ်တစ်ဦးလည်း ဖြစ်ကြောင်း၊ အကြမ်းဖက်ဆူပူမှု ပြုလုပ်ရာတွင် ရွှေလှေ ရဲစခန်းမှ စခန်းမှူး တင်မောင်လွင်နှင့် အပေးအယူပြုထားသူဖြစ်သည်ဟု သိရှိရသဖြင့် သဗြုချိုင်ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ရှိနေတယ်လို့လည်း ဒေသခံများက ပြောပါတယ်။

  • အောက်တိုဘာ- ၂၃ အားကစားသတင်းများ

    အောက်တိုဘာ- ၂၃

    M-Media

    အသင်း၏ ရလဒ်များနှင့် ပက်သက်၍ အသင်းသားများကိုသာ အပြစ်တင်ရမည်ဟု အီဗန့်ဆို

    john event
    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ယူအသင်း၏ ဆိုးရွားသော စွမ်းဆောင်မှုများနှင့်ပက်သက်၍ ကစားသမားများတွင်သာ တာဝန်ရှိပြီး၊ နည်းပြ ဒေးဗစ်မိုယက်စ်ကို အပြစ်တင်၍မရကြောင်း နောက်ခံလူ ဂျွန်နီ အီဗန့်စ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ကစားသမားအပေါ် မိုယက်စ်၏ စီစစ်မှုမှာ ပြင်းထန်သည်ဟု အီဗန့်စ်က ခံစားနေရပြီး၊ အသင်း၏ လတ်တလောစွမ်းဆောင်ရည်များမှ ပိုမို တိုးတက်ရန် လိုအပ်သည်ဟု ၀န်ခံခဲ့သည်။

    “တစ်ဦးချင်းအနေနဲ့ကော၊ အသင်းလိုက်အနေနဲ့ပါ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ဆန်းစစ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာအောင် လုပ်ရပါမယ်” ဟု အီဗန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

    ……………………………………
    ချယ်ဆီးနှင့်ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အလွန်နုံအခဲ့သည်ဟု ဒရက်ဇလာဆို


    ရှော်လ်ကာအသင်း၏ ဂျာမန်ကစားသမား ဂျူလီယန်ဒရက်ဇလာက ချယ်ဆီးနှင့်ပွဲတွင် ပါးနပ်သူက အနိုင်ရရှိခဲ့သည်ဟု ထင်မြင်နေပြီး၊ ၎င်း၏အသင်းအနေဖြင့် နောက်တစ်ဆင့်သို့တက်ရောက်ရန် အခွင့်အရေးရှိနေသည်ဟု ပြောဆိုလိုက်သည်။

    ချန်ပီယံလိဂ်အုပ်စု တတိယပွဲစဉ်အဖြစ် ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အိမ်ကွင်းတွင် ချယ်ဆီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီး ဒရက်ဇလာက မိမိတို့အသင်းမှာ နုံအခဲ့သည်ဟု ခံစားနေရသည်။

    “ကျွန်တော်တို့အသင်း နည်းနည်း နုံခဲ့တာဖြစ်မှာပါ။ ချယ်ဆီးလိုအသင်းနဲ့ ကစားရတဲ့အခါမျိုးမှာ တစ်ဦးချင်းအမှားတွေ မလုပ်ရပါဘူး။ ဒီညမှာ ပိုပြီးပါးနပ်တဲ့အသင်းဟာ အနိုင်ရရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု UEFA ၀ဘ်ဆိုဒ်သို့ ဒရက်ဇလာက ပြောကြားခဲ့သည်။

    သို့သော်လည်း ရှော်လ်ကာအသင်းမှာ နောက်တစ်ဆင့်တက်လိမ့်မည်ဟု ယုံကြည်နေကြောင်း ဒရက်ဇလာက ထပ်လောင်းပြောကြားသွားသည်။ ရှော်လ်ကာအသင်းမှာ ချန်ပီယံလိဂ်အုပ်စု E တွင် ချယ်ဆီး၊ စတူအာဘူခါရက်၊ ဘေဆယ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး သုံးပွဲကစား ၆ မှတ်ရရှိကာ ချယ်ဆီးနှင့် အမှတ်တူဂိုးကွာခြားဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    …………………………………………….
    ဘာစီလိုနာနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းကြောင့် ကာကာအား ဂါလီယာနီ ချီးကျူး

    ဘာစီလိုနာအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ကာကာ၏ခြေစွမ်းအား အေစီမီလန်အသင်း၏ စီအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ချီးကျူးပြောဆိုလိုက်သည်။

    ကာကာမှာ အေစီမီလန်သို့ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ရော်ဘင်ဟိုသွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။

    “ကာကာရဲ့ တိုက်စစ်ကစားပုံကို ကျွန်တော်သဘောကျပါတယ်။ ဒီပွဲမှာ ကာကာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကာကာအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီအသင်းမှာ သူကစားတဲ့အခါ သူဟာ ကောင်းကောင်းကစားနိုင်ပြီး အသင်းအတွက်အများကြီးပေးဆပ်နိုင်တယ်ဆိုတာ လူတွေအားလုံးကလည်း နားလည်စ ပြုလာပါပြီ” ဟု ဂါလီယာနီက ပြောကြားခဲ့သည်။

    ထို့ပြင် တိုက်စစ်မှူးဘာလော့ တယ်လီ အသင်းမှထွက်ခွာတော့မည်ဆိုသည့် သတင်းများနှင့်ပက်သက်၍ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ဘာလော့ တယ်လီအား အသင်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ဂါလီယာနီက ထည့်သွင်းပြောကြားခဲ့သည်။

    ………………………………
    WTA Championships ပထမအစဉ်တွင် ဆရီနာအနိုင်ရ

    ယခုနှစ်ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် အစ္စတန်ဘူလ်၌ ကျင်းပနေသည့် WTA Championships ပထမအဆင့်ပွဲစဉ်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံက ဂျာမနီ အမျိုးသမီး တင်းနစ်အကျော်အမော် အိန်ဂျလီ ကာရ်ဘာရ်အား အနိုင်ရရှိခဲ့သည်ဟုသိရသည်။

    ဆရီနာ ၀ီလီယံမှာ ထိုပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရသူဖြစ်ပြီး ကာဘာရ်အား သက်တောင့်သက်သာကစားကာ ၆-၃၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကာဘာရ်မှာ ပြီးခဲ့သည့်နှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဆရီနာ ၀ီလီယံအား အနိုင်ကစားနိုင်ခဲ့သော်လည်း ယခုအကြိမ်တွင် ပုံစံကောင်းများရရှိနေသည့် ၀ီလီယံအား အရှုံးပေးခဲ့ရသည်။

    ထို့ပြင် ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာကလည်း အီတလီတင်းနစ်မယ် ဆာရာအီရာနီအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၆(၇-၄)၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

    ရာသီပိတ်ပွဲစဉ်ဖြစ်သည့် WTA Championships တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသမားသာပါဝင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်သည်။
    ————————————-

    ချယ်ဆီး၊ အက်သလက်တီကို၊ နာပိုလီ၊ ဇင်းနစ်တို့ အဝေးကွင်းတွင်အောင်ပွဲခံခဲ့ပြီး၊ ဘာကာသရေကျ၊ အာဆင်နယ် ရှုံးပွဲ စတွေ့ခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက်ပွဲစဉ်များ

    ဥရောပချန်ပီယံလိဂ် အုပ်စု E၊ F၊ G၊ H များ၏ အုပ်စု တတိယပွဲစဉ်များကို ယနေ့နံနက်က ယှပြိုင်ကစားခဲ့ရာ ချယ်ဆီးနှင့် အက်သလက်တီကိုတို့ အဝေးကွင်းတွင် ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီး ဘာစီလိုနာအသင်းမှာ ဆန်စီရိုတွင် ၁ မှတ်သာ ရယူနိုင်ခဲ့ပြီး၊ ခြေစွမ်းကောင်းများရနေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်း အီမရိတ်တွင် ဒေါ့မွန်အသင်းအား အရှုံးပေးခဲ့ရသည်။

    အုပ်စု E

    ရှော်လ်ကာ ၀-၃ ချယ်ဆီး

    တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းတည်ငြိမ်လာသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ဂျာမန်မြေတွင် အိမ်ရှင်ရှော်လ်ကာအသင်းအား အမှားအယွင်းမရှိ အနိုင်ရယူနိုင်ခဲ့သည်။

    အိမ်ရှင်ရှော်လ်ကာအသင်းမှာ တိုက်စစ်မှူး ဟန်တယ်လာနှင့် ဂျက်ဖာဆင် ဖာရန်တို့မပါဝင်နိုင်သောကြောင့် အားနည်းသည်ဟုဆိုနိုင်ပြီး ချယ်ဆီးအသင်းက ပြီးခဲ့သည့် စနေနေ့ ကာစ်ဖ်အား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သောပွဲမှ လူစာရင်းအား ငါးနေရာအပြောင်းအလဲလုပ်ကာ ရှော်လ်ကာအား ရင်ဆိုင်ခဲ့သည်။

    ချယ်ဆီးအသင်းအတွက်ဂိုးများကို ပွဲအစ ၅ မိနစ်နှင့် ဒုတိယပိုင်း ၆၈ မိနစ်တို့တွင် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့ပြီး အလယ်တန်းကစားသမား အေဒင် ဟာဇာဒ်က ပွဲပြီးကာနီး ၈၇ မိနစ်တွင်နောက်ဆုံးပိတ် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။ တောရက်စ်မှာ ချယ်ဆီးအသင်းအတွက် ပွဲ ၁၀၀ ပြည့်ကစားခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ ၃ ပွဲကစား ၆ မှတ်ရရှိကာ ရှော်လ်ကာအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုအား ဦးဆောင်နိုင်ခဲ့သည်။

    စတူအာဘူခါရက် ၁-၁ ဘေဆယ်

    ရိုမေးနီးယားတွင်ကစားခဲ့သည့် ထိုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းစွာဖြင့် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ဧည့်သည် ဘေဆယ်အသင်းက မာဆယ်လို ဒီအက်ဇ်၏ ဒုတိယပိုင်း ၄၈ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ပွဲပြီးကာနီး ၈၈ မိနစ်တွင်မှ အိန်ဂျယ်လို မာတင်က ဘူခါရက်အတွက် နောက်ကျချေပဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အိမ်ရှင်အသင်းမှာ အဖိုးတန် သရေတစ်မှတ်ကို အရယူနိုင်ခဲ့သည်။
    …………………………………………
    အုပ်စု F

    အာဆင်နယ် ၁-၂ ဒေါ့မွန်

    အီမရိတ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် အာဆင်နယ်အသင်းမှာ ဒေါ့မွန်အား တိုက်စစ်မှူး လီဝန်ဒေါ့စကီး၏ နောက်ကျအနိုင်ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။

    အဖွင့်ဂိုးကို ဧည့်သည့်ဒေါ့မွန်အသင်းက စတင်ရရှိခဲ့ပြီး ၁၆ မိနစ်တွင် ဟင်းနရစ် မခီတာယန်က သွင်းယူပေးခဲ့သည်။ ၄၁ မိနစ်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျီရူးက ချေပဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးကာနီး ၈ မိနစ်အလိုတွင် ရော်ဘတ် လီဝန်ဒေါ့စကီးက ဒေါ့မွန်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။

    မာဆေးလ် ၁-၂ နာပိုလီ

    ပြီးခဲ့သည့် အုပ်စုပွဲစဉ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့သည့် နာပိုလီအသင်းမှာ ပြင်သစ်မြေတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အမှားအယွင်း မရှိအနိုင်ယူနိုင်ခဲ့ကာ အုပ်စုတက်ရေး အိပ်မက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။

    ၂ ဂိုး ၁ ဂိုးဖြင့်ဧည့်သည်နာပိုလီအသင်းက အနိုင်ရရှိခဲ့သော အဆိုပါပွဲစဉ်တွင် နာပိုလီအသင်းအတွက်ဂိုးများကို ၄၂ မိနစ်နှင့် ၆၇ မိနစ်တို့တွင် ကာလီဂျွန်နှင့် ဒူဗန် ဇပါတာတို့က အသီးသီးသွင်းယူပေးခဲ့ပြီး အိမ်ရှင်မာဆေးလ်အသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၈ မိနစ်တွင် အန်ဒရီ အေယွယ်က သွင်းယူပေခဲ့ခြင်းဖြစ်သည်။

    မာဆေးလ်အသင်းမှာ သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုတက်ရေးမှာ အဆုံးသတ်သွားပြီဖြစ်သည်။
    …………………………………..
    အုပ်စု G

    သြစတြီးယားဝီအန် ၀-၃ အက်သလက်တီကို

    ပြီးခဲ့သည့် အုပ်စုပွဲစဉ်နှစ်ခုတွင် အနိုင်ကစားနိုင်ခဲ့သည့် စပိန်ကလပ် အက်သက်လက်တီကို မက်ဒရစ်အသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ် သြစတြီးယားဝီအန်အသင်းကို အဝေးကွင်းတွင်း ၃ ဂိုးပြတ်အနိုင်ရရှိအောင်
    ကစားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းထားနိုင်ခဲ့သည်။

    အဖွင့်ဂိုးအား ပွဲအစ ၈ မိနစ်မှာပင် အက်သလက်တီကိုအသင်းက စတင်ရရှိခဲ့ပြီး ရာအူး ဂါစီယာက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင်လည်း အက်သလက်တီကို အသင်းကပင် အသာစီးဖြင့်ကစားနိုင်ခဲ့ပြီး မိနစ် ၂၀နှင့် ၅၃ မိနစ်တို့တွင် ဒီယေဂို ကော်စတာက ဒုတိယနှင့် တတိယဂိုးတို့ကို သွင်းယူပေးခဲ့သည်။

    ယခုနိုင်ပွဲကြောင့် အက်သလက်တီကိုအသင်းမှာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ရန်သေချာသလောက်ရှိသွားပြီးဖြစ်သော်လည်း၊ သြစတီးယားဝီအန်အသင်းမှာ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် မဆိုစလောက်သာ ကျန်ရှိတော့သည်။

    ပေါ်တို ၀-၁ ဇင်းနစ်

    ပေါ်တူဂီတွင် ကစားခဲ့သည့် ယခုပွဲစဉ်တွင် ပေါ်တိုအသင်းမှာ ပွဲအစ ၆ မိနစ်မှာပင် ဟက်တာ ဟာရီရာ အထုတ်ခံခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး ၁၀ ယောက်တည်းဖြင့်ကစားခဲ့ရသည်။

    သို့သော်လည်း ဧည့်သည်ဇင်းနစ်အသင်း၏ အဖိုးတန်အနိုင်ဂိုးကို ၈၅ မိနစ်တွင်မှ ရရှိခဲ့ပြီး အလက်ဆန်ဒါ ကာဇာကောဗ့်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဇင်းနစ်အသင်းမှာ ပေါ်တိုအသင်း၏ အိမ်ကွင်း၌ ပထမဦးဆုံးအနိုင်ရရှိခဲ့သည့် ရုရှားကလပ်အသင်းဖြစ်လာခဲ့ပြီး ၃ ပွဲကစား ၄ မှတ်ဖြင့် အပေါ်တို၏အထက် ၁ မှန်ကွာဖြင့် အုပ်စုဒုတိယနေရာတွင်ရှိနေသည်။
    ………………………………
    အုပ်စု H

    အေစီမီလန် ၁-၁ ဘာစီလိုနာ

    ဆန်စီရိုတွင်ကစားခဲ့သည့် ယခုပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလိုနာအသင်းက အဖိုးတန်တစ်မှတ်ကိုရယူနိုင်ခဲ့သည်။

    ဘာစီလိုနာအသင်းတွင် ဒဏ်ရာမှ သက်သာလာသည့် မက်ဆီပါဝင်ကစားခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်အေစီမီလန်အသင်းက ပွဲအစ ၉ မိနစ်တွင်ရရှိခဲ့ပြီး ကာကာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်ဘင်ဟိုက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘာစီလိုနာအသင်းက ကစားအားမြှင့်တင်ခဲ့ပြီး ပွဲအားစိုးမိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် ၂၄ မိနစ်တွင် ဘာစီလိုနာအသင်းက ချေပဂိုးရရှိခဲ့ပြီး အင်နီယေစတာ၏ ပေးပို့မှုမှတစ်ဆင့် မက်ဆီက သွင်းယူပေးနိုင်ခဲ့သည်။

    နောက်ပိုင်းတွင် နှစ်သင်းစလုံးမှာ အခွင့်ရေးကောင်းများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ၁ ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဘာစီလိုနာအသင်းမှာ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေပြီး မီလန်မှာ ၃ ပွဲကစား ၅ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    ဆဲလ်တစ် ၂-၁ အေဂျက်

    ကစားပြီးခဲ့သည့် ၂ ပွဲတွင် အမှတ်မရရှိခဲ့သည့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းမှာ အိမ်ကွင်းတွင် အေဂျက်အသင်းအား အနိုင်ကစားကာ ၃ မှတ်ရယူနိုင်ခဲ့သည်။

    ပထမပိုင်းတွင် ပွဲမှာအနည်းငယ်အေးခဲ့ပြီး ကွင်းလယ်၌သာ အချိန်ကုန်ခဲ့သည်။ သို့သော်လည်း ပထမပိုင်းပြီးကာနီး ၄၄ မိနစ်တွင် အိမ်ရှင်တို့ ပင်နယ်တီရရှိခဲ့ပြီး ဂျိမ်းဖောရက်စ်က အမှားအယွင်း မရှိကန်သွင်းယူနိုင်ခဲ့သည်။

    ဒုတိယပိုင်းတွင် နှစ်သင်းစလုံးက ကစားအားကိုမြှင့်တင်ခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ၅၃ မိနစ်တွင် ဆဲလ်တစ်အသင်းက ဒုတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဘီရမ် ကာယာလ်က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး ၁၀ မိနစ်အလိုမှစ၍ ဧည့်သည့်အေဂျက်အသင်းက တရစပ်ဖိကစားခဲ့ပြီး ချေပဂိုးရရန်ကြိုးစားခဲ့သော်လည်း ဒုတိယပိုင်းနာကျင် အချိန်ပိုတွင်မှ နှစ်သိမ့်ဂိုးတစ်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို စကုန်းကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

  • ကျိုက်ထိုမြို့တွင် အီးဒ် အထိမ်းအမှတ် မိတ်ဆုံ ညစာစားပွဲ ပြုလုပ်

    ကျိုက်ထိုမြို့တွင် အီးဒ် အထိမ်းအမှတ် မိတ်ဆုံ ညစာစားပွဲ ပြုလုပ်

    အောက်တိုဘာ ၂၃၊ ၂၀၁၃
    M-Media
    KK

    ကျိုက်ထို ။ ။ အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီသွလ်အသွဟာနေ့ အထိမ်းအမှတ် အိဒ်မိတ်ဆုံ ညစာ စားပွဲတစ်ရပ်ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ကြီးမှူး၍ မနေ့က အောက်တိုဘာ ၂၂-ရက်နေ့တွင် ကျိုက်ထိုမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    မိတ်ဆုံစားပွဲကို မြန်မာနိုင်ငံရှိ ဘာသာကြီး ၄-ခုဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှလည်း တက်ရောက်ခဲ့ကြပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး၊၊ ပထမတန်းစစ်ဦးစီးမှူး၊ မြို့နယ် ဒုဦးစီးမှူးနှင့်အဖွဲ့များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် သာသနာရေးမှူးများ၊ ဌာနဆိုင်ရာများမှလည်း တက်ရောက်ကြပြီး ဖိတ်ကြားထားသော ဧည်သည့်များလည်း တက်ရောက်ခဲ့ကြသည်။

    ကျိုက်ထိုမြို့တွင် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်စွာ နေထိုင်ကြပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို အတူ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းစွာရှိနေကြောင်းလည်းသိရသည်။

    Ref: 22-10-03 မြန်မာ့အလင်း

  • ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ ကို အများပြည်တို့၏ အလုပ်ပိတ်ရက် အဖြစ်ကြေညာ

    အောက်တိုဘာ-၂၃
    M-Media
    သုတ

    day par war le
    ရန်ကုန် ။          ။နိုဝင်ဘာလာ ၂ ရက်နေ့သည် ဟိန္ဒူဘာသာ သာသနာဝင်များ၏“ဒီပါဝလီနေ့” အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

    ကြေညာချက်တွင် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်) စနေနေ့ကို ဟိန္ဒူဘာသာဝင် များ၏ နေထူးနေ့မြတ်ဖြစ်သော “ဒီပါဝလီနေ့” ဖြစ်သည့် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ  အက်ဥပဒေပုဒ်မ ၂၅ အရ  အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သင်းသန်း လက်မှတ်ဖြင့် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ကြေညာထားပါသည်။

    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။

    Ref:  ကြေးမုံသတင်းစာ