News @ M-Media

Blog

  • ဂါဇာတွင် အကူအညီလာယူသူများကို ပစ်ခတ်ဖို့ အစ္စရေးတပ်မှူးများက အမိန့်ပေးထား

    ဂါဇာတွင် အကူအညီလာယူသူများကို ပစ်ခတ်ဖို့ အစ္စရေးတပ်မှူးများက အမိန့်ပေးထား

    ဇွန် ၂၈၊ ၂၀၂၆
    M-Media

    (စစ်ရှောင်များ ခိုလှုံနေသည့် Usama bin Zeid ကျောင်းကို အစ္စရေးက ဇွန်လ ၂၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ပါလက်စတိုင်းများ)

    ဂါဇာမှာ အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းတွေ အကူအညီလာယူရင် ပစ်ခတ်သတ်ဖြတ်ဖို့ အစ္စရေးတပ်မှူးတွေက စစ်သားတွေကို အမိန့်ပေးထားတာ တွေ့ရတယ်လို့ အစ္စရေးသတင်းစာ Haaretz ကဖော်ပြပါတယ်။

    အမေရိကန် ကမကထပြုတဲ့ အကူအညီပေးရေးအဖွဲ့ Gaza Humanitarian Foundation (GHF) က ရိက္ခာတွေ ၀ေငှမှုအတွင်း အစ္စရေးစစ်သားတွေက သတ်ဖြတ်မှုမှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၅၄၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၀၆၆ ဦး ရှိပါတယ်။

    “တင့်ကားတွေကနေ ကျွန်တော်တို့ စက်သေနတ်တွေနဲ့ပစ်တယ်။ လစ်ပစ်ဗုံးတွေနဲ့လည်း ထုပါတယ်။ ဖုန်တွေကြားထဲကနေ ပြေးလာတဲ့ အရပ်သားတွေ အပစ်ခံရတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိခဲ့ပါတယ်” လို့ Haaretz သတင်းစာကို စစ်သားတစ်ယောက်က ပြောပါတယ်။

    ဂါဇာမှာ စခန်းချနေတဲ့ အခြားစစ်သားတစ်ယောက်ကလည်း အကူအညီပေးရေးနေရာနားမှာ တစ်ရက်ကို ပါလက်စတိုင်း တစ်ဦးကနေ ငါးဦးအထိ အသတ်ခံနေရတယ်လို့ ဆိုပါတယ်။

    အစ္စရေးစစ်တပ်ကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အပစ်ရပ်ရေးသဘောတူညီချက် မရသေးဟု အီရန်ပြော

    ဇွန် ၂၄၊ ၂၀၂၅
    M-Media

    အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီ


    အစ္စရေးနဲ့ အပစ်ရပ်ဖို့ သဘောတူညီချက် မရသေးဘူးလို့ အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီက ပြောပါတယ်။
    အီရန်က ကာတာမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးနဲ့ အီရန်တို့ဟာ အပစ်ရပ်ရေး သဘောတူညီချက် ရသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
    အီရန်နိုင်ငံခြားရေး၀န်ကြီးကတော့ အစ္စရေးဘက်က ကျူးကျော်တိုက်ခိုက်မှုကို ရပ်တန့်မှ အီရန်ဘက်ကလည်း လက်တုန့်ပြန်မှု ရပ်မယ်လို့ ဆိုပါတယ်။
    အီရန်နျူစက်ရုံတွေကို ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက စတင်ပြီး ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Aljazeera

  • အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့သည် ဂါဇာမှ ဆေးရုံများ

    အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့သည် ဂါဇာမှ ဆေးရုံများ

    ဇွန် ၁၉၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဂါဇာမှ ဆေးရုံ တည်နေရာများ)


    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အစ္စရေးဟာ ဆေးရုံပေါင်း ၃၆ ခုထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီအထဲက တော်တော်များများဟာ အုတ်ပုံဖြစ်ခဲ့ပါတယ်။
    ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်းအရ ဆေးရုံတွေကို တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ ဂါဇာဆေးရုံတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်အချို့ကို ဖော်ပြလိုက်ပါတယ်။
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် – Al-Ahli ဆေးရုံကို အစ္စရေးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပြီး ဆေးရုံကားပါကင်မှာ တဲထိုးနေတဲ့ ပါလက်စတိုင်း စစ်ရှောင် ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
    ၂၀၂၃ ခုနှစ် နို၀င်ဘာ ၃ ရက် – Al-Shifa ဆေးရုံ အပြင်ဘက်က လူနာတင်ယာဥ်တန်းကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ပါတယ်။
    ၂၀၂၃ ခုနှစ် နို၀င်ဘာ ၂၁ ရက် – Al-Awda ေဆးရုံကိုလေကြောင်းကနေ အစ္စရေး တိုက်ခိုက်ခဲ့ပြီး၊ MSFက ဆရာ၀န်တစ်ဦးအပါအ၀င် စုစုပေါင်း ဆရာ၀န် ၃ ဦး သေဆုံးခဲ့ပါတယ်။
    ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက် – Nasser Hospital ဆေးရုံကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး ဆေးရုံမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်းစစ်ရှောင် အများအပြား သေဆုံးခဲ့ပါတယ်။
    ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက် – Al-Shifa ဆေးရုံကို အစ္စရေးက ထပ်မံ စီးနင်းတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၉၀ အသတ်ခံခဲ့ရပါတယ်။ ဒီဆေးရုံကို အစ္စရေးစစ်သားတွေက အချိန်အတော်ကြာ စီးနင်းခဲ့တာဖြစ်ပြီး အသတ်ခံရသူတွေထဲမှာ လူနာတွေ၊ စစ်ရှောင်တွေ အများအပြား ပါ၀င်ပါတယ်။
    ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက် – Al-Aqsa ဆေးရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး၊ စစ်ရှောင်တွေအပါအ၀င် ပါလက်စတိုင်းပြည်သူ အများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။
    ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက် – Al-Shifa ဆေးရုံကို အစ္စရေးတို့က ၁၄ ရက်ကြာ စီးနင်းခဲ့ပြီး ဆေး၀န်ထမ်းတွေ အပါအ၀င် လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်။
    ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက် – Al-Aqsa ဆေးရုံကို ညပိုင်း အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ရာမှာ ၅ ဦးသေဆုံးကာ ၆၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
    ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် – Kamal Adwan ဆေးရုံကို အစ္စရေးစစ်သားတွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၀ ကို သတ်ဖြတ်ကာ အများအပြားကို ဖမ်းဆီးသွားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဆေးရုံဒါရိုက်တာ ဒေါက်တာ ဟာဆန် အဘူ ဆာဖီယာကို ဖမ်းဆီးသွားခဲ့ပါတယ်။
    ၂၀၂၃ ခုနှစ် နို၀င်ဘာ – အင်ဒိုနီးရှားဆေးရုံကို အစ္စရေးတပ်ဖွဲ့တွေက ရက်အတော်ကြာ စီးနင်းခဲ့ပြီး လူအများအပြားကို သတ်ဖြတ်ကာ ဆေးရုံ၀င်းထောင့်မှာ အလောင်းတွေကို စုပုံထားခဲ့ပါတယ်။
    ၂၀၂၅ ခုနှစ် မတ်လ ၂၃ ရက် – အစ္စရေးစစ်သားတွေဟာ ပါလက်စတိုင်း လခြမ်းနီအသင်းအတွက် အလုပ်လုပ်ပေးနေတဲ့ ဆေးမှုး ၁၅ ဦးကို ကယ်ဆယ်ရေးခရီးစဥ်တစ်ခုမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သွေးအေးအေးနဲ့ ညှင်းပမ်းသတ်ဖြတ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရတဲ့ ဆေးမှူးတစ်ဦး မသေခင် လျှို့၀ှက်ရိုက်ကူးထားတဲ့ ဗီဒီယိုကနေ အစ္စရေးရဲ့ ယုတ်မာကြမ်းတမ်းမှုကို ကမ္ဘာက မျက်၀ါးထင်ထင် တွေ့ခဲ့ရပါတယ်။
    Ref: Aljazeera

  • အီရန်ကို အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်

    ဇွန် ၁၃၊ ၂၀၂၆
    M-Media

    အီရန်နိုင်ငံက နေရာတော်တော်များများကို အစ္စရေးက ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်လေယာဥ်တွေနဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    နျူစက်ရုံတွေနဲ့ စစ်ဖက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတာလို့ အစ္စရေးက ထုတ်ပြန်ပြီး၊ အီရန်ဖက်က လက်တုန့်ပြန်လာနိုင်တဲ့အတွက် အစ္စရေးတစ်နိုင်ငံလုံးကိုလည်း အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

    အီရန်နိုင်ငံပိုင်မီဒီယာက တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဟိုစိန် ဆာလာမီ ကျဆုံးခဲ့ကြောင်း အတည်ပြုပါတယ်။

    အမေရိကန်က တိုက်ခိုက်မှုတွေကို အစ္စရေးကသာ လုပ်ဆောင်တာဖြစ်ပြီး မိမိတို့မပါ၀င်ကြောင်း၊ အီရန်အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာလည်း ၂ နှစ်အတွင်း ပါလက်စတိုင်းအရပ်သား ၅၅၀၀၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။

    Ref: Reuters

    (ဓာတ်ပုံ – အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် ဟိုစိန် ဆာလာမီ)

  • အစ္စရေးကို နိုင်ငံတကာက ဒဏ်ခတ်ဖို့ ဥရော-အာရပ်ခေါင်းဆောင်များ တိုက်တွန်း

    အစ္စရေးကို နိုင်ငံတကာက ဒဏ်ခတ်ဖို့ ဥရော-အာရပ်ခေါင်းဆောင်များ တိုက်တွန်း

    မေ ၂၆၊ ၂၀၂၅
    M-Media

    မနေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရော-အာရပ် ခေါင်းဆောင်တွေရဲ့ အဆင့်မြင့်အစည်းအဝေးမှာ စပိန်နိုင်ငံခြားရေးဝန်ကြီး José Manuel Albares က အစ္စရေးရဲ့ ဂါဇာအကြမ်းဖက်မှုကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒီအစည်းအ၀ေးဟာ “The Madrid Group” လို့ခေါ်တဲ့ ဥရောပ-အာရပ်အဖွဲ့ရဲ့ ၆ ကြိမ်မြောက်အစည်းအ၀ေးဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂ဝ လောက် ပါ၀င်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် နေ့စဥ်သေဆုံးမှု တိုးလာပြီး၊ အငတ်ဘေးဆိုက်လာတဲ့ အခြေအနေမှာ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းဖို့ စုစည်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

    သုံးလနီးပါး အကူအညီပိတ်ဆို့ထားမှုကြောင့် ဂါဇာမှာ အစားအစာ၊ ရေ၊ လောင်စာနဲ့ ဆေးဝါးတွေ အလွန်အမင်းချို့တဲ့နေပါတယ်။ အစ္စရေးက မကြာသေးခင်က အကူအညီအနည်းငယ် ဝင်ခွင့်ပေးခဲ့ပေမယ့် လူသားချင်းစာနာမှုအဖွဲ့တွေက ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။

    မက်ဒရစ်အစည်းအဝေးဟာ ဇွန် ၁၇ ရက်နေ့ နယူးယောက်မှာ ပြင်သစ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ ပူးပေါင်းကျင်းပမယ့် နှစ်နိုင်ငံတည်ရှိရေး အဖြေထွက်ရေး ကုလ အဆင့်မြင့်ညီလာခံကို အရှိန်ရစေဖို့ ရည်ရွယ်ပါတယ်။
    အာရပ်လိဂ်နဲ့ OIC အဖွဲ့တွေက စစ်ပြေငြိမ်းရေးနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေး လိုအပ်ချက်ကို အစည်းအ၀ေးမှာ အလေးထား ပြောဆိုခဲ့ကြပါတယ်။

    ဂါဇာက အကြမ်းဖက်မှုတွေကြောင့် အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို ပြန်လည်သုံးသပ်ဖို့ ဥရောပသမဂ္ဂက အခုတစ်ပတ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    စပိန်နိုင်ငံခြားရေး၀န်ကြီးက အစ္စရေးရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုအပါအ၀င် နည်းလမ်းအားလုံးကို အသုံးပြုရမယ်လို့ မနေ့က အစည်းအ၀ေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera