အောက်တိုဘာ ၁၀ ၊ ၂၀၁၄
M-Media
မိုးစက်တွေ့ဆုံ ရေးသားသည်။
ပုံစာညွှန်း – ၁၉၇၂ ပတ်ချုံဟိဖလားဘောလုံးပြိုင်ပွဲ ၀င်းမောင် (အပေါ်တန်း ဘယ် ဒုတိယလူ)
မြန်မာ့ဘောလုံးလက်ရွေးစင် (ဦး)၀င်းမောင် ကို အဖ ဦးဘဂျူး အမိ ဒေါ်အုန်းခင်တို့မှ ၁၉၄၂ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဖွားမြင်ခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော ဦးဝင်းမောင်ဟာ မြန်မာနိုင်ငံဘောလုံး ရွှေခေတ်ကို ဦးဆောင်ခဲ့သူများထဲတွင် တစ်ဦး ပါဝင်ခဲ့သည်ဆိုလျှင်လည်း မှားနိုင်မည်မထင်ပါ။ ငယ်စဉ်ကလေးဘ၀ ကျောင်းသားလေး အရွယ်ဘ၀ကတည်းက အားကစားပေါင်းစုံကို စိတ်ပါဝင်စားသူတစ်ဦးလည်း ဖြစ်သည့် အလျောက် မူလတန်းမှစပြီး ဘတ်စကတ်ဘော၊ ဘောလီဘော၊ ဘောလုံး အားကစားတို့ကို အရူးအမူးစွဲလန်းကာ ကစားခဲ့ကြောင်း၊ အားကစားမှာ ထူးချွန်လွန်းသည့် အတွက် ကလေးအရွယ်ဘ၀နှင့်ပင် လူကြီးများ၏ အသင်းများတွင်မှာပါ လိုက်ပါကစားခဲ့ရသည်ဟု ဦးဝင်းမောင်က ငယ်စဉ်ဘ၀အား လွမ်းဆွေးဖွယ်ရာဖြစ်ရပ် တစ်ခုအဖြစ် ပြောပြခဲ့တာပါ။
“အ.ထ.က (၁) ကျောင်းမှာတက်နေရင်းနဲ့ ၄-တန်းရောက်တော့ အဖေက ၀န်ထမ်းဆိုတော့ နယ်ပြောင်းရတယ်။ အဲဒါနဲ့ပဲ လက်ပံတန်းကို လိုက်ပြီးတော့ ပြောင်းသွား ရတယ်။ လက်ပံတန်းက ကျောင်းရောက်တော့လည်း အားကစား လုပ်ဖြစ်တယ်။ ကျောင်းမှာ လက်ရွေးစင်ဖြစ်ခဲ့ရတယ်” ဟု ၎င်းလက်ရွေးစင် စတင်ဖြစ်ခဲ့ပုံကို ပြောပါတယ်။
ပုံစာအညွှန်း-၁၉၇၂ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ ၀င်းမောင် (ရှေ့ဆုံး အလံကိုင်)
(ဦး)၀င်းမောင်ဟာ ငယ်စဉ်အရွယ်ကတည်းက အားကစား အတော်အများကို ကစားခဲ့သူ တစ်ဦးဖြစ်သော်ငြားလည်း ဘောလုံးအားကစားကို ထူးချွန်စွာ ကစားနိုင်ခြင်းမှာ ယခင်က အားကစား မျိုးစုံရှိသည့်အနက် ဘောလုံး အားကစားကိုသာ ပြိုင်ပွဲတွေ အများဆုံးပြုလုပ်ပေးသည့် အတွက်ကြောင့် ကစားသည့် အကြိမ်ရေ များပြားလာပြီး ဘောလုံး အားကစားတွင် ထူးချွန်လာရခြင်းဖြစ်ကြောင်းကို ၎င်းကဆိုပါတယ်။
၁၉၇၈ တွင်ဖခင်၏ တာဝန်အရ တွံတေးမြို့သို့ ရောက်ရှိသွားပြီး ကျောင်းလက်ရွေးစင် တစ်ဦးဖြစ်လာခဲ့ပါတယ် ။ ကျောင်းလက်ရွေးစင်အနေနှင့် ကစားရင်းဖြင့် မြို့နယ်၊ ခရိုင်လက်ရွေးစင်၊ လူငယ်လက်ရွေးစင် အထိ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
၁၉၆၂ ခုနှစ်တွင် ပြည်မြို့သို့ပြန်လည်ပြောင်းလာ ခဲ့ပြီး ကပစ (၃) တွင် ဘောလုံးသမားများ လိုက်လံ စုဆောင်းနေသည့်အခါ (ဦး) ၀င်းမောင်အား ကပစ (၃) မှ ၎င်းတို့တပ်တွင်လာရောက် ကစားရန် ဖိတ်ခေါ်ခဲ့သဖြင့် (ဦး) ၀င်းမောင်လည်း စစ်တပ်ထဲတွင် ၀င်ရောက် ကစားခဲ့ရာ ထူးချွန်စွာ ကစားနိုင်ခဲ့သည်အတွက် တပ်ရင်းမှ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်။
ပုံစာအညွှန်း- တချိန်က အာရှရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တဲ့ ၁၉၆၀ ~ ၁၉၇၀ ပြည်နှစ် မြန်မာလက်ရွေးစင် ဘောလုံးအသင်း။ ဓါတ်ပုံမူပိုင် – မြန်မာလက်ရွေးစင် နောက်တန်းအစွန်လူ ဦးအုန်းကြွယ်မိသားစု
“၁၉၆၃ လောက်ကနေစပြီးတော့ စစ်တပ်ထဲမှာပဲ ဘောလုံးကစားဖြစ်ခဲ့တယ်။ စစ်သားဆိုပေမဲ့လည်း စစ်တာဝန်ကို မထမ်းဆောင်ရပါဘူး။ လုပ်ငန်းတာဝန်တွေကိုပဲ နားလည်အောင် လေ့လာ သင်ယူခဲ့ရတယ်။ အားကစား တာဝန်ကိုပဲ စစ်တာဝန် ထမ်းဆောင်သကဲ့သို့ ထမ်းဆောင်ခဲ့ရတယ်။ စစ်တပ်မှာ ကစားနေရင်းနဲ့ပဲ မြန်မာ့ လက်ရွေးစင် ဘောလုံးသမား တစ်ယောက်ဖြစ်ခဲ့တယ်” ဟု ၎င်း၏စစ်သား ဘ၀ အတွေ့အကြုံကို ပြန်လည်ပြောပြပါတယ်။
၁၉၆၆ ခုနှစ်မှစတင်ပြီး ၎င်းသည်မြန်မာ့လက်ရွေးစင် ကစားသမား တစ်ယောက် (ရှေ့တန်း အလယ်လူ) အနေဖြင့် တစ်ဖက်တစ်လမ်းမှနေ၍ မြန်မာနိုင်ငံအတွက် များစွာ ဂုဏ်ဆောင်စေခဲ့ ပါတယ်။ အဆိုပါ ကာလမှ မြန်မာဘောလုံး အားကစား အာရှထိပ်တန်းရောက်ပြီး ကမ္ဘာအဆင့်မှာ တန်းဝင်ခဲ့တယ်လို့ ဆိုနိုင်ပေမည်။ ကမ္ဘာ့အိုလံပစ် (မြူးနစ်အိုလံပစ်) တွင်မြန်မာအသင်းမှ အသန့်ရှင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ ၎င်းပွဲသည် “မြန်မာနိုင်ငံ အနေနှင့် ဒီပွဲစဉ်ဟာ ကမ္ဘာ့ပွဲစဉ်များတွင် အဆင်အမြင့်ဆုံး ရရှိခဲ့တာပဲဖြစ်တယ်”ဟု ၎င်းက ပီတိအပြည်ဖြင့် ဂုဏ်ယူ ဝံကြွားစွာ ပြောပါတယ်။
(ဦး) ဝင်းမောင် အနေနဲ့ လက်ရွေးစင်ဘဝဖြင့် ၁၉၆၉ ကျွန်းဆွယ်ပြိုင်ပွဲတွင် ပထမ၊ ၁၉၇၀ အာရှအားကစားပြိုင်ပွဲတွင် ပထမ၊ ၁၉၇၁ ကိုရီးယားဖလားပြိုင်ပွဲတွင် ပထမ၊ ၁၉၇၁ ဂျကာတာ နှစ်ပတ်လည်ပြိုင်ပွဲတွင် ပထမ၊ ၁၉၇၂ အာရှဇုံခြေစမ်းပွဲတွင် ပထမ၊ ၁၉၇၃ ထိုင်းဘုရင် ဖလားပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု စသည်ဖြင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲတိုင်းနီးပါး ဆုတံဆိပ်များ ရရှိခဲ့ကြောင်း သိရပါတယ်။
၁၉၇၀ ခုနှစ် အာရှအားကစားပွဲ ပွဲစဉ် တစ်လျှောက်တွင် ဂိုးအများဆုံး (၅) ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၉၇၂ ကိုရီးယားဖလား ဖိုင်နယ်တွင် ၎င်းတစ်ယောက်တည်းကပဲ သုံးဂိုးသွင်းယူနိုင်ခဲ့သည်ဟု သူရဲ့ ဘောလုံးသမား ဘ၀မှာ မေ့မရနိုင်သော အမှတ်ရဆုံးသော ဘောလုံးပွဲစဉ်ကို ပြန်လည် ခံစားပြီး ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။
“အားကစားသမား ဆိုတာ အရပ်အမောင်း၊ အား စသည်ဖြင့်ပေါ့ ကောင်းရမယ်။ အဲလိုတွေက တိုင်းရင်းသားတွေမှာ များသောအားဖြင့်ရှိကြတယ်။ ချင်း၊ ရှမ်း၊ မွတ်စလင်တွေမှာလဲ အဲ့လိုတွေများကြတယ်။ အဲတော့ ခွဲခြားပြီးရွေးနေမယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲဖြစ်လာမယ်။ တိုင်းပြည်အတွက် သစ္စာရှိမယ့်သူ၊ အကျိုးဖြစ်ထွန်းနိုင်မယ့်သူတွေကို မြေထောက်မြှောက်ပေးရမှာပါ”
“အရင်ခေတ်တုန်းက တစ်ဦး တစ်ယောက်ချင်းကို ရွှေဖိနပ်ဆုတို့ ဂိုး အများဆုံးဆုတို့ဆိုတာ မရှိခဲ့ဘူး။ နိုင်ငံခြားပွဲတွေမှာ ဆုရလာရင် နိုင်ငံတော်က ကြိုဆိုတယ်။ ဂုဏ်ပြုတယ် ဒီလောက်ပါပဲ” ဟု နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို နိုင်ငံတော်မှ ဂုဏ်ပြုသည့်အကြောင်း သူ့ အတွေ့အကြုံကို ပြောပါတယ်။
ဘောလုံးသမားတွေအနေနှင့်လည်း ဘောလုံး ကစားရတာကို မြတ်နိုးသည့်အတွက် ဘောလုံးထဲတွင် စိတ်နှစ်ပြီး စိတ်ပါလက်ပါနှင့် ကစားသောကြောင့် နိုင်ငံဂုဏ်ကို ကမ္ဘာ့အလယ်မှာ တင့်စေခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့်လည်း နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားဖြစ်ခဲ့ရခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း ဦးဝင်းမောင်က ပြန်ပြောင်း အောက်မေ့စွာဖြင့် ပြောပါတယ်။
တပ်မတော်ထဲတွင် အရာခံဗိုလ်ဘ၀မှ ဗိုလ်ကြီးဘ၀ရောက်ခဲ့သည့်တိုင် ၂၀၀၀ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ကြောင်းသိရပါတယ်။
ဦးဝင်းမောင်ဟာ ၁၉၆၆ မှ ၁၉၇၆ ထိ (၁၀) နှစ်တိုင်တိုင် မြန်မာ့လက်ရွေးစင် တစ်ဦးဖြစ်ခဲ့သည်။ ဘောလုံး ကန်ခြင်းကို ၃၇ နှစ်ကျော်ကျော် ပြုလုပ်ခဲ့ပြီးနောက် ယခုလက်ရှိတွင် သူ၏ ဘ၀ကို အကျိုးရှိစွာဖြင့် ဖြတ်သန်းနေလျက် ရှိတာကို တွေ့ရပါတယ်။ နောက်လာနောင်သားများ၊ ဘောလုံး ၀ါသနာ အိုးလေးများကို ပြုစုပျိုးထောင်ပေးပြီး သူ၏ပညာများကို နောက် မျိုးဆက်သစ်လေးများအား ဘောလုံး ပညာ မျှဝေလျှက်ရှိကြောင်း သိရပါတယ်။
လက်ရှိ ကပစ ဘောလုံးအသင်း၊ ဘောလုံးသင်တန်းများတွင် လိုက်လံသင်ကြားပေးခြင်း၊ ပြည်တက္ကသိုလ် ဘောလုံး အသင်းတို့တွင်လည်း နည်းပြတစ်ဦး အဖြစ် ဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။ “ဘောလုံးကစားတယ် ဆိုတာလည်း ကျန်းမာရေးအတွက် အရမ်းကိုကောင်းတယ်။ ကိုယ်လက် လှုပ်ရှားတဲ့ လေ့ကျင့်ခန်း တစ်မျိုးပေါ့နော်။ အန်ကယ်တို့လဲ အသက်ကြီးပြီ ဆိုတော့ ထိုင်နေရင်ပိုဆိုးတယ်။ အဲတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကိုပဲ ကလေးတွေကိုလည်း သင်ရင်း အန်ကယ်လည်း လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်သွားရော”ဟုသူရဲ့ စိတ်ခံစားချက်ကို ပြောပါတယ်။
ယနေ့ခေတ်ဘောလုံးလောက အခြေအနေနှင့်လည်း ပတ်သက်ပြီး “ယနေ့ခေတ် ဘောလုံးသမားများအနေနှင့် လက်ရွေးစင် တစ်ယောက်ဖြစ်လာပြီဆိုရင် လက်ရွေးစင် ဘ၀ကိုကြာရှည် မထိန်းသိမ်းနိုင်ကြဘူး။ နည်းပြဆရာတွေရဲ့ သင်ကြားမှုကိုလည်း သေချာလိုက်နာမှု မရှိကြဘူး။ နေပုံထိုင်ပုံ စနစ်တွေက မဟုတ်ကြဘူး။ နည်းနည်း ထူးချွန်လို့ လူကြီးတွေကမြောက်စားတဲ့ ဒဏ်ကိုလည်း သူတို့မခံနိုင်ကြဘူး” ဟုသုံးသပ်ပြောကြားခဲ့ပါတယ်။
အားကစားသမားကောင်း တစ်ယောက်ဖြစ်ရန်အတွက် သင်ကြားပြသပေးသည့် ဆရာ့စကားကို ကောင်းမွန်စွာနားထောင်လေ့ကျင့်ပြီး အသင်းထဲတွင်လည်း အချင်းချင်း ညီညွတ်စည်းလုံးရန် လိုအပ်ကြောင်း တစ်ဦးနှင့်တစ်ဦးဖေးမပြီး ချစ်ခင်ကြရန် လိုအပ်ကြောင်းကို ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
မြန်မာမွတ်စလင်များထဲတွင် ဦးဝင်းမောင်ကဲ့သို့ နိုင်ငံ့ဂုဏ်ကိုဖော်ဆောင်ခဲ့သည့် အားကစားသမားများ အမြောက်အများပါ။ ဒါပေမယ့် ခွဲခြားဆက်ဆံခံရခြင်းတွေကြောင့် ယနေ့ခေတ်နောက်ပိုင်းတွင် အားကစားလောက၌ မြန်မာမွတ်စလင်များကို သိပ်မတွေ့ရတော့ပါ။ အတော်အတန်ကိုပင် ရှားပါးသွားခဲ့ပါပြီ။
ယနေ့ခေတ် အားကစားလောကထဲတွင် လူမျိုးရေးခွဲခြားမှုများနှင့် ပတ်သက်ပြီး “အားကစားသမား ဆိုတာ အရပ်အမောင်း၊ အား စသည်ဖြင့်ပေါ့ ကောင်းရမယ်။ အဲလိုတွေက တိုင်းရင်းသားတွေမှာ များသောအားဖြင့်ရှိကြတယ်။ ချင်း၊ ရှမ်း၊ မွတ်စလင်တွေမှာလဲ အဲ့လိုတွေများကြတယ်။ အဲတော့ ခွဲခြားပြီးရွေးနေမယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲဖြစ်လာမယ်။ တိုင်းပြည်အတွက် သစ္စာရှိမယ့်သူ၊ အကျိုးဖြစ်ထွန်းနိုင်မယ့်သူတွေကို မြေထောက်မြှောက်ပေးရမှာပါ” ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြောဆိုခဲ့ပါတယ်။
ယနေ့ခေတ် မြန်မာမွတ်စလင်လူငယ်များသည် အားကစားများတွင်လည်း စိတ်မ၀င်စား မနေသင့်ဘဲ အားကစားဆိုသည်မှာ မိမိတစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အရာတစ်ခုကြောင်း၊ သူများတွေ ဘယ်လိုပဲပဲ ပြောဆိုစေကာမူ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အာကစားကို လူကြီး၊ လူငယ်မရွေး တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ကြပါဟုလည်း ဦးဝင်းမောင်မှ အကြုံပြုပြောဆိုခဲ့ပါတယ်။
ကိုယ်ရေးအကျဉ်း
မိဘများ – အဖ ဦးဘဂျူး အမိ ဒေါ်အုန်းခင်
မွေးသက္ကရာဇ်- ၁၉၄၂ နိုဝင်ဘာလ ၂ ရက်
ဇာတိ – ပြည်
အောင်မြင်မှုအချို့
၁၉၆၉ ကျွန်းဆွယ်ပွဲ ရွှေ
၁၉၇၀ အာရှအားကစားပွဲ ရွှေ
၁၉၇၁ ကိုရီးယားဖလား ရွှေ
၁၉၇၁ ဂျကာတာ နှစ်ပတ်လည်ပွဲ ရွှေ
၁၉၇၂ ကမ္ဘာ့အိုလံပစ် (မြူးနစ်အိုလံပစ်) အသန့်ရှင်းဆုံးဆု
၁၉၇၀ ခုနှစ် အာရှအားကစားပွဲ ဂိုးအများဆုံးသွင်းသည့်ဆု (၅) ဂိုး
၁၉၆၆ မှ ၁၉၇၆ ထိ (၁၀) နှစ်တိုင်တိုင် မြန်မာ့လက်ရွေးစင်ဖြစ်ခဲ့