News @ M-Media

အစ္စလာမ်ဘာသာဝင် ဒုက္ခသည်စခန်းများ အတွက်လည်း အကူအညီ လိုအပ်လျှက်ရှိ

ဝင့်သင်ဇာကျော် (မြစ်မခ)
ဇွန် (၁၄)ရက် ၊ ၂၀၁၂ခုနှစ်။

Photo- မြစ်မခ
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများဒုက္ခသည်စခန်းများနည်းတူ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်စခန်း များအတွက်လည်း အစားအသောက်နှင့်အ၀တ်အထည်ပစ္စည်းများ အကူအညီလိုအပ်လျက်ရှိကြောင်း သိရှိ ရသည်။“ရန်ကုန်က သူဌေးတွေ နဲ့ဝန်ကြီးချုပ်တွေ လာပြီး (၂၄)ပြည်ဝင် အိတ်(၄၀)၊မာမီးခေါက်ဆွဲထုပ် ဖာ(၃၀) လောက် လာချပေးသွားတယ်။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်က ဒုက္ခသည်တွေများတော့ အစားအသောက်ကမဖူလုံဘူး” ဟု စစ်တွေမြို့ ၊ အောင်မင်္ဂလာ ရပ်ကွက်နေ အစ္စလာမ်ဘာသာကိုးကွယ်သူ ကိုအာဘူးရှည်က ပြောသည်။

စစ်တွေမြို့တွင် အစ္စလာမ်ဘာသာဝင်အချို့၏ နေအိမ်မီးလောင်ကျွမ်းခြင်းကြောင့်  ဒုက္ခသည်များအား သဲချောင်း၊  ရွာဟောင်းနှင့် သက်ကတင်ဈေး စသည့် နေရာ(၃)ခုတွင် အစိုးရဒုက္ခသည် စခန်းပြုလုပ်ပေးထား သည်။

“အစိုးရက ထောက်ပံ့ပေးတာတော့ရှိတယ် ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကို ဒုက္ခသည်စခန်း (၃)ခုမှာ ထားထားတယ်။“ဟု ကိုအာဘူးရှည်က ဆက်ပြောသည်။

အချို့သော အစ္စလာမ်ဘာသာဝင်များမှာ အ၀တ်အစားလဲလှယ်ရန်     အ၀တ်အစားမရှိခြင်းနှင့် အစားအသောက် အခက်အခဲဖြစ်နေခြင်းကြောင့်   မိမိရပ်ရွာရှိ နေအိမ်သို့ ပြန်လိုကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသည်။

“ဒုက္ခသည်စခန်း ရောက်သွားတဲ့လူဆို လုံချည်လဲဝတ်စရာ ဘာမှမပါလို့ဆိုပြီး ငိုယိုတဲ့လူနဲ့ နေအိမ်ဆုံးရှုံးလို့ အရှုးတစ်ပိုင်းလိုဖြစ်နေ တဲ့လူနဲ့အဲ့ဒီလိုမျိုးတွေ ကြုံနေရလို့  ကိုယ့်နေရပ်ကို ပြန်လာချင်လို့ လှမ်းပြောလိုက်တဲ့ လူတွေရှိတယ်” ဟု စစ်တွေမြို့ စက်ရုံစုရပ် ကွက်နေ   အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။

ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း ရပ်ရွာများရှိ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင်ရပြီး အစားအသောက်နှင့်   ဆေးဝါးများလိုအပ်နေသကဲ့သို့ နေအိမ်များမီးလောင်ရာတွင် အ၀တ်အစားများပါသွား ခြင်းကြောင့် အ၀တ်အထည်များ လိုအပ်လျက် ရှိကြောင်းကိုလည်း သိရှိရသည်။

“နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားနေရတာပေါ့ အခုအချိန်ထိတော့ စားရေးသောက်ရေးကတော့ ဒုက္ခ ရောက်နေတုန်းပေါ့ လွယ်လွယ်အဆင်ပြေမဲ့ ကိစ္စမှ မဟုတ်သေးတာ” ဟု စစ်တွေမြို့ ဓည၀တီရပ်ကွက်နေ ရခိုင်တိုင်းရင်းသူ မချိုချိုဝင်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့်လည်း လူမျိုးခွဲခြားခြင်းမရှိဘဲ တက်နိုင်သမျှ ဒုက္ခရောက်ပြည်သူ များအားလုံးအတွက် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ဟုဆိုထားသည်။

“ကျွန်တော်တို့ ကူညီခဲ့တဲ့ နေရာတွေရှိပါတယ်၊ ဒါပေမဲ့ လူတော်တော်များတော့ အပြည့်အစုံတော့ မကူညီနိုင်သေးဘူးပေါ့ ဒါပေမဲ့ လူမျိုးမခွဲခြားဘဲ ဒုက္ခရောက်သူတွေ အားလုံးကို ကူညီဖို့အစီအစဉ်ရှိပါတယ်” ဟုရခိုင်တိုင်းရင်းသားများ    တိုးတက်ရေးပါတီမှ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရန်ကုန်မှ ၀န်ကြီးချုပ်များနှင့် လူမှုကူညီရေးအသင်းများမှလည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ဆန်အိတ်များ စားသုံးကုန်ခြောက်  များ၊   အ၀တ်အထည်များ လာရောက်လှူဒါန်းမှုများရှိသော်လည်း ရခိုင်တိုင်းရင်းသားများနှင့်  အစ္စလာမ် ဘာသာဝင်များအတွက် လုံလောက်မှု မရရှိသေးပေ။

 

မြစ်မခ မီဒီယာမှ ကူးယူဖော်ပြပါသည်။

Comments

Leave a Reply