News @ M-Media

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

သြဂုတ် ၂၇၊ ၂၀၁၅
M-Media

saudi
အစီအစဉ်တင်ဆက်မည့် အလ်-ဟာဆန်

– အကြမ်းဖက်ဝါဒအား တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်သည့် အစီအစဉ်ကို ဆော်ဒီတီဗီချန်နယ်တစ်ခုက လာမည့် စက်တင်ဘာပထမအပတ်တွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

Security of the Kingdom ဟု အမည်ရသည့် အဆိုပါအစီအစဉ်ကို ဆော်ဒီရှိ Tabah ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အရေးပါသည်ဟု အစီအစဉ်တင်ဆက်မည့် ဒေါက်တာ မိုရှင် ရှိုက်ခ် အလ်-ဟာဆန်က ပြောကြားခဲ့သည်။

“ဒီအစီအစဉ်က အရေးကြီးပြီး အချိန်သင့်အခါသင့်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ Daesh (IS) နဲ့ အလယ်ကိုင်းဒါးလို အကြမ်းဖက်အုပ်စုတွေက အကြမ်းဖက်ဝါဒကို ပေါက်ဖွားစေလို့ပါပဲ” ဟု အလ်-ဟာဆန်က ဆိုသည်။

အလ်-ဟာဆန်၏ ယခင်တင်ဆက်သည့် အစီအစဉ်များမှာ လူကြိုက်များကာ အောင်မြင်မှုရရှိခဲ့ပြီး အကြမ်းဖက်ဝါဒကို တန်ပြန်တိုက်ဖျက်မည့် အဆိုပါအစီအစဉ်မှာလည်း ပရိတ်သတ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

ထိုအစီအစဉ်ကို တစ်ပတ်လျှင် တစ်ရက် တစ်နာရီကြာ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး ဆော်ဒီပြည်သူများ စိုးရိမ်သော လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကာ အဓိကရည်ရွယ်ချက်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ပေါက်ဖွားလာရန်ဖြစ်သည်ဟု ဆိုသည်။

“ကနဦးမှာ ဒီအစီအစဉ်ဟာ မူကြိုအရွယ်ကလေးတွေကို အဓိကအာရုံထားပြီး လုပ်ဆာင်သွားမှာပါ။ ပြီးတော့ သူတို့လေးတွေ တိုင်းပြည်ကိုချစ်ဖို့ သင်ပေးသွားပါမယ်” ဟု အလ်-ဟာဆန်က ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ကလေးငယ်များမှာ ငယ်ရွယ်ပြီး စူစမ်းချင်စိတ်ရှိသောကြောင့် နိုင်ငံချစ်စိတ်ကဲ့သို့ စိတ်ဓာတ်ကောင်းများကို သွတ်သွင်းပေးရန် လွယ်ကူကြောင်း၊ လူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းနေသည့် IS နှင့် အလ်ကိုင်းဒါးကဲ့သို့သော အဖွဲ့များ၏ ဗျူဟာကို တန်ပြန်ဆန့်ကျင်ရန် မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“အဲဒီအုပ်စုတွေက Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် အပြစ်မဲ့တဲ့ ကလေးတွေကို စုဆောင်းနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဒီကလေးတွေကို ဦးနှောက်ကျင်းပြီး အကြမ်းဖက်အယူအဆတွေကို ရိုက်သွင်းတော့တာပါပဲ”

စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတသမားများနှင့် ပညာရေးသမားများက စပွန်ဆာပေးသော အဆိုပါ အစီအစဉ်တွင် အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်သည့် တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်သည်။

“ဒီခေတ်မှာဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်ပြီး ကြည့်တဲ့အတွက်ကြောင့် သူတို့ထဲက အများစုဟာ ဒီအယူအဆကို သဘောခွေ့ကြပါတယ်။ အကြမ်းဖက်သမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုကို ရိုက်သွင်းပေးပါတယ်” ဟု အလ်-ဟာဆန်က ထည့်သွင်းပြောကြားခဲ့သည်။

Ref: Arab News

Comments

Leave a Reply