ဇန်နဝါရီ ၁၀၊ ၂၀၂၂
M-Media

-မြင့်မြတ်ရာ ဂျေရုစလင်မြို့မှာ ခရစ်ယာန်ဘာသာဝင်တွေ တည်ရှိမှုကို အစ္စရေးမှာရှိတဲ့ ဂျူးအစွန်းရောက်အဖွဲ့တွေက ခြိမ်းခြောက်နေတယ်လို့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်ရဲ့ အကြီးအကဲ ရဟန်းမင်း သီယိုဖီလော့စ် ၃ က ပြောကြားလိုက်ပါတယ်။
အစ္စရေးဟာ ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရှေ့ဂျေရုစလင်ကို သူတို့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို အသိအမှတ်မပြုပါဘူး။
Times of London သတင်းစာမှာ စနေနေ့ကဖော်ပြတဲ့ သီယိုဖီလော့စ် ၃ ရဲ့ ဆောင်းပါးမှာ အစ္စရေးက ဂျူးအစွန်းရောက်တွေဟာ ဂျေရုစလင်မြို့ဟောင်းမှာရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ဖယ်ရှားရေး ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဂျေရုစလင်မှာ ကျွန်တော်တို့ရဲ့တည်ရှိမှု ခြိမ်းခြောက်ခံနေရတယ်။ အစ္စရေးက အစွန်းရောက်အဖွဲ့အစည်းတွေဟာ ခရစ်ယာန်အသင်းတော်တွေကို ခြိမ်းခြောက်နေကြပါတယ်။ ဇိုင်ယွန်အစွန်းရောက်တွေရဲ့ လက်မှာ ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရပါတယ်”
ခရစ်ယာန်ဘာသာဝင်တွေဟာ အမုန်းရာဇဝတ်မှုတွေကို ခံစားနေရပြီး၊ ဘုရားကျောင်းတွေ၊ ခရစ်ယာန်တွေရဲ့ မြင့်မြတ်ရာနေရာတွေ ပုံမှန်လိုလို တိုက်ခိုက်ဖျက်ဆီး ခံနေရကာ ခရစ်ယာန်ဘုန်းကြီးတွေလည်း ခြိမ်းခြောက်ခံနေရတယ်လို့ ရဟန်းမင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ခရစ္စမတ်မတိုင်ခင် ဂျေရုစလင်က ခရစ်ယာန်အသင်းတော်တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ခရစ်ယာန်တွေဟာ အစွန်းရောက်အဖွဲ့တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပုံမှန်လိုလို ခံစားနေရကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးအစိုးရ တာဝန်ရှိသူတစ်ဦးက အော်သိုဒေါ့စ်ရဟန်းမင်း သီယိုဖီလော့စ် ၃ ရဲ့ ပြောဆိုမှုဟာ မြေပြင် အခြေအနေတွေနဲ့ ကွဲပြားခြားနားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သီယိုဖီလော့စ် ၃ က သူဝေဖန်တဲ့ အစွန်းရောက်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံနဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုသူတွေ မဟုတ်ဘူးလို့လည်း ဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
Ref: Middle East Eyes
Comments