News @ M-Media

ပါလက်စတိုင်း အနောက်ဖက်ကမ်းတွင် ၇ လအတွင်း အစ္စရေးက လူ ၅၀၀ ကျော် သတ်ဖြတ်ထား

မေ ၁၇၊ ၂၀၂၄

M-Media 


(ဓာတ်ပုံ – မေလ ၁၆ ရက်နေ့က သတ်ဖြတ်ခံရသူတစ်ဦး၏ စျာပန)

-ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာမှာ ၇ လအတွင်း လူ သုံးသောင်းခွဲကျော် သတ်ဖြတ်ထားတဲ့ အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း လူ ၅၀၀ ကျော် သတ်ဖြတ်ထားပါတယ်။ 

အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲဟာ အောက်တိုဘာ ၇ ရက်နေ့က စတင်တာပါ။ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးဟာ အဲဒီအချိန်ကစပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မှု တိုးမြှင့် ပြုလုပ်လာပါတယ်။ 

အနောက်ဖက်ကမ်းဟာ ဟားမက်စ်အဖွဲ့ မရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ 

မေလ ၁၆ ရက်နေ့ အနောက်ဖက်ကမ်း တူလ်ကမ်မြို့မှာ အသက် ၂၀ ကျော်အရွယ် ပါလက်စတိုင်းအမျိုးသား ၃ ဦးကို အစ္စရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ပါတယ်။ 

၇ လကျော်အတွင်း အစ္စရေးတပ်ဖွဲ့တွေနဲ့ တရားမ၀င်အခြေချနေထိုင်သူ ဂျူးအစွန်းရောက်တွေ သတ်ဖြတ်မှုကြောင့် အနောက်ဖက်ကမ်းမှာ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅၀၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း အနောက်ကမ်းမှာ ပါလက်စတိုင်း ၁၅၄ ဦးကို အစ္စရေးတပ်ဖွဲ့နဲ့ ဂျူးအခြေချနေထိုင်သူတွေက သတ်ဖြတ်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် မတိုင်ခင် သတ်ဖြတ်ခံရသူအရေအတွက်က ၁၉၉ ဦး ရှိပါတယ်။ 

Ref: Aljazeera