News @ M-Media

Category: ဆောင်းပါး

  • Myanmar Newsweek ပါ ဦးဖေခင်အကြောင်း

    ၂၃-၂-၂၀၁၂က ထုတ်ဝေခဲ့တဲ့ Myanmar News Week ဂျာနယ် ၊ အတွဲ(၂)၊ အမှတ်(၁၉)မှာဖော်ပြခဲ့သော အငြိမ်းစားသံအမတ်ကြီး ဦးဖေခင် အကြောင်း

    အငြိမ်းစားသံအမတ်ကြီးဟောင်း ဥိးဖေခင်(ပင်လုံစာချုပ်ဖြစ်မြောက်ရေး အထူးဆောင်ရွက်ခဲ့သူ)
    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

  • မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်

    နှင်းတွေတဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကိုအင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ နောက်တော့ သူ့ရဲ့ကျန်းမာရေးမကောင်းလှဟု ကြားသိရသည်။

    လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့်သူ၏ ရေစက်က တော်တော်ပတ်သက်ယှက်နွယ်နေပုံရသည်။ တောင်ကြီးရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်က ဘောလုံးကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်။ ဒါပေမယ့် တစ်ဖက်ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။ ပြီးတော့ သူတို့တိုက်မှာ သေဒဏ်၊ ကြိုးလွတ် အကျဉ်းသားသုံးဆယ်ကျော်ရှိသည်။ ဒီတော့ အသင်းနှစ်သင်းအတွက် လူအင်အားက ပူစရာမလို။ ကိုမြအေးဆီမှာ ဖူဆယ်ဘောလုံးသုံး၊ လေးလုံးကအမြဲ ရှိနေတတ်သည်။သူ့ကျန်းမာရေးအတွက် ထောင်မှ ဘောလုံးကစားခွင့်ပြုထားသည်။ သူ့အိမ်ကလည်း လိုအပ်တာအားလုံး ပို့ပေးသည်။ ရသည့် Space မှာပျော်အောင် နေတတ်သူ။

    သူကကော်ဖီနှင့် ဆေးလိပ်တော့ အတော်ကြိုက်သည်။ တစ်နေ့လုံးမိုးလင်းမှ မိုးချုပ်ကော်ဖီကို တစွတ်စွတ်သောက် နေတတ်သည်။ တစ်နေ့လုံး သူသောက်သည့်အရေအတွက်က ၁၀ ခွက်နှင့် ၁၅ ခွက်ကြား ရှိသည်။ ဘောလုံးမကစားသည့်အချိန်တွေဆိုလျှင် ကော်ဖီလေးသောက်လိုက်၊ သီချင်းလေး ရေးလိုက်။ သူကသီချင်းနှင့် ပတ်သက်ပြီးတော့လည်း အစဉ်အလာရှိသူဖြစ်သည်။ ၁၉၈၈ ခုနှစ်ကသူရေးခဲ့သော ‘ကမ္ဘာမကြေဘူးဟေ့’ သီချင်းသံကကို ကျွန်တ်ာတို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့သော်လည်း မမေ့နိုင်ကြသေး။ ခုလည်းသူ့ဆီမှာ သီချင်းပုဒ်ရေ ၅၀ လောက် စုဆောင်းမိနေပြီ။


    ဗိုလ်လုပွဲမကစာခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့် တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူက အရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ် . . .


    ဘောလုံးကစားခြင်းကတော့ သူ့အတွက် အတော်ကောင်းပါသည်။ သူပျော်ရွှင်နေ၍လား။ အားကစား လုပ်နေ၍လား မပြောတတ်။ တောင်ကြီးကိုရောက်လာကတည်းက ထူမတ်လာသည်။ လန်းဆန်းလာသည်။ သူက ဘယ်အလုပ်မဆို စိတ်ရော ကိုယ်ပါနှစ်ပြီးလုပ်တတ်သူ။ ဒီတော့ ဘယ်အရာမဆို ပိုအားကုန် ပိုအား စိုက်ထုတ်ရသည်။ ကျွန်တော်တို့က နေပူ၍သာယာသောနေ့တစ်နေ့တွင် ဘောလုံးကစားမည်ဟု တစ်ခွန်းတည်း ပြောသွားသည်။ သူစီစဉ်ရသည့် အလုပ်တွေကအဆင့်ဆင့်။ တစ်ထောင်လုံးမှ ဖူဆယ်ဘောလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သည့် လူတွေကိုစုရသည်။ ပြီးတော့ အဆောင်ပေါင်းစုံမှ ထိုလူတွေဘောလုံး ကစားခွင့်ရအောင် Main Jail နှင့် သွားရောက်ညှိနှိုင်းရသည်။ နှစ်ကြီးဆောင်၊ ထောင်ကျဆောင်၊ ဆေးရုံ၊ မီးဖိုနှင့် အလုပ်ကြီးမှဘောလုံးသမားများကို အကြောင်းကြားရသည်။

    ထိုဘောလုံးသမားတွေ ဘောလုံးကစားပြီး သောက်ဖို့ အချိုရည်၊ စားစရာနှင့်လို အပ်လျှင် နံနက်စာပါ ကြက်သားချက်ပြီးကျွေးသည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးကန်ဖိနပ်မှအစ ဘောလုံးကန်အင်္ကျီအထိ သူ့ဆီမှာ အားလုံးရသည်။

    ဒါပေမယ့် ဘောလုံးကစားနေချိန်မှာတော့ သူ့ဆီမှာ Diplomacy မရှိ။ အနိုင်အရှုံး ရလဒ်အတွက် ကျားကုတ်ကျားခဲ ကစားသည်။ သူက နောက်သို့တစ်လက်မမှ မဆုတ်။ ပြိုင်ဘက်အပေါ် ကြင်နာသနားစိတ် လုံးဝမရှိ။  ဘောလုံးပွဲပြီးရင်တော့ အားလုံးဟေးလားဝါးလား။ ဤသို့ ဘောလုံး အပေါ် ရူးသွပ်သူ ကိုမြအေးအတွက် ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲက ရောက်ရှိလာခဲ့ပါသည်။ တကယ်တော့ ထောင်တွင်းဘောလုံးပြိုင်ပွဲဆိုတာ ကျွန်တော်တို့တွေနှင့် သိပ်မသက်ဆိုင်လှပါ။ ဒီပွဲက အဆောင်နေအကျဉ်းသားများအတွက် ရည်ရွယ် ကျင်းပပေးခြင်းဖြစ်သည်။ သီးသန့်အကျဉ်းသားတွေနေထိုင်သည့် တိုက်မှလွဲ၍ ကျန်အဆောင်တွေအား လုံးဘောလုံးအသင်း ဖွဲ့စည်းခွင့်ရှိသည်။ ပြိုင်ပွဲဝင်ခွင့်ရှိသည်။ သို့သော် ထောင်ပိုင်ကြီး၏ လူသားချင်းစာနာမှုအရ တိုက်မှဘောလုံးအသင်းတစ်သင်း ပြိုင်ပွဲဝင်ခွင့်ပေးသည်။ သို့သော် ကျွန်တော်တို့ အုပ်စုကိုတော့ ကစားခွင့်မပေး။ ထိခိုက်ဒဏ်ရာရမှာစိုး၍ ဖြစ်သည်။ ဒီတော့လည်း ဖြစ်ပါသည်။ ကျွန်တော်နှင့်ဂျင်မီက ဒိုင်လူကြီးလုပ်သည်။ ကိုမြအေးက တိုက် ၂ အသင်းကို မန်နေဂျာနည်းပြလုပ်သည်။ သူက တိုက်တွင်နေထိုင်ရသည့် အကျဉ်းသားအစိတ်၊ သုံးဆယ်ထဲမှ ဖူဆယ်ကစားတတ်သူ ငါးယောက်အား အတော်အားစိုက်ရွေးရသည်။ တခြားအသင်းတွေက လူ ၁၅၀၊ ၂၀၀လောက်အစုတွေထဲက တစ်သင်းဖွဲ့ရတာ သိပ်လွယ်သည်။ ပြီးတော့အသင်းတွေက တောင့်တင်းအားကောင်းသည်။ ကိုမြအေး၏အသင်းက အားနည်းချိနဲ့သည်။

    ဒီမှာ ကိုမြအေး၏အစွမ်းကို မြင်တွေ့ခွင့်ရသည်။ သူက သူ့အသင်းသားငါးယောက်ကို နီးနီးကပ်ကပ် ရင်းနှီးခင်မင်အောင် အတူတူစားခိုင်းသည်။ အတူတူနေခိုင်းသည်။ အားဆေးတွေတိုက်သည်။ တိုက်ရှေ့ကွက်လပ်တွင် ပယ်နယ်တီကန်လေ့ ကျင့်စေသည်။ သူက သူ့လူတွေကို အသင်းအပင်းစိတ်ဓာတ်သွင်းပေးသည်။ Discussion ဆွေးနွေးညှိနှိုင်း၍ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ချမှတ်သည်။ ကျွန်တော်တို့အမြင်ကတော့ လူသုံးဆယ် ထဲက ရွေးထားသောအသင်းက လူနှစ်ရာထဲကရွေးထားသော အသင်းလောက်မကောင်းဟု။ တကယ်ကစားတော့လည်း တိုက်အသင်းကို မည်သူကမှ အထင်မကြီးပါ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတာက BMI ဆေးရုံအသင်း။

    ထိုအသင်းမှာ တောင်ကြီးလက်ရွေးစင်တွေဖြစ်သည့် ချီးလူးတို့၊ တီးတီးတို့ ပါသည်။ တိုက်အသင်းကအုပ်စုမှာ ကစားတော့ နှစ်ပွဲနိုင် တစ်ပွဲသရေ။ အားလုံးစိုးရိမ်နေသည့်ကြားမှ ဆီမီးဖိုင်နယ်မှာ တိုက်က BMI နှင့်တွေ့သည်။ ကိုမြအေးက သူ့လူတွေဖြစ်သည့် ဇော်မိုးဌေး၊ တေဇာ၊ အပုလေး တို့ကို စိတ်ဓာတ်မြှင့်တင်ပေးသည်။ ကွင်းဘေးကနေ နည်းဗျူဟာကိုအနီး ကပ်ညွှန်ကြားနေသည်။ ရလဒ်က အားလုံးမထင်ထားသည့် ရလဒ်လေးဂိုး တစ်ဂိုးဖြင့် လက်ရှိချန်ပီယံအသင်းကို နိုင်သွားသည်။

    တစ်ဖက်အုပ်စုက ရှုံးပွဲမရှိ ပေးဂိုးမရှိ ကစားထားသော အဆောင် ၃ က ဗိုလ်လုပွဲ တက်လာသည်။ အဆောင် ၃ က ပအို့ဝ်တိုင်းရင်းသားတွေ။ လူကောင် ထွားသည်။ ခံစစ် ကျစ်လစ်သည်။ ဗိုလ်လုပွဲ မကစားခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့်တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူကအရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်။ သူ့အနားသွားပြီး နိုင်ငံရေးအခြေအနေတွေ ပြောတော့လည်း သူကစကားဖြတ်ပြီး သူ့အသင်းအကြောင်းပဲ ထုံမွှမ်းနေသည်။ သူ့လူတွေအကြောင်းပဲ ပြောသည်။
    ဗိုလ်လုပွဲတွင် အသင်းသစ်ဖြစ်သည့် တိုက်အသင်းက အားငယ်စရာ။ အဆောင် ၃ က အားပေးသူတွေ ပြည့်နှက်နေသည်။ ဒါပေမယ့် ကိုမြအေးက သူ့လူတွေကို ကွင်းဘေးကနေ အနီးကပ် ညွှန်ကြားကြီးကြပ်သည့်ပွဲ။ ချိန်ခွင်လျာက တဖြည်းဖြည်း ပြောင်းလာသည်။ ပွဲပြီးရန် ငါးမိနစ်အလိုတွင် တိုက်အသင်းရှေ့တန်းမှ တေဇာက အနိုင်ဂိုးသွင်းယူပြီး ဗိုလ်စွဲသွားသည်။ ဒီဘောလုံးပွဲကို အကြောင်းပြု၍ ဘ၀အတွက် နည်းဗျူဟာများ ကျွန်တော်တို့ ရရှိခဲ့ပါသည်။ သူက လူထူးလူဆန်းတစ်ယောက်။ နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သူ။ လွန်ခဲ့သောနှစ်ပေါင်း ၂၃ နှစ်ကျော်က သူ့လက်ရာ သီချင်းသံလေးကို ကျွန်တော်ကြားယောင်နေမိသည်။ သီချင်းအမည်က ‘ကမ္ဘာမကြေဘူး ဟေ့’

    ”လာပါလေ XXX ညီအစ်ကိုတွေ XXX ခရောင်းတောလမ်း ကိုနင်းဖြတ်မယ် XXX မြန်မာပြည်ကယ်တင်မယ် XXX တို့ရဲ့ လက်တွေမြဲကြစေ XXX ရာဇ၀င်မှာ XXX အစဉ်အလာပါ XXX သမဂ္ဂဟာကြီးမြတ်ပေ XXX တော်လှန်စဉ် XXX အချိန်အခါမှာ XXX တပ်ဦးကနေ XXX ဦးဆောင်ခဲ့တယ်လေ XXX ဒါ XXX တို့တိုင်းပြည် XXX။

     

    Credit to Eleven

  • ကြွေလွင့်သွားရှာတဲ့ အသက် ၁၆ နှစ်အရွယ် ကွန်ပျူတာ ပညာရှင် Arfa Karim

        သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ပရိုဖက်ရှင်နယ် ကွန်ပြူတာပညာရှင်လေး (Microsoft Certified Professional, MCP) တစ်ဦးဖြစ်နေလို့ပါပဲ။ အသက်အငယ်ဆုံး ပညာရှင်လို့လည်း သိရပါတယ်။
        Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကိုစတင်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Bill Gates ကိုယ်တိုင် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ (Washington, America) ရှိ Microsoft ၏ ပင်မရုံး တည်ရှိရာသို့ လာရောက်ရန် သူမကို ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူမအသက်က ၁၀ နှစ်၊ ဒါပေမယ့် ကွန်ပြူတာ programming ပညာရပ်တွေမှာ အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ထက်မြတ်သည့်  အရည်အချင်းတွေ ပြသခဲ့လို့ လူအများ အံ့သြကြရတယ်။  ပြည်တွင်းမှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ကိုယ်တိုင် သူမကို ဆုများ ချီးမြှင့်ခဲ့တယ်။
         ဒူဘိုင်း (Dubai) မှာ ကျင်းပခဲ့တဲ့ IT (Information Technology) Professionals များ၏ အခမ်းအနား တွေကိုလည်း သူမတက်ရောက်ခဲ့တယ်။ Microsoft ၏ ဖိတ်ကြားခြင်းခံရလို့ သူမ တက်ရောက်ခဲ့တဲ့ Barcelona မှာကျင်းပသည့် Teh-Ed Developers conference  တွေ့ဆုံစည်းဝေးပွဲမှာ သူမဟာ ကွန်ပြူတာ အတတ်ပညာရှင်ပေါင်း ၅၀၀၀ အထဲမှ တစ်ဦးတည်းသော ပါကစ္စတန်တစ်ယောက် ဖြစ်တယ်။

     

         Arfa Karim Randhawa (အာဖါ ကရင်မ်) အမည်ရှိ သူမကို ပါကစ္စတန်နိုင်ငံ Faisalabad မြို့နယ်အတွင်းရှိ ရွာလေးတစ်ရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မိသားစုတွင် သမီးကြီးဖြစ်၍ မောင်ငယ်နှစ်ယောက်ရှိကာ သူမသည် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ အသက် ၁၆ နှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူမ နေထိုင်မကောင်းသည့် အချိန် ဆေးရုံတက်နေစဉ် Bill Gates    မှ ဆေးရုံကုန်ကျစရိတ်ကို ကျခံရန် သူမ၏ မိဘများကို ကမ်းလှမ်းခဲ့ပြီး ဒီ့ထက်ကောင်းမွန်တဲ့ နည်းလမ်းများဖြင့် ကုသနိုင်ရန် အမေရိကားသို့ ခေါ်ဆောင်ရန် ဆွေးနွေးခဲ့သည်။ သို့သော် အသက်ရှုစက် တပ်ဆင်ထားရသောကြောင့် အပြောင်းအရွှေ့ မပြုလုပ်လိုသောကြောင့် ထိုအကောင်အထည် အထမမြောက်ခဲ့ပေ။
       ဇန်န၀ါရီလ ၁၄ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် Arfa သေဆုံးခဲ့ရာ အစ္စလာမ်ဘာသာဝင်များ၏ ထုံးစံအရ သေဆုံးသူအတွက် ၀တ်ပြုဆုတောင်းပွဲ (Namaz-e-Janaza, ဂျာနာဇာ နမာဇ်) ကို ပြုလုပ်ခဲ့ပြီး သူမ၏ မွေးဖွားရာဇာတိ ရွာလေးတွင် မြှုပ်နှံခဲ့သည်။ သူမ ဘ၀တွင် လူတော်တော်များများ မရရှိနိုင်သော အောင်မြင်မှု၊ ထင်ရှား လူသိများမှု၊ အသက်ငယ်ရွယ်ပေမယ့် ပညာတစ်ရပ်မှာ ထူးချွန်ပေါက်မြောက်မှုတွေ ရရှိခဲ့သည်။ Arfa အကြွေစောခဲ့ခြင်းဟာ ပါကစ္စတန်နိုင်ငံ အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်။ Arfa ဆုံးသွားတဲ့ သတင်းကြားပြီး Bill Gates ပြောခဲ့သည်မှာ  “Today is the black day of my life and same for Pakistan because I lost my princess colleague and Pakistan loss her Pakistani”
         သူမ ရရှိခဲ့သည့် ဆုများမှာ –
    – Fatimah Jinnah Gold Medal in the field of Science and Technology in August 2005, presented by the Prime Minister of Pakistan
    – Salam Pakistan Youth Award in August 2005, presented by President of Pakistan
    – Award for Pride of Performance
    – Ambassador for Pakistan Telecommunication Company
    – After her death, Lahore Technology Park would be changed to Arfa Software Technology Park
    Arfa and Bill Gates (left)
    Praying at Arfa Karim’s funeral
       *      *        *
       Arfa Karim ၏ အင်တာဗျုးလေးကို ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
    မေး။ ။ ကမ္ဘာပေါ်မှာ အသက်ငယ်ဆုံး ကွန်ပြူတာပညာရှင် genius တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ?
    ဖြေ။ ။  သမီး အရမ်းပျော်ပါတယ်။ ဒီလိုမျိုး လူသိများလာမယ်၊ ကြီးမားတဲ့ကိစ္စ တစ်ခု ဖြစ်လာမယ်လို့ သမီး မထင်ထားခဲ့ဘူး။ ဒါပေမယ့် ကိစ္စတစ်ခုကို အောင်မြင် အထမြောက်အောင် ပြုလုပ်နိုင်လို့ အရမ်းပျော်ပါတယ်။
    မေး။  ။  အခုလိုမျိုး ဖြစ်လာတဲ့ ဇာတ်လမ်းကို ပြောပြပေးပါဦး?
    ဖြေ။   ။ သမီး မူကြိုအရွယ်တည်းက ကွန်ပြူတာအခန်းတွေ အရှေ့က ဖြတ်သွားရရင် ကျောင်းသားကြီးတွေ အသုံးပြုနေတဲ့ သေတ္တာပုံလေးထောင့်အရာနဲ့ ကလစ်နှိပ်နေတဲ့ ဘဲဥပုံသဏ္ဍန်အရာကို စိတ်ဝင်စားခဲ့တယ်။ ပြီးတော့ သူတို့တွေ ဘာတွေ လုပ်နေလဲဆိုတာကို သိပ်သိချင်ခဲ့တယ်။ အဲ့ဒီကနေ သမီးရဲ့ စိတ်ဝင်စားမှု စတင်ခဲ့ပါတယ်။ သမီးအသက် ၇ နှစ်အရွယ်မှာ အဖေက ကွန်ပြူတာတစ်လုံး ၀ယ်ပေးခဲ့ပြီး သုံးရတာကို သမီးနှစ်သက်ခဲ့ပါတယ်။ Microsoft Word၊ PowerPoint တွေကို ကိုယ့်ဘာသာ လေ့လာမှတ်ယူခဲ့ပါတယ်။ ဒါနဲ့ သမီးအဖေက ကွန်ပြူတာကျောင်း (Computer Institute) ကို ခေါ်သွားပြီး ကျောင်းမှာ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ သမီးက တော်တော်များများ သိထားတော့ software နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို တန်းပြီး လေ့ကျင့်ပေးပါတယ်။
    မေး။  ။ ဘယ်လို လေ့လာပြင်ဆင်ခဲ့ပါသလဲ?
    ဖြေ။   ။ ကျောင်းပိတ်ရက်တွေမှာ ကွန်ပြူတာကျောင်းမှာ သမီး မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ လေ့လာသင်ယူပါတယ်။ အစပိုင်းမှာ ပျင်းစရာကောင်းတယ် ထင်ပေမယ့် Windows-based application တွေက သုံးရတာလည်း လွယ်ကူပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒါနဲ့ Assignments တွေလုပ်၊ ဂိမ်းတွေကစားနဲ့ ကျောင်းမှာ ပျော်ရွှင်ခဲ့ပါတယ်။
    မေး။  ။ စာမေးပွဲ ဖြေတဲ့အခါ ဘယ်လိုပုံစံ မေးခွန်းမျိုးလဲ?
    ဖြေ။   ။  ၃ နာရီကြာ Multiple choice  (အဖြေများထဲမှ မှန်ရာကို ရွေးရခြင်း) မေးခွန်းတွေကို ၄၅ မိနစ်နဲ့ အပြီးဖြေခဲ့ပြီး အောင်ခဲ့ပါတယ်။
    မေး။   ။ အောင်မြင်မှုတွေရဖို့ ဘ၀မှာ ဘယ်လို ပြောင်းလဲခဲ့လဲ?
    ဖြေ။   ။   Microsoft Pakistan  က သမီးအကြောင်း ကြားတဲ့အခါ ၄ နာရီကြာ စာစစ်မှုမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ စည်းဝေးပွဲ conferences တွေ၊ အခမ်းအနားတွေကို ဖိတ်ခေါ်ခဲ့တယ်။ ဆုတံဆိပ်တွေလည်း အများကြီး ရခဲ့ပါတယ်၊ ဈေးဝယ်ထွက်တဲ့အခါ၊ လေယာဉ်ကွင်းမှာက အစ လူတွေက သမီးကို မှတ်မိပြီး လာနှုတ်ဆက်ကြတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ အရမ်းပျော်ပါတယ်။ တချို့က မေးကြတယ် လွတ်လပ်တဲ့ ကလေးဘ၀ကို မရနိုင်တော့ဘူးပေါ့တဲ့။ ဒါပေမယ့် သမီးက MacDonald  မှာသွားစားတယ်၊ သူငယ်ချင်းတွေနဲ့ ဆော့တယ်။ သမီးလို အရွယ် ကလေးတွေ လုပ်တာ သမီး လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်လို့ ပြန်ဖြေခဲ့တယ်။
    မေး။   ။ သမီးလို လူသိများတဲ့ သူတစ်ယောက်ကို ကျောင်းနေဖက်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဆက်ဆံရေးက အများနဲ့မတူဘဲ ခြားနားလား?
    ဖြေ။   ။  မရှိပါဘူး။ အိမ်မှာ သမီးက MCP တစ်ယောက် မဟုတ်ဘူးလေ။ Arfa ပဲ။ ကျောင်းမှာလည်း အပြိုင်အဆိုင် စာကြိုးစားရတာပဲ။ သမီးက ကိုယ့်ကိုယ်ကိုယ် extraordinary သာမာန်မဟုတ်ဘဲ ထူးထူးခြားခြား တော်နေတယ်လို့ မထင်ပါဘူး။  သမီးရဲ့ စိတ်ဝင်စားစရာ အသက်မွေးဝမ်းကျောင်းမှု ပညာရပ် professional field မှလွဲရင် ကျန်တဲ့နေရာတွေမှာ သာမာန်လူတစ်ယောက်ပါပဲ။ သမီးမှာ ပရောဖက်ရှင်နယ်တစ်ယောက်နဲ့ ကလေးတစ်ယောက် ဘ၀ကို အပြောင်းအလွှဲ လုပ်လို့ရမယ် ခလုတ်တစ်ခု ပါတယ်လေး)
    မေး။   ။  ဟုတ်ပါပြီ။ ဒါဆို သာမာန်  Arfa လေးက အားလပ်ချိန်မှာ ဘာတွေလုပ်တတ်လဲ?
    ဖြေ။   ။ သမီး ကဗျာရေးတယ်၊ ကွန်ပြူတာဂိမ်း ကစားတယ်၊ ကာတွန်းကား ကြည့်တယ်၊ စာဖတ်တယ်၊ ကျမ်းမြတ်ကုရ်အာန်လည်း ဖတ်တယ်၊ cricket ကစားရတာလည်း နှစ်သက်တယ်။
    မေး။   ။ ကြီးလာရင် ဘာလုပ်မယ်လို့ ရည်ရွယ်ချက် ရှိလား?
    ဖြေ။  ။ ကမ္ဘာကြီးက ကြိုးမဲ့ wireless တစ်ခု ဖြစ်လာတော့ သမီး satellite engineer တစ်ယောက် ဖြစ်ချင်ပါတယ်။ Software တွေကို အသုံးပြုပြီး တစ်ခုခု လုပ်မယ်။
    မေး။   ။   Bill Gates နဲ့ တွေ့ခဲ့ရတဲ့ အကြောင်း ပြောပြပါဦး?
    ဖြေ။   ။ သူက နူးညံ့ကြင်နာပြီး စကားကို ညင်သာစွာ ပြောတတ်တယ်၊ မာန မရှိဘူး။ သူ့ဆီက သမီး နားလည် သင်ယူလိုက်တာက အမြင့်ကို ရောက်လေ၊ ပိုပြီး ကျိုးနွံယဉ်ကျေးလေ ဆိုတာပါပဲ။
    Ref: Wikipedia, Gulf News, Daily Mail, BBC
    (ကျွန်မတို့ လူငယ်တွေ အတုယူ အားကျနိုင်စေရန် ငယ်ရွယ် ထူးချွန်သည့် ပါကစ္စတန် မိန်းကလေး Arfa Karim အကြောင်း ဘာသာပြန် ရေးလိုက်ရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆုံးပါးသွားတော့ အင်မတန်မှ နှမြောမိသလို သနားမိပါတယ်။ အစ္စလာမ်ဘာသာဝင် မွတ်စလမ် မိန်းကလေးငယ်များ၊ အမျိုးသမီးများ လောကီပညာရေးနှင့်၊ လောကုတ္ထရာ ဘာသာရေး ဗဟုသုတများကို လေ့လာသင်ယူပြီး ထူးချွန်ထက်မြတ်တဲ့ မွတ်စလမ်အမျိုးကောင်းသမီးများ ဖြစ်ကြပါစေရှင်…။ စာလာဖတ်သူများ အားလုံး ကျေးဇူးပါ။ )
    Rose
    မူရင်း http://redroseofburma.blogspot.com/2012/01/arfa-karim.html မှကူးယူဖော်ပြပါသည်။
  • မော့ဆက်၏ ယုတ်မာမှုအချို့

    အီရန်နျူကလီးယားစီမံကိန်းနှင့် အစ္စရေးထောက်လှမ်းရေး မော့ဆက်

    အီရန်နိုင်ငံ အနုမြူစက်ရုံများတွင် မတော်တဆ မီးလောင်ခြင်း၊ အီရန်သိ ပ္ပံပညာရှင်များ လက်စတုံး ပျောက်ကွယ်သွားခြင်း၊ အီရန် အနုမြူကျွမ်းကျင်သူများ အသတ်ခံရခြင်းတို့ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေး မော့ဆက်၏လက် ချက်ဟု စွပ်စွဲချက်များပေါ်ထွက်လျက်ရှိသည်။

     

    ရုပ် မြင်သံကြားစတူဒီယို မီးရောင်အောက်တွင် ထိုင်နေသော လူရွယ်သည် သူတွေ့ကြုံခဲ့ရသည်များကို စိတ်အားထက်သန်စွာနှင့် ပြောပြသည်။ သူသည် မီးပူ ကျရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီပြာကို ဝတ်ထားသည်။ အညိုရောင် သားရေကုလားထိုင်ပေါ်တွင် လက်နှစ်ဘက် ယှက်ကာထိုင်နေသည်။ သူပြောဆိုနေသည်ကို အီရန် အစိုးရ ရုပ်မြင်သံကြားဌာနက တိုက်ရိုက်ထုတ်လွှင့်ပေး နေသည်။ ” ကျွန်တော်က မဂျစ် ဂျမာလီ ဖားရှ် Majid Jamali Fash ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က မော့ ဆက်အေးဂျင့်နဲ့ အစ္စတန်ဘူလ်မြို့မှာ စတွေ့ခဲ့ပါတယ်။ အေးဂျင့်နာမည်က ရတ်ဖာဖြစ်ပါတယ်။ သူက ကျွန်တော့် ကို အစ္စရေးကောင်စစ်ဝန်ရုံးကိုသွားဖို့ အကြံပေးပါ တယ်။ ”ကောင်စစ်ဝန်ရုံးမှာ တွေ့တဲ့လူက တဟီရန်မြို့ အချို့နေရာတွေရဲ့ အသေးစိတ် အချက်အလက်များကို ငါတို့သိချင်တယ်။ အဲဒါတွေကို မင်းစုံစမ်းပေးစေချင် တယ် လို့ပြောတယ်။ ကျွန်တော့်ကို လက်ခံတွေ့တဲ့ အခန်းက ပြတင်းပေါက်တွေကို ဆေးမည်းတွေသုတ် ထားတယ် ” ယင်းသို့နှင့် မဂျစ်သည် အီရန်သို့ပြန်လာခဲ့သည်။ နောက်တစ် ကြိမ် အစ္စတန်ဘူလ်သို့ သူရောက်သွား သည့်အခါ မော့ဆက်က သိလိုသော အချက်အလက် အသေးစိတ်များရေးသားထားသည့် စာမျက်နှာသုံးဆယ် ပါစာရွက်များကို ပေးခဲ့သည်ဟုဆိုသည်။ သူ့ဆောင်ရွက်ချက်ကို မော့ဆက်အေးဂျင့်က အတော်သဘောကျသွားသည်။ နောက်ပိုင်းတွင် အစ္စရေး၊ ဥရောပရှိမြို့များနှင့် ထိုင်းတွင် မော့ဆက် အေးဂျင့်များနှင့် အကြိမ် ကြိ မ် တွေ့ကာ လေ့ကျင့် မှုယူခဲ့ သည်။ လုပ်ကြံသတ်ဖြတ် ရန်အတွက် စရံငွေ ဒေါ်လာ သုံးသောင်းရသည်။ လုပ်ကြံ ပြီးသည့်အခါ ဒေါ်လာ နှစ်သောင်းပေးမည်ဟုဆိုသည်။ အဓိက လေ့ကျင့်မှုကို အစ္စရေးတွင် သူယူခဲ့ရသည်။ အီရန်ရူပဗေဒ ပညာရှင် မာဆွတ် အလီ မိုဟာမဒီ – Massoud Ali Mohammadi ၏နေအိမ်ရှိရာ လမ်းအနေ အထားအတိုင်း ပုံတူဆောက် ထားသည့်စခန်းတွင် အကြိမ်ကြိမ်လေ့ကျင့်ရသည်။ တဲလာဗီးမှ ဂျေရူဆလမ် သို့သွားသော အဝေးပြေးလမ်းမ တစ်နေရာရှိ စစ်စခန်း တွင်ဖြစ်သည်။ ဟွန်ဒါ ၁၂၅ မော်တော်ဆိုင်ကယ်တစ် စင်းဖြင့် သူ့အားလေ့ကျင့်စေသည်။ ထိုဆိုင်ကယ်အမျိုး အစားသည် တဟီရန်မြို့တွင် အသုံးများသော ဆိုင်ကယ်ဖြစ်သည်။ ပေါ့ပါးပြီး အကွေ့အရှောင် လွယ် ကူပေါ့ပါးသော ဆိုင်ကယ်အမျိုးအစားဖြစ်သည်။ ထိုဆိုင်ကယ်တွင် အဝေးထိန်း ဗုံးတပ်ဆင်ပုံကို မဂျစ်အားသင်ပေးသည်။ သေနတ်ပစ်လေ့ကျင့်ရသည်။ ရုပ်ပြောင်း ရုပ်လွှဲ ပညာရှင်တစ်ဦးက ရုပ်ပြောင်း ရုပ်လွှဲ လုပ်နည်းသင်ပေးသည်။ နောက်ဆုံးအဆင့်တွင် လုပ်ကြံ သတ်ဖြတ်ရေး အစီအစဉ်ကို အဖန်ဖန် လေ့ကျင့်ရသည်။ တဟီရန်သို့ပြန်ရောက်သည့်အခါ ဒေသခံ မော့ ဆက်အေးဂျင့်က သူ့အားလိုအပ်သောပစ္စည်းများ ထုတ် ပေးသည်။ ဗုံးဆင်ထားသော ဟွန်ဒါ ၁၂၅ မော်တော် ဆိုင်ကယ်၊ လက်အိတ်၊ မော်တော် ဆိုင်ကယ်ဝတ်စုံ၊ ဂြိုလ်တုဖုန်း နှစ်လုံးတို့ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်မှု စတင်ဖို့ အမိန့်ကို ဖုန်းတစ်လုံးမှ လက်ခံရရှိမည်ဖြစ်ပြီး၊ ကျန်ဖုန်းမှာ ဗုံးဖောက်ခွဲရမည့် အဝေးထိန်းခလုတ်ဖြစ် သည်။ ဗုံးဆင်ပြီး မော်တော်ဆိုင်ကယ်ကို ရူပဗေဒပညာရှင် မိုဟာမဒီ၏အိမ်ခြံဝ ကားထွက်ပေါက်နံဘေး တွင် မဂျစ်ကရပ်ထားလိုက်သည်။ ကားထွက် လာသည့်အခါ မော် တော်ဆိုင် ကယ်သည် ယာဉ်မောင်း ဘက်ခြမ်းနှင့် အနီးဆုံးနေရာ တွင်ရှိနေမည်။ မိုဟာမဒီသည် ရုံးတက်ရန် ကားမောင်း၍ ထွက်အလာ၊ မော်တော်ဆိုင် ကယ်အနီးရောက်သည်နှင့် မဂျစ်က အဝေး ထိန်းခလုတ်ကို ဖြုတ်လိုက်သည်။ ပေါက် ကွဲမှုအရှိန် ပြင်းထန်လွန်းသဖြင့် မျက်နှာ ချင်းဆိုင်ရှိ လေးထပ်တိုက်ပေါ်မှ အလံတိုင် စိုက်ထားသော ကွန်ကရစ်တုံးပင် လွင့်စဉ် ပြုတ်ကျလာသည် ။ မှန်ပြတင်းအားလုံးကွဲ သည်။ မိုဟာမဒီလည်း ပွဲချင်းပြီးသေဆုံး သည်။ ကားတစ်စင်းလုံးလည်း စိစိညက် ညက်ကျေသွားသည်။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၂ ရက် နေ့တွင် ဖြစ်သည်။ မဂျစ်၏ ထုတ်ဖော်ဝန်ခံချက် မျိုးကို အီရန် ရုပ်မြင်သံကြားတွင် ယခင်က ပြသလေ့မရှိခဲ့ပေ။အတိုက် အခံခေါင်းဆောင်၊ နိုင်ငံခြားသတင်း ထောက် စသည်တို့ကို အီရန်က မကြာခဏ ဖမ်းဆီးခဲ့သော်လည်း သူ တို့၏ထုတ်ဖော်ဝန်ခံချက်ကို တိုက် ရိုက်ရုပ်သံထုတ်လွှင့်ခြင်းမျိုး ယခင် ကမလုပ်ခဲ့ဖူးပေ။ သူ့အား အီရန်တရားရုံးက ၂ဝ၁၁ ခု သြဂုတ်လ ၂၇ ရက်နေ့ တွင် သေဒဏ်ချမှတ်လိုက်သည်။ တရားရုံးပြောရေးဆိုခွင့်ရှိသူ အရာရှိ က ”မဂျစ်ဟာ ဘုရားသခင်ကို ဆန့် ကျင်စော်ကားတဲ့ အပြစ်နဲ့ အကျင့် ပျက်သူလဲဖြစ်တယ်။ အဲဒီအပြစ်နှစ်ခု စလုံးဟာ သေဒဏ်ထိုက်တဲ့ အပြစ် တွေဖြစ်တယ်” ဟု ပြောသည်။ သူ၏ဖြောင့်ချက်ကို အီရန်လုံခြုံ ရေးဝန်ထမ်းတို့က နှိပ်စက်ညှဉ်းပမ်း ရယူခဲ့ခြင်းလည်း ဖြစ်နိုင်ကောင်း သည်။ မည်သို့ပင်ဆိုစေ အစ္စရေး ထောက်လှမ်းရေးမော့ဆက်သည် တဟီရန်မြို့တော်တွင် ဗုံးဖောက်ခွဲနိုင် စွမ်းရှိသည်ဟု အီရန်က ဝန်ခံလိုက် ခြင်းလည်းဖြစ်ပေသည်။ အစ္စရေးသည် အီရန်၏အနုမြူ စီမံကိန်းကို နှောင့် ယှက်ဖျက်ဆီးနေသည်ဆိုသည်မှာ လည်း ထင်ရှားလာသည်။

     

    မဂျစ်ရှာရီဟာရီ Majid Sha-hriari နှင့် ဖာရီဒွန်း အဘာစီ ဒါဗာနီ – Fereydoon Abbasi Davani တို့သည်လည်း မိုဟာမဒီ ကဲ့သို့ပင် အီရန်၏ ထိပ်တန်းအနုမြူ သုတေသီ များ ဖြစ်ကြသည်။ ရှာရီဟာရီသည် တဟီရန် တက္ကသိုလ်မှ အနုမြူရူပဗေဒပါမောက္ခ ဖြစ်သည်။ အဘာစီသည်လည်း ညူကလီးယားရူပဗေဒဘာသာရပ် ကိုပို့ချနေသူဖြစ်သည်။ လေဆာ ပညာရပ်နှင့် အိုင်ဆိုတုပ်များ ခွဲထုတ် ရာတွင် ကျွမ်းကျင်သူဖြစ်သည်။ ၂ဝ၁ဝ ခု နိုဝင်ဘာလ ၂၉ ရက် နေ့တွင် ရှာရီဟာရီသည် တက္ကသိုလ် သို့ ကားမောင်းလာသည်။ ထို့အတူ အဘာစီသည်လည်း သူ့ကားဖြင့် လာနေသည်။ ဤသည်မှာ သူတို့နှစ် ဦး၏ နေ့စဉ်ပြုမြဲ နိစ္စပတ်ဖြစ်သည်။ ရှာရီဟာရီ၏ ပိုဂျိုကားထဲတွင် ဇနီးဖြစ်သူလည်းပါလာသည်။ မြို့၏ မြောက်ဘက်ပိုင်းရှိ အာတက်ရှ် အဝေးပြေးလမ်းမပေါ်တွင် ကြပ်ပိတ် နေသော ယာဉ်ကြောအကြား သူ့ ကားကို တရွေ့ရွေ့မောင်းနေသည်။ အာရုံစူးစိုက်၍ ကားမောင်းနေသဖြင့် သူ့ကားနားသို့ ရုတ်တရက်ချဉ်းကပ် လာသော မော်တော်ဆိုင်ကယ်တစ်စီး ကိုသတိမထားမိလိုက်။ မော်တော်ဆိုင် ကယ်သမားသည် ကား၏ မောင်းသူ ဘက် တံခါးတွင် တစ်စုံတစ်ခုကို ကပ်လိုက်ပြီး၊ တစ်ဟုန်ထိုးမောင်း ထွက်သွားသည်။ သံလိုက်ဖြင့် ကပ် ထားခဲ့သော ဗုံးပေါက်ကွဲသည့်အခါ ရှရီဟာရီသည် ပွဲချင်းပြီး သေဆုံး သည်။ ဇနီးသည်မှာမူ ကံကောင်း ထောက်မစွာ အသက်မသေခဲ့။ အဘာစီမှာမူ အီရန်တော်လှန်ရေး တပ်ဖွဲ့ဝင် Massoud Ali Mohammadi ဖြစ်သဖြင့် လုံခြုံရေးသတိ ပိုရှိသူဖြစ် သည်။ ထို့ကြောင့်ပင်သူနှင့် ဇနီး သည်တို့အသက်ဘေးမှ လွတ်မြောက် သွားသည်။ မော်တော်ဆိုင်ကယ်တစ် စင်းသည် ပြည့်ကြပ်နေသော ယာဉ် ကြောအတွင်း ခဲခဲကပ်ကပ် တိုးဝင် လာပြီး သူ့ဘေးမှတံခါးတွင် တစ်ခုခု ကိုကပ်လိုက်သည်ဟု သိလိုက်သည့် အချိန်တွင် ဘရိတ်အုပ်ပြီး ဇနီးသည် ကို ဆွဲလျက်ကားထဲမှ ခုန်ထွက် လိုက်သည်။ အချိန်မီရုံလေးတင်သာ ဖြစ်သည်။ သူတို့နှစ်ဦး အသက်ချမ်း သာရာရသည်။ အဘာစီသည် ကုလသမဂ္ဂက ၂ဝဝ၇ ခုနှစ်တွင် ချမှတ်ထားသော ခရီးသွားခြင်း ကန့်သတ်ပိတ်ဆို့ခံရ သူ၊ ပြည်ပရှိသူ၏ ပိုင်ဆိုင်မှုကို ထိန်း ချုပ် ထားခံရသူ စာရင်းဝင်ဖြစ်သည်။ လုပ်ကြံခံရမှုမှ လွတ်မြောက်ပြီးပြီးချင်း သူ့အား အီရန်၏ ဒုတိယသမ္မတ တစ်ဦး အဖြစ်လည်းကောင်း၊ အီရန် အနုမြူအေဂျင်စီ အကြီးအကဲအဖြစ် လည်းကောင်း ခန့်အပ်လိုက်သည်။ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အီရန် အနုမြူသိပ္ပံ ပညာရှင် အဒီရှား ဟူစိန်ပူ Ardeshir Hosseinpour သည် ဓာတ်ငွေ့ အဆိပ်သင့် သေဆုံးခဲ့ရသည်။ သူ့သေ ဆုံးမှုကို တစ်ပတ်ကြာမှ အစိုးရက ကြေညာသည်။ မော့ဆက်ပါဝင်ပတ် သက်နေမှု ရှိသည်ဟု ဆိုကြသည်။ ဗုံးခွဲမှုသတင်းသည် နောက်တစ် နေ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ၏ ထိပ်စီး သတင်းဖြစ်သွားသည်။ သတင်း၏ ရိုက်ခတ်မှုသည် အပြည် ပြည်ဆိုင်ရာတွင် သာမက အစ္စရေး တွင်လည်း ပြင်းထန်စွာ ရိုက်ခတ် သည်။ ထိုနေ့တွင် အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျာမင် နာတန်ယာဟု က မော့ဆက် အကြီးအကဲ မီယာဒီဂန် Mier Dagan ကို ရာထူးမှ အငြိမ်း စားယူခွင့်ပြုကြောင်း ကြေညာသည်။ အစ္စရေး သတင်းစာ ဟာယွန် ရန် HaYomran က ဒီဂန်၏နှုတ် ဆက်ပွဲလက်ချက်လော ဟူသည့် ခေါင်းစီးဖြင့် တဟီရန်တွင် ဗုံးပေါက် ကွဲမှုသတင်းကို ဖော်ပြသည်။ ၂ဝ၁၁ ခုနှစ်ဇူလိုင်လ ၂၁ ရက် နေ့တွင် ဒါရီဝပ်ရှ်ရီဇာအီ Darioush Rezaei သည် သူ့သမီး၏ မူလတန်း ကျောင်းရှေ့တွင် သေနတ်ဖြင့် ပစ် သတ်ခံရသည်။ သမီးနှင့် ဇနီးသည် ရှေ့တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် ရီဇာအီ သည် ရူပဗေဒဖြင့် ပါရဂူဘွဲ့ရထား သူဖြစ်ပြီး ညူဗုံးစနက်တံ စနစ်-Detonator ပြုလုပ်ရန် သုတေသန လုပ်နေသူဖြစ်သည်။ သူ့အားပစ်ခတ် သွားသူနှစ်ဦးသည် မော်တော်ဆိုင် ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွား သည်။ အီရန်၏ အနုမြူလုပ်ငန်းများကို အမေရိကန်နှင့် အစ္စရေးတို့က မရမက ဖျက်ဆီးရန်ကြိုးစားနေသည်ဟု အီ ရတ်လွှတ်တော် ဥက္ကဌ ပြောသည်။

     

    အစ္စရေးနိုင်ငံသည် များပြားလှ သော အာရပ်စစ်တပ်များ ဝိုင်းပတ် ထားခြင်းကိုခံနေရသည်။ ထို့ကြောင့် စွမ်းရည်ထက်မြက်လှပါသည်ဆို သော အစ္စရေးတပ်မတော်သည်ပင် ရေရှည်စစ် ဆင်နွှဲရမည်ဆိုပါက တိုင်းပြည်ကို ကာကွယ်နိုင်မည် မဟုတ်။ ထို့ကြောင့် နိုင်ငံကာကွယ် ရေးစည်းကို အခြားတိုင်းပြည်များ ကဲ့သို့ နယ်နမိတ်မျဉ်းတစ်လျှောက် တွင်သာမကပဲ အခြားတိုင်းပြည်များ အတွင်းသို့ပင် ဆန့်ထုတ်ထားရ သည်။ အစ္စရေးအား ရန်ပြုလာမည့်သူ များနှင့် လက်နက်များကို နိုင်ငံအပြင် ထွက်ကာ သုတ်သင်ရှင်းလင်းနေရ သည်။ ယင်းသို့ ပြုလုပ်နေခြင်းသည် တိုင်းပြည်ကာကွယ်ရေးပင်ဖြစ်သည်။ မော့ဆက်တည်ထောင်ခဲ့သည့် ၆၃ နှစ် တာကာလအတွင်း မော့ဆက်သည် အခြားတိုင်းပြည်များအတွင်း သတ် ဖြတ်ခြင်း၊ ဗုံးထောင်ခြင်းတို့ကို အလျဉ်းသင့်သလို လုပ်လာခဲ့သည်။ အတွေ့အကြုံများလာခြင်းကြောင့် လျှို့ဝှက်တိုက်ခိုက် သတ်ဖြတ်သော ပဉ္စမံအလုပ်ကို မော့ဆက်သည် တစ် ဖက်ကမ်းခတ်လက်ယဉ်လာသည်။ မော့ဆက်အေးဂျင့်များအား ကမ္ဘာပေါ် တွင် အထက်မြက်ဆုံး ပဉ္စမံတပ်သား များအဖြစ်အသိအမှတ်ပြုထားသည်။ ပါလစ္စတိုင်း အဖွဲ့ခွဲတစ်ခု ဖြစ် သည့် Popular Front for the Liberation of Palestine – PFLP မှ ခေါင်းဆောင် ဝါဒီဟာဒက် – Wadih Haddad အား ၁၉၇၈ ခုနှစ်တွင် သွားတိုက်ဆေးထဲ အဆိပ်ထည့်ကာ လုပ်ကြံခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ကိုရမ်ကျမ်းစာအုပ်ထဲ၌ ဗုံးထည့်ကာ ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန် သံ အမတ် အလီအက္ကဘာ မိုတက်ရှမီပူ အားလုပ်ကြံသည်။ ၁၉၉၇ ခုနှစ်တွင် ဟားမတ်စ် ခေါင်းဆောင် ခါလစ်မာ ရှလ် – Khaled Mashal အား အာရုံ ကြောအဆိပ်ဖြင့် ဂျော်ဒန်နိုင်ငံ အာမန် မြို့တွင် သတ်ဖြတ်ရန် ကြိုးစားသော် လည်း မအောင်မြင်ခဲ့။ ဟားမတ်စ် အဖွဲ့အတွက် လက် နက်ဝယ်ပေးနေသူ မာမွတ်အယ်လ် မာဘူး Mahmoud al-Mabhouh အား ၂ဝ၁ဝ ခုတွင် ဒူဘိုင်းဟိုတယ်ခန်း အတွင်းသတ်ဖြတ်ခဲ့သည်။ ဟိုတယ် တွင်တပ်ဆင်ထားသော ရုပ်မြင်ကင်မ ရာများကြောင့် မော့ဆက်၏ လက် ချက်ဖြစ်သည်မှာ ပေါ်လွင်သွားသည်။

     

    အစ္စရေးအပေါ် ရန်ပြုနေသူ၊ ရန်ပြုလာနိုင်သူများကို မော့ဆက်က လုပ်ကြံသတ်ဖြတ်လေ့ရှိသည်မှာ အစ္စရေးနိုင်ငံ စတင်ထောင်ကတည်း ကဖြစ်သည်။ ၁၉၈ဝ ပြည့်နှင့် ၁၉၉ဝ ပြည့်လွန်နှစ်များတွင် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ရှမီ ယားသည် မော့ဆက်၏ လုပ်ကြံ သတ်ဖြတ်မှုများအတွက် ပစ်မှတ်များ ကိုသတ်မှတ်ပေးခဲ့သည်။ မော့ဆက် ၏ ပစ်မှတ်များကိုသတ်မှတ်ရာတွင် စနစ်တကျ လုပ်နည်းသတ်မှတ်ထား ရှိသည်။ တစ်စုံတစ်ယောက်သည် အစ္စရေးနိုင်ငံနှင့် လူမျိုးကို အကြမ်း ဖက်တိုက်ခိုက်ခဲ့လျှင် ထိုသူအား လုပ်ကြံသတ်ဖြတ်ခွင့်ပြုရန် ခိုင်လုံသော အချက်အလက်များနှင့်တကွ မော့ ဆက်အကြီးအကဲက ဝန်ကြီးချုပ်ထံ တင်ပြရသည်။ အဆိုပြုတင်ပြချက်ကို ဝန်ကြီးချုပ်က တရားရေးကော်မတီ သို့ ဆက်လက်ရည်ညွှန်းပေးပို့သည်။ ကော်မတီအား ထိပ်တန်းအဆင့် မကသော လျှို့ဝှက်ခြင်းဖြင့် လျှို့ဝှက် ထားသဖြင့် အစ္စရေးတရားရုံးချုပ် သည်ပင် ထိုကော်မတီရှိနေသည်ကို မသိပေ။ ထိုသူအားလုပ်ကြံသတ်ဖြတ် ရန် စာရင်းတွင် ထည့်ရန် သင့်-မသင့်ကို ကော်မတီက စဉ်းစားဆုံး ဖြတ်သည်။ ကော်မတီတွင် စစ်တပ်၊ ဥပဒေပညာရှင်နှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည်။ ကော်မတီ၏ အစည်း အဝေးကို တစ်နေရာတည်းတွင် ပုံ သေလုပ်လေ့မရှိပေ။ နေရာအမျိုး မျိုးတွင် ပြောင်းရွှေ့လုပ်သည်။ တစ်ခါ တရံ ကော်မတီဝင်များ၏ နေအိမ်တွင် ပြုလုပ်သည်။ စွပ်စွဲခံရသူ၏ မျက်ကွယ်တွင် စဉ်းစားဆုံးဖြတ်ခြင်း ဖြစ်သဖြင့် စွပ်စွဲခံရသူအတွက် ရှေ့နေတစ် ယောက်ကို ကော်မတီတွင် ထည့် သွင်းဖွဲ့စည်းပေးထားသည်။ အကယ် ၍ အစွပ်စွဲခံရသူအား အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ကော်မတီ၏ ဆုံးဖြတ် ချက်သည် နှစ်မျိုးအနက် တစ်မျိုးဖြစ် နိုင်သည်။ ထိုသူအား ဖမ်းဆီးခေါ် ဆောင်လာပြီး အစ္စရေးတရားရုံးတွင် တရားစီရင်ရန်။ ဖမ်းဆီးခေါ်ဆောင် လာရန် မဖြစ်နိုင်ပါက ထိုသူ အား လက်စတုံးရှင်းပစ်ရန်ဖြစ်သည်။ ကော် မတီ၏ထောက်ခံချက်ကို ရရှိသည့် အခါ ဝန်ကြီးချုပ်သည် စွပ်စွဲခံရသူ အား မော့ဆက်က ကွပ်မျက်မည့် စာရင်းတွင် ထည့်သွင်းရန် စာဖြင့် ရေးသား ညွှန်ကြားချက်ပေးသည်။ အာရပ်နိုင်ငံများရှိ အနုမြူပညာ ရှင်များကိုမူ ယင်းသို့ကော်မတီဖြင့် စဉ်းစားရန် မလိုအပ်ပေ။ မော့ဆက် အကြီးအကဲ၏ ဆုံးဖြတ်ချက်ဖြင့် သုတ်သင်သတ် ဖြတ်နိုင်သည်။ အချိန် မဆိုင်းပဲ အရေးပေါ်သုတ်သင်ရန် လို အပ်သည့် ကိစ္စများတွင်လည်း မော့ ဆက်အကြီးအကဲက အဆုံးအဖြတ် ပေးသည်။

     

    ဟစ်တလာ၏ ပီနီမွန်ဒုံးပျံစခန်း တွင်လုပ်ကိုင်ခဲ့ဖူးသော ဂျာမန်သိပံ္ပ ပညာရှင်များသည် အီဂျစ်အား ဒုံးပျံ တည်ဆောက်နိုင်ရေးအတွက် အကူ အညီပေးနေကြောင်းသိရသည့်အတွက် မော့ဆက်က ယင်းတို့ကိုလုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းသည်။ ထို ကြိုးပမ်းမှုသည်မအောင်မြင်ဘဲ မော့ ဆက်အေးဂျင့်နှစ်ဦး အဖမ်းခံရကာ ဆွစ်ဇာလန်တွင် ရုံးတင်ခံရသည်။ ထို မှတစ်ဆင့် သံတမန်ရေးရာ ရှုပ်ထွေး မှုများဖြစ်လာရသည်။ နောက်ဆုံးတွင် ဂျာမနီနိုင်ငံက အဆိုပါ သိပ္ပံပညာရှင် များ အီဂျစ်အတွက် ဆက်ပြီးအလုပ် လုပ်မပေးနိုင်အောင် ၄င်းတို့အား ဂျာမနီသို့ခေါ်ထားလိုက်ရသည်။ အစ္စရေး၏ နှောင့်ယှက်ဖျက်ဆီး မှုကြောင့် အီရန်၏ အနုမြူစီမံကိန်း သည် နှေးတုံ့ နှေးတုံ့ဖြင့် ခရီးဆက် နေရသည်။ တစ်ချိန်ချိန်တွင် အီရန် အနုမြူဗုံးသည် အကောင်အထည် ပေါ်လာလိမ့်မည်။ ယင်းသို့ရုပ်လုံး ပေါ်မလာမီ အစ္စရေးသည် အီရန် အနုမြူစက်ရုံနှင့် ဓာတ်ခွဲခန်းများကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလိမ့်မည် ဟူသော မှန်းဆချက်များက ပိုမိုခိုင် မာလာနေသည်။ အီရတ်အတွက် ပြင်သစ်တို့ တည်ဆောက်နေသော အနုမြူဓာတ် ပေါင်းဖိုကို မော့ဆက်အေးဂျင့်များက စက်ရုံအတွင်း ဝင်ရောက်ဖောက်ခွဲခဲ့ သဖြင့် အီရတ်၏ အနုမြူစီမံကိန်း သည် လပေါင်းအတန်ကြာ နှောင့်နှေး ခဲ့ရသည်။ ယင်းသို့ ဖျက်ဆီးခဲ့သော် လည်း ဘဂ္ဂဒက်မြို့ပြင်ရှိ အိုဆီရတ် ဓာတ်ပေါင်းဖို လည်ပတ်နိုင်မည့် အနေ အထားသို့ရောက်လာသည်။ ယင်း အနုမြူဓာတ်ပေါင်းဖိုကို အစ္စရေးက ၁၉၈၁ ခုနှစ်တွင် အောင်မြင်စွာ ဗုံး ကြဲဖျက်ဆီးနိုင်ခဲ့သည်။ ထိုအချိန်မှ စ၍ အီရတ်၏ အနုမြူဗုံးသည် အကောင်အထည်ပေါ် မလာတော့ပေ။ အီရတ်တို့ အနုမြူဗုံးတည်ဆောက်နိုင် ရန် ကူညီအကြံပေးနေသော အီဂျစ် အနုမြူပညာရှင် ယာဟီယာ အယ်လ် မီရှတ် Yahia El Meshad ကိုလည်း ပါရီမြို့တွင် မော့ဆက်က လုပ်ကြံ သတ်ဖြတ်ခဲ့သည်။ ပီအယ်လ်အို ခေါင်းဆောင် ယာ ဆာအာရာဖတ်ဆိုလျှင် မော့ဆက်၏ လုပ်ကြံတိုက်ခိုက်မှုကို ဆယ်ကြိမ် ထက်မနည်းခံခဲ့ရသည်။ အီရတ် သမ္မတ ဆဒမ်ဟူစိန်ဆိုလျှင် မော့ ဆက်စာရင်းတွင် ထိပ်ဆုံးမှပါခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ၄င်းအား လုပ်ကြံ မည့်အစီအစဉ်ကို အကြောင်းမညီ ညွတ်သဖြင့် နောက်ဆုံး မိနစ်ပိုင်းတွင် မှ ရုပ်သိမ်းခဲ့ရသည်။ မော့ဆက်၏ လုပ်ကြံသတ်ဖြတ် မှုအချို့သည် အစ္စရေးကို အကျိုးဖြစ် စေသည်ထက် အပြစ်ဖြစ်စေသည်က ပိုများသည်ကိုတွေ့ရသည်။ ဟဇ္ဇဘို လာအဖွဲ့ အတွင်းရေးမှူးချုပ် ရှိတ်အ ဘား အယ်လ်မူဆာဝီ- Sheikh Ab-bas al-Mussawi အား ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် မော့ဆက်ကသတ် ဖြတ်သည်။ သူ၏မော်တော်ယာဉ် တန်းအား ရဟတ်ယာဉ်မှပစ်ခတ် ခြင်းကြောင့် မူဆာဝီသေဆုံးရသည်။ မူလရည်ရွယ်ခဲ့သည်မှာ သူ့အား ဖမ်းဆီးပြီး အစ္စရေး အကျဉ်းသား များနှင့် လဲလှယ်ရန်ဖြစ်သည်။ သို့ သော် ထိုစဉ်က အစ္စရေး စစ်ဦးစီးချုပ် အီဟွတ်ဘာရက် Ehud Barak က ဖမ်းဆီးမည့်အစား သတ်ဖြတ်ရန် ဝန်ကြီးချုပ် ရှမီယာအားတိုက်တွန်း နိုင်ခဲ့သည့်အတွက် အစီအစဉ်ကို ပြောင်းလိုက်ရသည်။ ယင်းသို့ သတ်ဖြတ်ခြင်း အတွက် ဖြစ်ပေါ်လာမည့် အကျိုး ဆက်ကို အစ္စရေးဝန်ကြီးအဖွဲ့က အလေးအနက် မစဉ်းစားမိခဲ့ကြ။ မူဆာဝီအား သတ်ဖြတ်နိုင်ခြင်းသည် နည်းဗျူဟာအရ အောင်မြင်မှုဖြစ် သော်လည်း မဟာဗျူဟာအရ ကျဆုံး ခြင်းဖြစ်သည်။ တိုက်ပွဲနိုင်လျက် စစ် ပွဲကိုရှုံးခဲ့ခြင်းဖြစ်သည်။ မူဆာဝီ သေ ဆုံးပြီးတစ်လအကြာတွင် အာဂျင်တီး နားနိုင်ငံ ဘွေနိုဆားရေးစ်မြို့ အစ္စရေး သံရုံးတွင် ဟဇ္ဇဘိုလာတို့ထောင်ထား သည့်ဗုံးပေါက်ကွဲရာ အစ္စရေးနိုင်ငံ သား ၂၃ ယောက်နှင့် ဒေသခံဝန်ထမ်း များသေဆုံးသည်။ မူဆာဝီနေရာတွင် တက်လာ သည့် ဟတ်ဆန်နက်စ်ရာလာ Has-san Nasrallah က ဟဇ္ဇဘိုလာအဖွဲ့ ကို အင်အားတောင့်တင်းသည့် လက် နက်ကိုင်အဖွဲ့အဖြစ်ဖွဲ့စည်းပြီး လက် ဘနွန်တောင်ပိုင်းကို လွှမ်းမိုးချုပ် ကိုင်ထားနိုင်သော အခြေအနေကိုစွမ်း ဆောင်နိုင်ခဲ့သည်။ ယခုအခါ ဟဇ္ဇ ဘိုလာအဖွဲ့သည် လက်ဘနွန်၏ နိုင်ငံ ရေးဇာတ်ခုံကို အပိုင်သိမ်းထားသည့် အနေအထားတွင် ရှိနေသည်။ ယာဆာအာရာဖတ်၏ လက် ထောက်ဖြစ်ခဲ့သူ ခါလီအယ်လ် ဝါဇာ Khalil al-Wazer သည် သဘော ထား ပျော့ပြောင်းသူ ဖြစ်သည်။ သူ့ အား ၁၉၈၈ ခုနှစ်တွင် မော့ဆက် က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းသည် အမှားတစ်ရပ်ဟု ယူဆကြသည်။ သူ သာရှိနေပါက ပါလစ္စတိုင်းအဖွဲ့နှင့် အစ္စရေး ဆွေးနွေးမှုများသည် အောင် မြင်နိုင်သည်ဟုဆိုကြသည်။ သူ အသက်ရှင်နေသေးပါက ပီအယ်လ်အို အဖွဲ့ခေါင်းဆောင်မှာ သူပင်ဖြစ်လာမည် ဖြစ်သည်။ အစ္စရေး အဖို့လည်းပိုမို အသက်ရှူချောင်မည်ဖြစ်သည်။

     

    ဝင်ရောက်တိုက်ခိုက်ဖျက်ဆီး ရသည့် အခြေအနေ မဆိုက်ရောက်စေ ရန် အစ္စရေးနှင့် အမေရိကန်တို့သည် အီရန် အနုမြူစီမံကိန်း နှောင့်နှေးနေ စေရန် အလုံးအရင်းနှင့် ကြိုးပမ်းနေ ကြသည်။ ၂ဝ၁ဝ ခုနှစ် နှစ်လယ် ပိုင်းတွင် အီရန်၏ အနုမြူစက်ရုံများ တွင် ကွန်ပျူတာဗိုင်းရပ်စ် Stuxnet ၏တိုက်ခိုက်မှုကို ခံရသည့်အတွက် လုပ်ငန်းများ အတော်ပင် နှောင့်နှေးခဲ့ရ သည်။ ထိုတိုက်ခိုက်မှုသည်အစ္စရေး လက်ချက်ဖြစ်သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။ ထိုနှောင့်ယှက်မှုများ အတော် အတန်ထိရောက်မှုရှိသဖြင့် ၂ဝ၁၅ ခုနှစ်မတိုင်မီ အီရန်၏ အနုမြူဗုံးသည် အကောင်အထည်ပေါ်လာစရာ မရှိ ဟုမှန်းဆကြသည်။ သို့သော် စီမံကိန်း သည် လုံးဝပျက်စီးခြင်း မဟုတ်ဘဲ နှောင့်နှေးသွားခြင်းသာဖြစ်သဖြင့် တစ်ချိန်ချိန်တွင် အစ္စရေးက ဝင် ရောက်ဗုံးကြဲတိုက်ခိုက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်လိမ့်မည်ဟု ဆို ကြသူများလည်းရှိသည်။ အီရန်၏အနုမြူဗုံးသည် အစ္စရေး ကိုသာမက အနောက်ဘက်ကမ်းခြေ နှင့် ဂါဇာကမ်းမြှောင်ဒေသရှိ ပါ လစ္စတိုင်းသားများအတွက်လည်း ခြိမ်း ခြောက်မှုဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် အငြိမ်းစား ယူသွားသော မော့ဆက်အကြီးအကဲ မီယာဒီဂန်-Meir Dagan သည် အီရန် အနုမြူစီမံကိန်းကို နှောင့်ယှက်ဖျက် ဆီးရန် အစဉ်တစိုက် စီမံကိန်းချလုပ် ကိုင်ခဲ့သူဖြစ်သည်။ ယခင် ဝန်ကြီးချုပ် အေရီယယ် ရှရွန်က ဒီဂန်ကို မော့ ဆက်အကြီးအကဲ အဖြစ်ခန့်အပ်ခဲ့ ခြင်းဖြစ်သည်။ ဒီဂန်၏ စွမ်းဆောင်ချက်ကြောင့် အီရန်၏ အနုမြူစီမံကိန်းသည် ထင် သလောက် ခရီးမပေါက်ခဲ့။ အီရန် အနုမြူစီမံကိန်းနှင့် ပတ်သက်နေသော သိပ္ပံပညာရှင်၊ ဓာတ်ခွဲခန်း၊ ယာဉ်ရ ထား စသည်တို့သည် ကံကြမ္မာ ဆိုးနှင့် ရင်ဆိုင်တိုးကုန်ကြသည်။ အီရန်သိပ္ပံပညာရှင်အချို့ အစအနရှာ မရဘဲပျောက်ဆုံးသွားသည်။ အသတ် ခံရသည်။ ဓာတ်ခွဲခန်းများ အလိုလို မီးထလောင်သည်။ စီမံကိန်းတွင် အသုံးပြုနေသော လေယာဉ်ပျက်ကျ သည်။ ထိုအဖြစ်အပျက်တို့သည် သာမန်တိုက်ဆိုင်မှုများ မဟုတ်သည် ကတော့သေချာသည်။ အီရန်သည် ၂ဝ၁၅ ခုနှစ် မတိုင်မီ အနုမြူလက်နက်ထုတ်လုပ်နိုင်မည် မဟုတ်ဘဲ၊ ထို့ထက်ပင်နောက်ကျ နိုင်သည်ဟု ဒီဂန် ကယူဆသည်။ အီရန်နှင့် ထိပ်တိုက်ရင်ဆိုင် စစ်ဖြစ် လျှင် အာရပ်နိုင်ငံများ ပါဝင်လာနိုင် သဖြင့် အရှေ့အလယ်ပိုင်းတစ်ခုလုံး စစ်မီးတောက်လာနိုင်သည်ဟု သူက ယူဆသည်။ ထို့ကြောင့် မော့ဆက် က ယခုကဲ့သို့ အနှောင့်အယှက်ပေး နေခြင်းဖြင့် အီရန်၏ အနုမြူဗုံးသည် မည်သည့်အခါတွင်မျှ ဖြစ်လာလိမ့်မည် မဟုတ်ဟု သူက ယုံကြည်သည်။ တီဟီရန် မြို့လယ်ကောင်တွင် အတင့်ရဲစွာ လုပ်ကြံသတ်ဖြတ်နေ သည်ကို ထောက်ခြင်းဖြင့် မော့ဆက် သည် စနစ်တကျ ရေရှည်အစီအစဉ် ချလျက် ကြံစည်နေသည်မှာ ထင်ရှား သည်။ အီရန် အနုမြူသိပ္ပံ ပညာရှင်များ ကို လုပ်ကြံသတ်ဖြတ်နေရင်း အီရန် ၏ အနုမြူစီမံကိန်းသည် ဆက်လက် တိုးတက်နေမည်ဆိုပါက အစ္စရေး သည် မတတ်သာသည့်အဆုံး အီရန် အနုမြူစက်ရုံများကို ဗုံးကြဲတိုက်ခိုက် လိမ့်မည်ဆိုသော မှန်းဆချက်များ လည်း ပေါ်ထွက်လျက်ရှိသည်။ အီရန်သည် သူ၏ အနုမြူလုပ် ငန်း စက်အချို့ကို ကွမ်- Qum မြို့ အနီးရှိ မြေအောက်စစ်စခန်းသို့ပြောင်း ရွှေ့နေသည် ဟု ၂ဝ၁၁ ခုနှစ် စက် တင်ဘာလ ၁ ရက်နေ့ သတင်း တစ်ရပ်ကဖော်ပြသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ တော်မီဗိုက်တာက အနုမြူလောင်စာ ထုတ်လုပ်သော အစိတ်အပိုင်းများကို ကွမ်သို့ပြောင်းရွှေ့ခြင်းသည် ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ထားသောစည်းကမ်းကို ချိုးဖောက် ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

     

    မော့ဆက်က လုပ်ကြံသတ်မှု လုပ်တိုင်း ကမ္ဘာအရပ်ရပ်က ဝေဖန်ရှုံ့ ချမှုများပြင်းထန်သည်ထက် ပြင်းထန် လာနေသည့်အတွက် လုပ်ကြံသတ် ဖြတ်မှုကို မော့ဆက်က ချင့်ချင့်ချိန် ချိန်လုပ်ရန်လိုအပ်လာသည်။ တစ် ဘက်တွင်လည်း မော့ဆက်သည် အီ ရန်အနုမြူကိစ္စတွင် ဦးဆောင်နေခြင်း ဖြင့် ပြည်တွင်းနိုင်ငံရေး ဇာတ်ခုံတွင် အသာစီးယူနေသည်ဟု အစ္စရေးနိုင်ငံ ရေးအသိုင်းအဝိုင်းက ယူဆနေသည်။ အီရန်တို့ အနုမြူလက်နက် မထုတ်လုပ်နိုင်အောင် တားဆီးရေး သည် အစ္စရေးအဖို့ သေရေးရှင်ရေး ဖြစ်နေသည်။ ထိုအချက်ကိုအကြောင်း ပြု၍ မော့ဆက်က အသုံးစရိတ်ကို လိုသလောက်ရနေသည်ဟုဆိုသည်။ စစ်တပ်ပိုင်းကလည်း ဗုံးကြဲတိုက်ခိုက် ရန် ဝန်ကြီးချုပ် နာတန်ယာဟူးကို တိုက်တွန်းနေသည်။ အစ္စရေးစစ် တပ်နှင့် မော့ဆက်တို့၏ အာဏာ လွန်ဆွဲပွဲဖြစ်သည်။

    Ref: Iranian Sentenced to Death for Killing Nuclear Scientist

    အေးထွန်းမင်း

    ဈေးကွက်ဂျာနယ် ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။

  • ၂၀၁၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရီမန်သူ မွတ်စလင်မ် အမျိုးသမီး Tawakkol Karman

    ဆွီဒင်လူမျိုး တစ်ဦးဖြစ်သည့် Alfred Nobel ဆိုသူ ကမကထပြု တည်ထောင်ခဲ့တဲ့ နိုဘယ်ဆုကို ၁၉၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆုပေါင်း ၉၂ ခုကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ နိုဘယ်ဆုမှာ အမျိုးအစားခွဲ ၆ ခု ဖြစ်သည့် ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာနယ်ပယ်၊ စာပေအနုပညာ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး စသည့်  အသီးသီးမှာ ထူးချွန်သူများကို ပေးအပ်ပါသည်။ နိုဘယ်ဆုများ အနက်မှ ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံတွင် ပေးအပ်သည်မှ လွဲ၍ ကျန်ဆုပေးပွဲများကို ဆွီဒင်နိုင်ငံတွင် ပြုလုပ်သည်။

    နိုဘယ်ဆုမှာ တစ်ဦးတည်း သီးသန့် ချီးမြှင့်ခြင်းနှင့် အများနှင့် နှစ်ယောက် သို့မဟုတ် သုံးယောက် အတူ ပူးတွဲ ချီးမြှင့်ခြင်း ဆိုပြီး ရှိပါသည်။ ယခုနှစ် ၂၀၁၁ တွင် ဆုရရှိခဲ့သူများမှာ ပူးတွဲဆုများ ဖြစ်ပြီး အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး အတွက် မိမိတို့ နိုင်ငံအသီးသီးမှာ ကြိုးပမ်းခဲ့ကြတဲ့ အမျိုးသမီး သုံးယောက် ဖြစ်ပါသည်။

    သူတို့တွေကတော့ Liberia နိုင်ငံမှ Ellen Johnson Sirleaf၊ နောက်တစ်ဦးမှာလည်း Liberia နိုင်ငံမှ Leyman Gbowee နှင့် နောက်ဆုံးတစ်ယောက်မှာ Yemen နိုင်ငံမှ  Tawakkol Karman  တို့ဖြစ်ကြပါတယ်။

        ယခု အကျယ်ချဲ့ ရေးမည့် နိုဘယ်ဆုရှင်၏ အမည်မှာ Tawakkol Karman (သ၀ဂ်ကယ် ကားမန်းဟု အသံထွက်သည်) ဖြစ်ပြီး အသက် ၃၀ အရွယ် သားသမီး သုံးယောက်၏ မိခင်ဖြစ်သည်။ အာရပ်နိုင်ငံများ၏ နိုင်ငံရေး အပြောင်းအလဲ အချိန်များတွင် (The Arab Spring) သူမသည် ရီမန်နိုင်ငံ၏ ဆန္ဒပြပွဲများတွင် (ဆန္ဒပြတောင်းဆိုသူများသည် အလုပ်လက်မဲ့နှင့် ဆိုးရွားသော စီးပွားရေး အခြေအနေ၊ အကျင့်ပျက် ခြစားနေသော မတရား လာဘ်စားမှုများကို ဆန့်ကျင်ခြင်း) လူထုကို ကိုယ်စားပြုသော မျက်နှာတစ်ခု ဖြစ်လာခဲ့သည်။

    Karman သည် ရှေ့နေ တစ်ဦး ဖြစ်သလို ဂျာနယ်လစ် တစ်ဦး၊ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦး ဖြစ်ကာ Al-Islah အမည်ရှိ နိုင်ငံရေးပါတီဝင် တစ်ဦးဖြစ်သည်။ “Women Journalists Without Chain” ဆိုသည့် အဖွဲ့ကိုလည်း ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ သူမသည် ၂၀၀၇ ခုနှစ်မှ စတင်၍ အပတ်စဉ် ဆန္ဒပြတောင်းဆိုပွဲများကို ဦးစီးခဲ့သည်။ ရီမန်နိုင်ငံ၏ သမ္မတ Ali Abdullah Saleh အစိုးရ အဖွဲ့ ဖြုတ်ချရေး အတွက် ဆန္ဒပြနေခဲ့စဉ် အရပ်အ၀တ်အစားနှင့် လုံခြုံရေးများက သူမအား ဓားချွန်ဖြင့် ထိုးသတ်ရန် ကြံစည်ခဲ့စဉ် သူမနှင့် အတှူဆန္ဒပြနေသူများ၏ အကူအညီဖြင့် ကာကွယ်မှုရရှိခဲ့သည်။

    ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ မိမိ၏ အမြင်များကို လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရရှိလိုခြင်းသည် သူမ အဖွဲ့ “Women Journalists Without Chain” ၏ရည်ရွယ်ချက် ဖြစ်သည်။ Karman အား ခြိမ်းခြောက်စာ အမျိုးမျိုး၊ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်ခံခဲ့ရသည်။ သတင်းစာပေ လွတ်လပ်ခွင့်ကို အလေးထားသော သူမသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ကာ အစ္စလာမ်ဘာသာဝင်များ တန်ဖိုးထား မြတ်နိုးသော တမန်တော်မြတ်၏ ရုပ်ပုံကာတွန်းများကို ဒိန်းမိတ်သတင်းစာ တစ်ခုတွင် ဖော်ပြခြင်း အပေါ်၌လည်း ဤသို့ တုန့်ပြန်ခဲ့သည်။ “We are not to call for tyranny and bans on freedom” (စာပေလွတ်လပ်ခွင့် ဆိုတာ လူအများ တညီတညွှတ်တည်း တားမြစ်ပိတ်ပင်ထားသော {သို့မဟုတ် ဘာသာရေး စော်ကားမှုများ မပြုလုပ်သင့်ကြောင်း လူသားဆန်စွာ လူ့အသိုင်းအ၀ိုင်းမှ လက်ခံထားသော} အကြောင်းအရာ တစ်ခုအား အာဏာ၊ အခွင့်အရေးကို အလွဲသုံးစား ပြုလုပ်သူ လူတစ်စုမှ တစ်ပါးသူကို မတရားသဖြင့် စော်ကားခြင်း မဟုတ်ဟု ဆိုခဲ့သည်)

    သူမ ပြောခဲ့သော စကားတစ်ခွန်းကတော့ ကျွန်မ နှစ်သက်မိတယ်။ “Women should stop being or feeling that they are part of the problem and become part of the solution. We have been marginalized for a long time and now is the time for women to stand up and become active without needing to ask for permission or acceptance. This is the only way we can give back to our society and allow for Yemen to reach the great potentials it has.”

    Karman သည် အသက် ၁၇ နှစ်အောက် ငယ်ရွယ်သည့် မိန်းကလေးများအား မိမိ၏ ဆန္ဒမပါဘဲ လက်ထပ်ပေးခြင်းကိုလည်း ရှေ့နေအဖြစ် ဆောင်ရွက်ကူညီ ပံ့ပိုးသည်။ ထိုသို့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ စာပေလွတ်လပ်ခွင့် စသည်များကို တက်ကြွစွာ ဆောင်ရွက်သော Karman သည် အခြားနိုင်ငံများ၏ လွှမ်းမိုးမှုများ သူမ အပေါ် သက်ရောက်ခြင်း မရှိစေဘဲ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်သည်။

    သူမ၏ မျက်လုံးများဟာ မျှော်လင့်ချက်တွေနဲ့ အရောင်တောက်ပစွာ ပြုံးနေသည်။ သူမ၏ ပုံပန်းသဏ္ဍန်သည် လွတ်လပ်ပေါ့ပါးသည်။ သူမသည် ဦးခေါင်းတွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဆင်ယင်လေ့ ရှိသော Hijab ဟီဂျဘ် ဟုခေါ်သော ပ၀ါလေး ခြုံထားသည်။ သူမသည် ရီမန်နိုင်ငံသားများ အတွက် မျှော်လင့်ချက် တစ်စုံတရာ ဖြစ်ပါသည်။

    Ref: http://www.nobelprize.org/nobel_prizes/peace/laureates/2011/

    http://en.wikipedia.org/wiki/Tawakel_Karman

    Nisa