News @ M-Media

Category: ဆောင်းပါး

  • မယုံကြည်သူနှင့် ရန်လိုနေသူများအပေါ် ကိုယ်တော့်မေတ္တာ

    မယုံကြည်သူနှင့် ရန်လိုနေသူများအပေါ် ကိုယ်တော့်မေတ္တာ

    အဗူဘ(တ်)စ်ရာ အလ်ဂါရိ ဆိုသော ပုဂ္ဂိုလ်က  မိမိ အစ္စလာမ့်အေးရိပ်ဆာသို့ မရောက်မှီ အဖြစ်အပျက်ကို ပြန်ပြောသည်မှာ “ကျွန်တော် မဒီနာမြို့ကို ရောက်လာခဲ့တယ်။ မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော့်ကို တည်းခိုဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲ့ဒီညနေခင်းမှာပဲ ဆိတ်ခုနစ်ကောင်ထွက် နို့တွေအားလုံးကို ကျွန်တော် သောက်ပစ်ခဲ့တယ်။ မုဟမ္မဒ်သခင် (ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော်ရဲ့ ရိုင်းပြမှုအပေါ် ဘာမှပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေတော်မူခဲ့ပါတယ်။ အဲ့ဒီညမှာ ကိုယ်တော်ဟာ စိတ်ဆိုးခြင်း မကျေနပ်ခြင်း အမူအရာ တစက်လေးမှ မရှိဘဲ  ဆာလောင်စွာနဲ့ အိပ်စက်သွားတော်မူခဲ့ပါတယ်။ ဒီမြင့်မားလှတဲ့ အကျင့်စာရိတ္တစံကို ကိုယ်တွေ့ကြုံပြီးနောက်မှာတော့ ကျွန်တော် အသိဥာဏ်နဲ့ ယှဉ်ပြီး ကျင့်မူခဲ့ပါတယ်။ ကျွန်တော် အစ္စလာမ့်အေးရိပ်ဆာကို ဝင်ရောက်ခဲ့ပါတော့တယ်။”

    မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)သည် စကြဝဠာခပ်သိမ်းနှင့် လောကအားလုံးတို့အတွက် မေတ္တယျကရုဏာတော်ရှင်အဖြစ် ပွင့်တော်မူခဲ့ခြင်းဖြစ်ရာ ကိုယ့်တော်၏ မေတ္တာကရုဏာသည် ဝေနေယျသတ္တဝါအားလုံးကို လွှမ်းခြုံလျက်ရှိနေပေသည်။ တနေ့သော် ရန်လိုမုန်းတီးသူများနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျစေကြောင်း တောင်းဆုသစ္စာပြုရန် ကိုယ်တော့်အား တိုက်တွန်းကြပေသည်။ ထိုအခါ ကိုယ်တော်မြတ်ကြီးက  “ငါကိုယ်တော်သည် ဒီလောကသို့ ပြစ်ဒဏ်ကျစေခြင်းအကြောင်းအနေနဲ့ မဟုတ်ဘဲ မေတ္တယျကရုဏာတော်ရှင်အဖြစ် ပွင့်ပေါ်တော်မူစေခြင်းခံရသူဖြစ်တယ်”ဟု ပြန်လည် မိန့်ကြားတော်မူခဲ့ပေသည်။

    ဝေနေယျခပ်သိမ်းအတွက် ကရုဏာတော်ရှင် မုဟမ္မဒ်သခင်

    မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)သည် သွာအိဖ်မြို့သို့ အကျွတ်တရား ဟောတော်မူရန် ကြွချီသွားသောအခါ ထိုမြို့မှ ဒိဌိမြို့သားတို့သည် ခဲများဖြင့် ပေါက်ကာ နှိပ်စက်ညှင်းပန်းကြလေသည်။ ထိုအချိန်တွင် ကောင်းကင်တမန်တော်ကြီး ဂျီဗရာအီလ်(ငြိမ်းချမ်းပါစေ) ရောက်ရှိလာပြီး ဤဒိဌိမြို့သားများနှင့် မြို့ကို တောင်နှစ်လုံးကြားတွင် ညှပ်ပြီး ဖျက်ဆီးပစ်လိုက်မည်ဟုဆိုကာ ကိုယ်တော်မြတ်ထံ ခွင့်တောင်းခဲ့လေသည်။ မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က တားမြစ်တော်မူခဲ့ပြီး မိမိ၏အရှင်ဖြစ်တော်မူသော သစ္စာဓမ္မတည်းဟူသော ဂုဏ်တော်ထွန်းတော်မူသည့် ပရမတ်ဘုရားရှင် အလ္လာဟ်အရှင်မြတ်ထံ တိုင်တည်လျက် မိမိအား ခဲများဖြင့် ရက်ရက်စက်စက် ပစ်ပေါက်လျက်ရှိနေသော လူထုအတွက် အောက်ပါအတိုင်း အထူးဆုတောင်းပေးတော်မူခဲ့ပေသည်။

    “အို ကျွန်တော်မျိုး၏ အရှင်မြတ်၊ ဤလူများကို သစ္စာလမ်းကို ပေးသနားတော်မူပါ။ သူတို့၏ သားသမီးမျိုးဆက်များကို ယုံကြည်ကျိုးနွံသူများ ဖြစ်စေတော်မူပါ။”

    မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)၏ ထိုမေတ္တာကရုဏာအပြည့် တောင်းဆုတော်၏ အကျိုးကြောင့် အဆုံးတွင် သွာအိဖ်တစ်မြို့လုံး အစ္စလာမ်အေးရိပ်ဆာယာသို့ ဝင်ရောက်ခဲ့သည်မှာ ယနေ့ ထက်တိုင်ပင်ဖြစ်သည်။

    ကိုး- စာ ၁၄၂၊ မေတ္တယျကရုဏာတော်ရှင် မုဟမ္မဒ်သခင်၏ ဘဝတော်မှ မှတ်တိုင်များ၊ အုစ်မန်နူရီတော့ပ်ဘတ်စ် (English Version)

    Ref: peaceforthewholeuniverse

  • ဘုံပြတ် ခေါ် မြင်းလှည်း ဘယ်ကစ

    “ဘုံပြတ် ခေါ် မြင်းလှည်း လေးနဲ့ ယဉ်ယဉ်ကျေးကျေးထိုင် မမတို့ မော်ရွှေမြိုင် မမတို့ မော်ရွှေမြိုင်” ဒီသီချင်းကတော့ မော်လမြိုင် သားတိုင်း နီးပါးလောက် ကြားဖူးကြမယ်လို့ ထင်ပါတယ်။

    မြင်းလှည်းများကို ဘုံပြတ်လို့ ခေါ်တွင်ဖြစ်ခဲ့တဲ့ သမိုင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ထို့အတူ မြန်မာစာတတ် ပေတတ် လူမျိုးခြား ဘာသာခြား တစ်ဦးအကြောင်းကိုလည်း ချန်လှပ်ထားလို့ မရပါဘူး ။

    ထိုသူကား ဦအလီ(1837-1907)(ကျူလယာလူမျိုး) ပင်တည်း။ ဖခင်ဖြစ်သူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်တပ်များနှင့် ပါလာပြီး စစ်ပြီးသော်လည်း မပြန်တော့ပဲ မော်လမြိုင်တွင်အခြချ နေထိုင်သူတစ်ဦးဖြစ်သည်။ဦးအလီ၏ အိမ်ကား ဦးဇိန ဘုရားလမ်း ရွှေပရိယတ္တိ စာသင်တိုက်၏ တောင်ဘက်ကပ်လျက်ရှိသည်။

    ထိုစဉ်က ရွှေကျောင်းဆရာတော်မှာ လေကီ လောကုတ် ပညာများကို စွယ်စုံတတ်မြောက်သည့် ဆရာတော်ဖြစ်သလို ယနေ့ ထိတိုင် ထင်ပေါ်ကြော်ကြားသော ဘုန်းကြီးဘိုး လျှာပွတ်ဆေးကို ဖေါ်စပ်ခဲ့သည့် ဆရာတော်လည်းဖြသ်သည်။

    ဦအလီ စာသင်သည့် အရွယ်တွင်ဆရာတော်ထံ နေ့စဉ်ဆွပ်အုပ်ပို့ရင်း မြန်မာစာနှင့် ပါဠိစာပေကို သင်ယူသည်။ ထိုအပြင် ဆရာတော်ထံမှ သီချင်းကြီး သီချင်းခန့် ကဗျာ လင်္ကာများကိုပါ သင်ယုတတ်မြောက်သည်။ဆရာတော်ထံ သွားလာရေးလွယ်ကူစေရန် ကျောင်းနှင့်အိမ်ကြား တံခါး ဖေါက်ထားရာ ယနေ့တိုင်တွေ့နိုင်သည်။

    ရပ်ရွာတွင် အလှူအတန်းလုပ်သည့်အခါတိုင်း ရတုရကန် ဧချင်းများကို ဦးအလီထံ လာရောက် စပ်ခိုင်းရသည်အထိ မြန်မာစာ ထူးချွန်သူဖြစ်သည်။တခါတရံ သူကိုယ်တိုင် သွားရောက်ရွတ်ဆိုပေးရသည် အထိ သူမပါလျင် ပွဲမစည်ပေ။

    စာတတ်ပေတတ်ဖြစ်လာသော ဦးအလီသည် အလုပ်လျှောက်ရာ အရေးပိုင်ရုံးတွင် လက်ထောက် ဘီလစ်အဖြစ် အလုပ်ရသည်။လစာမှာ ၁၂ကျပ် ၈ပဲ ဖြစ်သည်။(ရွှေတစ်ကျပ်သား ၂၀-၂၅ ကျပ်ခေတ်)

    1840 နောက်ပိုင်းတွင် မော်လမြိုင် တရားရုံးများ၌ ရှေ့ နေများစတင်ပေါ်ပေါက်လာသည်။ထိုစဉ်က ရှေ့ နေ များသည် အင်္ဂလန်မှလာသော ဝတ်လုံများဖြစ်သည်။ အမူကို အင်္ဂလိပ်လိုစစ်ရသည်အတွက် အမူသည်များမှာ ရှေ့ နေခရော စကားပြန်ခပါ ပေးရသည်။အချိန်လည်း ကြန်ကြာကြရသည်။

    မြန်မာ-မွန်-အင်္ဂလိပ်-ကုလား စကားတတ်သော ဦးအလီသည် ရှေ့ နေ အလုပ်ကိုလျှောက်ထားရာ အရေးပိုင်က တစ်နှစ်အစမ်းခန့် သည်။ စကားပြန်မပါပဲ အမူလျှောက်ထားနိုင်သဖြင့် အမူသည်များလည်းကုန်ကျစရိတ် သက်သာလာကာ အမူစစ်ရာတွင်လည်းမြန်ဆန်လာသည်။ ဦးအလီသည် 1870 တွင် အထက်တန်းရှေ့ နေအဖြစ် ခန့်အပ်ခြင်းခံရသည်။

    ဦးအလီထင်ပေါ် ကျော်ကြားလာသည့်အတွက် ဦအလီ၏ အိမ်တွင် ရပ်ဝေးရပ်နီးမှ အမူသည်များ အဝင်အထွက်များ လာသည်။ သိုသော် ကျိုက်မရော နှင့် မုဒုံမှ အမူသည်များ လွယ်လွယ်ကူကူ မလာနိုင်ချေ။
    လှည်းဖြင့်လာလျင် လမ်းတွင်ညအိပ်ရသည်။ထိုစဉ်က မော်လမြိုင်တွင် မော်တော်ကား မရှိပေ။ 1914 ခန့် အထိ မော်လမြိုင်တွင် ကိုယ်ပိုင်မော်တော်ကား ford အမျိုးစား ၁၀ စီးခန့်သာ ရှိသည်။

    ဦးအလီသည် ဘီးလေးဘီး နှင့် မြန်းနှစ်ကောင်တပ် မြင်းရထားကြီးနှစ်စီးကို တီထွင်ပြုလုပ်ပြီး မော်လမြိုင်-ကျိုက်မရော၊ မော်လမြိုင်-မုဒုံ အသွားအပြန် ကို ပြေးဆွဲသည်။ ထိုမြင်းလှည်း နှစ်စီး၏ အမည်ကိုလည်း ဘုံပြန် နှင့် ဘုံဆောင် ဟူ၍ မြန်မာ ဆန်ဆန် အမည်ပေးသည်။ အရှည် ၁၅ ပေခန့် ရှိပြီး လူ ၂၀ ခန့် ချောင်ချောင် စီးနိုင်သည်။

    နံနက် ၅ နာရီတွင် အိမ်ရှေ့  မှ မြင်းရထာကြီးတစီး စထွက်သည်။ မော်လမြိုင်မြို့ မှ ၇ မိုင်ဝေးသော ခရွန်းရွာတွင် ခေတ္တနားသည်။ မြင်းအသစ် နှစ်ကောင်လဲ၍ ဆက်လက်ခရီးဆက်ရာ မော်လမြိုင်မှ ၁၂ မိုင်ဝေးသော ကျောက်တစ်လုံးရွာတွင် ခေတ္တနားသည်။ တဖန် မြင်းအသစ်နှစ်ကောင်လဲ၍ ခရီးဆက်ပြန်ရာ မုဒုံတွင် ခရီးဆုံးလေသည်။ မော်လမြိုင်မှ မုဒုံသို့ အသွား မြင်းခြောက်ကောင် အပြန် မြင်းခြောက်ကောင် ပေါင်း မြင်း ၁၂ ကောင် အသုံးပြုသည်။မြင်းလှည်းခမှာ လူတစ်ယောက်လျှင် အသွား ၁ ကျပ် အပြန် ၁ ကျပ် ယူသည်။

    (မြန်မာနိင်ငံရဲ့  ပထမဆုံးသော ခရီးသည်တင် မြင်းလှည်းလိုင်းလို့ ပြောရမလားပဲ။ ကျွန်တော်ခပ်ငယ်ငယ် လွန်ခဲ့သော အနှစ် ၃၀ လောက်က မော်လမြိုင်တွင် ထိုကဲ့သို့ သော ယာဉ်တစ်စီး ဟိန္ဒူ လူမျိုးများ အသုဘချရာတွင် မသာယာဉ်အဖြစ် အသုံးပြုသည်ကို မြင်ဖူးသည်)

    ဦးအလီ အသက်ကြီးလာသော် နလုံးရောဂါ စွဲကပ်လာပြီး ဘုံပြန် နှင့် ဘုံဆောင်ကို လှည်မကြည့်နိုင်တော့ချေ။
    လှည်းကြီးနှစ်စီးကို မွေးစားသား ၂ ဦးအားပေးလိုက်ရသည်။ သား ၂ ဦးလည်း ရထားကြီး ၂ စီးကို ထိန်းသိမ်းနိုင်စွမ်း မရှိသဖြင့် ဦးအလီ၏ သဘောတူညီချက်ရယူကာ မြင်းလှည်းနှစ်စီးကို အလယ်မှ တိတိဖြတ်ပြီး ဘီး ၂ ဘီး မြင်း ၁ ကောင် မြင်းလှည်းငယ် ၄ စီးဖန်တီးကာ မော်လမြိုင်တွင် ပြေးဆွဲလေသည်။

    မြင်းလှည်းငယ် ၄ စီး အမည်ပေးရာတွင် ဦးအလီက မူလ ဘုံဆောင် နှင့် ဘုံပြန် တို့ ၏ အပြတ်များ ဖြစ်သောကြောင့် မူလအမည် “ဘုံ” လည်းပါရအောင် ရထားပြတ်မှ “ပြတ်” လည်းပါအောင် “ဘုံပြတ် ” ဟုသာ ခေါ်ကြပေတော့ဟု အမည်ပေးရာမှ မော်လမြိုင်တွင် မြင်းလှည်းများကို “ဘုံပြတ် ” ဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

    ဦးအလီသည် မွတ်ဆလင် ဘာသာဝင် ဖြစ်သော်လည်း မိမိဆရာ ရွှေကျောင်းဆရာတော် ထံ နေ့စဉ် ဆွမ်းအုပ်ပို့ သည်။ ရွှေကျောင်းဆရာတော် ပျံလွန်သောအခါ ဦးအလီ ကမကထ လုပ်ပြီး လောင်တိုက်နှင့် ပြသာဒ် တို့ ကို ဆောက်လုပ်လှူဒါန်းသည်။ ဘုန်းကြီးပျံ ပွဲ တွင် ဇာတ်ပွဲ ၇ ရက် ခံပေးသည်။ဤတွင် မွတ်ဆလင် ဘာသာဝင်တို့ က ဦးအလီအား ဝိုင်းဝန်းကဲ့ရဲ့ ကာ ဝိုင်းပယ်လိုက်ကြလေတော့သည်။ဦးအလီက တရားရုံးအနီးတွင် ကိုယ်ပိုင်သစ်သားဗလီ ဆောက်ကာ မှန်မှန်တက်သည်။

    ဦးအလီ သည် အသက် ၇၀ အရွယ် 1907 တွင် ကွယ်လွန်ခဲ့လေသည်။

    (ဆရာအံ့ကျော်၏ မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)

  • ငတ်မွတ်ခေါင်းပါး အရှေ.အာဖရိကနိုင်ငံသားများ ရဲ. အသက်ရှင်သန်ရေး ဝိုင်းဝန်းကူညီပေးကြပါစို့။

    Help Save Lives in Drought-Stricken East Africa

    မိုးခေါင်ရေရှားဖြစ်နေသောနေရာများ

    မိုးခေါင်ရေရှားမှုကြောင့် အာဖရိက က လူ ၁၀ သန်းလောက်က အသက်ရှင်ရေးအတွက် အရေးပေါ် အစားအစာတွေ လိုအပ်နေကြပါတယ်၊ ဒီထဲကမှ မွတ်စလင်မ်လူဦးရေ ၉၉.၉ % ရှိသော ဆိုမာလီနိုင်ငံရဲ.အခြေအနေကတော့ ဆိုးဝါးလှပါတယ်။

    အစွန်းရောက်ခေါင်းဆောင်တွေကြောင့် တိကျတဲ့ အစိုးရရယ်လို့ မရှိခဲ့တဲ့နိုင်ငံ၊ ဆင်းရဲမွဲတေမှုနဲ့ ဆက်နွယ်နေတဲ့ (အချို.သောသူများရဲ.) လုယက်တိုက်ခိုက်မှုတွေကြောင့် ဆိုမာလီဓါးပြရယ်လို့ ကမ္ဘာ့အလယ်မှာ နာမည်ကြီးသူတွေ ပြည်တွင်းစစ်ကြောင့် ဖြူကာပြာကာ မွဲပြာကျရတဲ့ကြားထဲ မိုးခေါင်ရေရှားက ထပ်ဆောင်းပြန်တယ်။ သနားစရာ ပြည်သူတွေ ဒုက္ခကို ခါးစီးခံနေကြရရှာတယ်။

    နေ့တဓူဝ ဆိုမာလီကနေပြီး ကင်ညာကယ်ဆယ်ရေးစခန်း ဒါဒဘ် (Dadaab) ကို လူတွေ ထောင်ချီပြီး တဖွဲဖွဲရောက်နေကြတယ်။ စခန်းမှာ လူ ၄ သိန်းလောက်ရှိနေပြီ။ အပြင်မှာလည်း ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေက စာရင်းပေးဖို့စောင့်နေကြတယ်။

    သူတို့တွေက ပိုင်ဆိုင်သမျှ နောက်မှာ ထားခဲ့ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လုံခြုံရေးစခန်းကို ရောက်လာနိုင်ကြတယ်။ အရမ်းအားနည်းလို့၊ အရမ်းချို.တဲ့လို့ ဒီခရီးကို မလာနိုင်ကြရှာသူတွေ ဒုနဲ့ဒေးပါ။ လမ်းခရီးမှာ အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားကြသူတွေလည်း တစ်ပုံကြီး။ ဒီကြားထဲ လုယက်ခံရတဲ့လူတွေကလည်း ရှိသေးတယ်။ ကယ်ဆယ်ရေးစခန်းရောက်လာသူတွေကို အဆိုးထဲက အကောင်းလို့တောင် ပြောရမလို ဖြစ်နေပြီ။

    ကယ်ဆယ်ရေးစခန်းမှာ စားစရာ ရဖို့ တန်းစီစောင့်နေကြသူတွေ


    အစာရေစာပြတ်လပ်နေတဲ့ သူတို့တွေကိုကြည့်ပါ။


    သေကြေနေတဲ့ တိရစ္ဆာန်တွေ။


    တောလမ်းခရီးကို ဒီလို ဖြတ်ခဲ့ကြရရှာတယ်။

    ဆိုမာလီရဲ. ကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်လေးတွေ

    ၁။ ကလေး ၆ ယောက်ရဲ. မိခင်

    ရက် ၃၀ ကြာ ခရီးသွားခဲ့ပြီးပါပြီ၊ ဆိုမာလီကနေ အနီးဆုံး ကင်ညာ ကို ရောက်ဖို့ မိုင် ၅၀ သာ အကွာ နေရာ… သမီးလေးက အာဟာရ ပြတ်ပြီး အရမ်းနေမကောင်းဖြစ်နေပြီး ဒီခရီးရှေ.မဆက်နိုင်တော့ဘူး။ ကျန်တဲ့ ကလေးတွေရဲ. အသက်ရှင်သန်ရေးအတွက် ရင်နင့်ကြေကွဲစွာနဲ့ သမီးငယ်ကို လမ်းဘေးမှာ သေရဖို.ထားခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ. သောက

    သူမ …စကားလဲ မပြောနိုင်၊ သူမရဲ. နာမည်ကိုတောင် ပြောပြဖို့ သတိမရနိုင်ရှာတော့ပါဘူး။

    ၂။ စာမီမာရဲ. ဇာတ်လမ်း

    ကလေး ခုနှစ်ယောက်နဲ့ ဒါဒဘ် (Dadaab) ကိုရောက်ဖို့ ၃၅ ရက်ကြာခရီးသွားခဲ့ကြတယ်။ အခု သူမမှာ ရေကျောက်တွေ ပေါက်၊ နေထိုင်မကောင်းနဲ့ ဆရာဝန်နဲ့တွေ့ဖို့ စောင့်နေတယ်။ သူမရဲ. ဆန်အိတ်လဲ ပြောင်တလင်းခါနေပြီ။ အနားက လူတွေဆီက တောင်းရဦးမယ်လို့ ပြောနေလေရဲ.။

    ၃။ မုခ်တာနဲ့ ဇနီး

    ကလေး ၆ ယောက်နဲ့ သူတို့မိသားစု ရက် ၃၀ ကြာ ခြေကျင်ခရီးလျှောက်ပြီး ဒါဒဘ် (Dadaab) ကို ရောက်လာကြတယ်။ တွေ့ကရာ အနီးအနားက ပစ္စည်းတွေ၊ အဝတ်စုတ်လေးတွေနဲ့ တဲလေးထိုးပြီး နေကြတယ်။ ကံကောင်းတဲ့ မိသားစုတချို.ထဲမှာ သူတို့လဲပါတယ်။ မိသားစုထဲက တစ်ယောက်မှ လမ်းခရီးမှာ သေမသွားကြလို့လေ။

    ၄။ ကလေး ၃ ယောက် ဆုံးရှုံးခဲ့ရတဲ့မိခင်

    သူမနဲ့ကလေးတွေ ကယ်ဆယ်ရေးစခန်းရောက်ဖို့ ၃၅ ရက်ကြာ လျှောက်ခဲ့ရတယ်။ “လမ်းမှာ တစ်ယောက်ပြီး တစ်ယောက် သူတို့ ဆုံးသွားကြတယ်၊ သူတို့ကို ဆုံးရှုံးခဲ့ရပြီ၊ ကျွန်မဟာ အရူးမတစ်ယောက်လို ဖြစ်နေခဲ့ပါပြီ”

    ။ အဖွားအို ဟဘီဘား

    ”ကျွန်မတို့ဟာ အစားအစာလာပေးသူတွေရဲ. အကူအညီ မျှော်နေရတာပါ။ အလ်ရှဘတ် (သူမတို့ဒေသရဲ. အစွန်းရောက်ခေါင်းဆောင်)က ကူညီသူတွေကို မောင်းထုတ်ပစ်တယ်လေ။ ကျွန်မတို့မှာ စားစရာကမရှိ၊ ရွေးစရာလမ်းမရှိတော့ ဒီကို ထွက်ပြေးခဲ့ရတာပါ။

    သူမ အသက် ၇၆ နှစ်၊ အစာရေစာငတ်ပြတ်နေတဲ့ မြေးလေး နှစ်ယောက်နဲ့အတူ တောလမ်းခရီးကို ၃ ရက်ကြာဖြတ်ပြီးမှ ဒီကို ရောက်ခဲ့တာ။

    တခြား သန်းနဲ့ချီနေတဲ့ သူတွေရဲ. ခံစားချက်တွေ ကတော့ မရေးနိုင်လောက်အောင် များစွာရှိနေမှာပါ။

    သူတို့ စကားတွေ ကိုလည်း နားထောင်ကြည့်ပါ

    (၁)၊ ”ဒီကိုရောက်လာသူတွေရဲ. အခြေအနေတွေက အရမ်းဆိုးဝါးနေပါတယ်၊ အပတ်ပေါင်းများစွာ အိပ်ရေးပျက်ခဲ့ပြီး၊ ပင်ပန်းလွန်းတဲ့ ခရီးကြမ်းနှင်ခဲ့ကြရတာပါ”

    [Andrew Wander, Save the children]

    (၂)၊ “အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အမြဲရင်ဆိုင်နေရတဲ့ကြားထဲကမှ မိုးခေါင်ရေရှားက ထပ်ပေါင်းလိုက်တော့ ဒီတိုင်းပြည်ဟာ ကမ္ဘာ့ရဲ. ကြေကွဲဖွယ်ရာ အကောင်းဆုံးဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရပါပြီ”

    [Fleming, UNHCR]

    (၃)၊ “အဆင်းရဲတကာရဲ. အဆင်းရဲဆုံး၊ အဆိုးဝါးတကာရဲ. အဆိုးဝါးဆုံး ရင်ဆိုင်နေကြရတယ်၊ သေနှုံးကလဲ အရေးပေါ်အခြေအနေကို ကျော်ဖြတ်ပြီး အရေးပေါ်အခြေအနေ ၃ ဆထိ ရောက်နေပါပြီ၊ ကလေး ၅၀ %ဟာ အစာရေစာငတ်မွတ်နေကြပါပြီ၊ ဆိုမာလီဟာ ကမ္ဘာ့အဆိုးဝါးဆုံး ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပါ၊ ဒီမှာ ဖြစ်ပျက်နေတာတွေကို ဘာနဲ့မှ နှိုင်းယှဉ်မပြနိုင်တော့ပါဘူး”

    [Guterres, tour of the region]

    (၄)၊ ”ကျွန်တော်တို့ အာဟာရ အရမ်းချို.တဲ့နေတဲ့ကလေးတွေကို ကုသပေးနိုင်လိုက်နိုင်ရင်တောင် အစားအစာ မလုံလောက်၊ ဝမ်းလျှောပြီးသူတို့ ပြန်ရောက်လာကြပြန်ပါတယ်”

    [Jerame Souquet, head of Doctors without border]

    (၅)၊ ”လူ ၁၀ သန်းလောက်မှာ ၆ သန်းလောက်ပဲ ကျွန်တော်တို့ အစားအစာ ကူညီပေးနိုင်ပါတယ်၊ ကျန်တဲ့ ၄၀% လောက်အတွက် အရေးပေါ် လိုအပ်နေပါတယ်”

    [World Food Progarm]

    (၆) ”သူတို့ရဲ. နိုင်ငံရေးအုပ်ချုပ်ရေး မည်သို့ပင်ရှိစေ အခက်အခဲဒုက္ခရောက်သေကြေ အစာငတ်မွတ်နေသူများမှာ အပြစ်ကင်းတဲ့ ဆိုမာလီပြည်သူတွေပဲဖြစ်တယ်၊ ဒါကြောင့် လူသားချင်းစာနာမှုရှု.တောင့်ကနေပြီး အားလုံးက ကူညီပေးသင့်ပါတယ်။

    [Dr. Mahathir Mohamad-Malaysia Ex-PM]

    စားဝတ်နေရေးဆိုတာ လူသားတွေရဲ. အခြေခံအကျဆုံး လူ့အခွင့်အရေးပါ။ အစားအသောက်၊ ရေ၊ လေ ဆိုတာ မရှိရင် လူတွေ အသက်မရှင်နိုင်ပါဘူး။ ကမ္ဘာလောကကြီးက လူသားတိုင်းဟာ ဒီအခြေခံ လူ့အခွင့်အရေးတွေကို ရပိုင်သင့်ပါတယ်။

    ကျမ်းတော်မြတ်ကုရ်အာန်မှာ ဒီလိုညွှန်းဆိုထားပါတယ်။

    အကြင်သူတော်စင်များသည် (ကုရ်အာန် ကျမ်းလာ) အကွယ်၌တည်ရှိသောအရာများကို အမှန်ဖြစ်သည်ရှိသည်ဟု (ခိုင်ခံ့မြဲမြံသောသဒ္ဓါတရားဖြင့်) ယုံကြည် ကြသည်။(စည်းကမ်းသေ၀ပ်စွာ) ဆွလာတ် ၀တ်ပြုကြသည်။

    ကျမ်းတော်မြတ်ကုရ်အာန်မှာ ဒီလိုညွှန်းဆိုထားပါတယ်။

    အကြင်သူတော်စင်များသည် (ကုရ်အာန် ကျမ်းလာ) အကွယ်၌တည်ရှိသောအရာများကို အမှန်ဖြစ်သည်ရှိသည်ဟု (ခိုင်ခံ့မြဲမြံသောသဒ္ဓါတရားဖြင့်) ယုံကြည် ကြသည်။(စည်းကမ်းသေ၀ပ်စွာ) ဆွလာတ် ၀တ်ပြုကြသည်။ ထို့ပြင်ထိုသူတို့အား ငါအရှင်ပေးသနားေ တ်ာမူထားသော ဥစ္စာပစ္စည်းများမှ ထိုသူတို့သည် (တရားတော်နှင့်အညီ)လှူဒါန်းကြသည်။

    (mmsy-mm-quran-translation: 2:3)

    အကြင်သူတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၏ ဆွလာသ်ဝတ်ပြုမှု ဆောက်တည်၏ သို့ရာတွင် သတ္တဝါများအား မကူညီ၊ မယိုင်းပင်း၊ မပေးမလှူ မကျွေးမွေးပါလျင် ထိုသူသည် မွတ်စလင်မ် အစစ်အမှန် ဖြစ်နိုင်မဟုတ်ပေ၊ ကျမ်းမြတ်ကုရ်အာန်၏ မြောက်များစွာသော ပါဒတော်များတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။

    အမေရိကန်ဒေါ်လာ ပြား ၅၀ (မလေးငွေ ၁ ရင်းဂစ်ခွဲ၊ မြန်မာငွေ ၃၇၅ ကျပ်လောက်) နဲ့ စာလောင်မွတ်သိပ်နေတဲ့ ကလေးတစ်ယောက်နဲ့ ကလေးမိခင်ကို အသက်ဆက်ရေးကျွေးမွေးနိုင်မယ်။

    သူတို့ကို ကူညီကြပါ။ သူတို့အသက်တွေကို ကယ်ဆယ်ကြပါ။

    ဘယ်လောက်ပဲ ဖြစ်ဖြစ် တတ်နိုင်သလောက်လေးပေါ့။

    ဒီအစီအစဉ်လေးကို လက်တွေ.အထမြောက်သွားစေချင်တဲ့အတွက် ကျွန်မတို့ကစတင်ပြီး ထည့်ဝင်သွားမှာပါ။

    အမ်အမ်အတ်စ်ဝိုင် မောင်နှမများလည်း ကိုယ်တိုင်သော်လည်းကောင်း၊ လက်လှမ်းမီရာ နီးစပ်သူများထံမှ ကောက်ခံ၍လည်းကောင်း တက်နိုင်သမျှလေး အတူပူးပေါင်းပါဝင်ကြပါလို့ အလ္လာဟ်အရှင်မြတ်၏ နှစ်မြို.မှုကို အကြောင်းခံကာ နှိုးဆော်လိုက်ပါတယ်။

    ရဟီမာ-mmsy

    ခေတ္တမလေးရှား

    References:

    http://abcnews.go.com/International/somalia-drought-largest-humanit…

    http://www.bbc.co.uk/news/world-africa-14064276

    https://www.wfp.org/donate/hornofafrica

  • အိန္ဒိယ၏ နိုက်တင်ဂေးလ် ကဗျာဆရာမကြီး Sarojini Naidu၏ စိတ်နှလုံးကို ခိုက်စေသော ဒီမိုကရေစီ

    အိန္ဒိယ၏ နိုက်တင်ဂေးလ် ကဗျာဆရာမကြီး Sarojini Naidu၏ စိတ်နှလုံးကို ခိုက်စေသော ဒီမိုကရေစီ

    “ ဒီမိုကရေစီကို ပထမဦးဆုံးသွန်သင် ကျင့်သုံးပြတဲ့ ဘာသာတရားပါပဲ။ ဗလီဝတ်ကျောင်းတော် ဝတ်ပြုနှိုးဆော်စင်မြင့်ထက်ဆီကနေ နှိုးဆော်သံပြုလိုက်တာနဲ့ ဝတ်ပြုသူတွေအားလုံး ဗလီဝတ်ကျောင်းတော်မှာ အတူတကွ စုရုံးတော့တာပါပဲ။ *ဘုရင်(တိုင်းပြည်အုပ်ချုပ်သူလူတန်းစား)နဲ့ လယ်သမား ဘေးချင်းယှဉ်လျက် တတန်းတည်း ဒူးထောက်ကာ အလ္လာဟ်အရှင်မြတ်(သစ္စာဓမ္မတည်းဂုဏ်တော် ထွန်းတော်မူသော ပရမတ် ဘုရားရှင်)သည်သာလျှင် ကြီးကျယ်မြင့်မြတ်ပါ၏ ဟူသော ကြွေးကျော်သံက အစ္စလာမ့် ဒီမိုကရေစီစနစ် သင်ကြားမှုကို တစ်နေ့လျှင် ငါးကြိမ် ကွက်ကွက်ကွင်းကွင်းကို ထင်ရှားပေါ်လွင်စေပါတယ်။ လူသားတစ်ဦးဟာ မိမိရဲ့ ညီနောင်ပါလားဆိုတဲ့သင်ကြားမှုနဲ့ အစ္စလာမ့်ရဲ့ အကြွင်းမဲ့ ညီညွတ်စည်းလုံးမှုဟာ ကျွန်မရဲ့ နှလုံးသားကို ထပ်ခါ ထပ်ခါ သဘောခိုက်စေပါတယ်။ ”

    အိန္ဒိယ၏ နိုက်တင်ဂေးလ်ဟု တင်စားခြင်းခံရသော ဟိန္ဒူကဗျာဆရာမကြီး THE LATE SAROJINI NAIDU

    ဆရာမကြီး လွတ်လပ်ရေးကြိုးပမ်းစဉ်က

    SAROJINI NAIDU သည် အိန္ဒိယနိုင်ငံလွတ်လပ်ရေး လှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အိန္ဒိယအမျိုးသားကွန်ဂရက်၏ ပထမဆုံး အမျိုးသမီး ဥက္ကဌဖြစ်ကာ Uttar Pradesh ပြည်နယ်၏ ပထမဆုံး အမျိုးသမီး Governor လည်းဖြစ်သည်။

    ကိုး- စာမျက်နှာ ၁၃ The Muslim at Prayer by Shaykh Ahmed Deedat

    မှတ်ချက်။ ။ *ကဗျာဆရာမကြီး၏ မူရင်းမှတ်ချက်အတိုင်း ဘုရင်ဟု ဖော်ပြထားသော်လည်း အစ္စလာမ့်တရားစစ် သွန်သင်ချက်တွင် သက်ဦးဆံပိုင်နှင့် သားအစဉ်အဆက် ဘုရင်စနစ် လုံးဝမရှိဘဲ ပြည်သူတို့၏ ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်သော နိုင်ငံတော်၏ လခစား ခလီဖာသမ္မတစနစ်သာ ရှိသဖြင့် ဘေးမှ ကွင်းဖြင့် တိုင်းပြည်အုပ်ချုပ်သူ လူတန်းစားဟု ရှင်းပြထားခြင်း ဖြစ်ပါသည်။

    Ref: peaceforthewholeuniverse

  • ကျားဘညိမ်း၏ ဟာသများ

    ကျွန်တော် ကျားဘညိမ်း ဆိုတဲ့ နာမည်နဲ့ စတင် ရင်းနှီးတာ ၁၉၆၀ ခုနှစ်ဝန်းကျင် လူပျိုပေါက် အရွယ်မှာပါ။ ကျားဘညိမ်းက လက်ဝှေ့ ထိုးသတ်ရာမှာ ဘယ်လိုတော်တာ၊ အရှောင်အတိမ်းမှာလည်း သိပ်လှတာ၊ သူလက်ဝှေ့ထိုးဖို့ စင်ပေါ်တက်လာတဲ့ အခါ ကျားခေါင်းပုံ ပါတဲ့ ၀တ်ရုံကြီး ခြုံတက်လာတာ၊ မြန်မာနိုင်ငံရဲ့ အတော်ဆုံး လက်ဝှေ့သမား စသဖြင့် ကျွန်တော်တို့ လူငယ် အချင်းချင်း အားပါးတရ ပြောဆိုလေ့ ရှိကြတယ်။ ခုလို ပြောဆိုနေကြ ပေမယ့် ကျွန်တော်တို့တစ်တွေ တစ်ယောက်မှ ကျားဘညိမ်း လက်ဝှေ့ထိုးသတ်တာ မမြင်ဖူးကြပါ။ ဒါပေမယ့် ကျားဘညိမ်းရဲ့ ဂုဏ်သတင်းဟာ မြန်မာနိုင်ငံ အ၀န်း ထင်ရှားကျော်ကြား လွန်းလှလို့ ကျွန်တော်တို့လို လူငယ်တွေ ကြားမှာ ရေပန်းစားပြီး စံပြပုံရိပ် ဖြစ်နေတာပါ။

    ဒီရှေ့ပိုင်းမှာတော့ ၁၉၅၁ ခုနှစ်မှာ ကျားဘညိမ်းဟာ ဖလိုင်းဝိတ်တန်း၊ ဘင်တန် ၀ိတ်တန်းနဲ့ ဖယ်သာ ၀ိတ်တန်းတွေမှာ ချန်ပီယံဘွဲ့ ရယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကောင်းဆုံး လက်ဝှေ့သမား အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ ပါတယ်။ ၁၉၅၂ ခုနှစ် ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ အိုလံပစ် ပွဲတော်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ယူလောက်စရာ လက်ဝှေ့ကျော်လည်း ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ လက်ဝှေ့ ထိုးသတ်ခြင်းမှ အနားယူပြီး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှာ လက်ဝှေ့နည်း စနစ်မှူး၊ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူးစတဲ့ တာဝန်တွေကို ၈.၇.၁၉၇၉ နေ့ ကွယ်လွန်ချိန် အထိ ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

    ဆရာကျားဘညိမ်းက လက်ဝှေ့ထိုးတဲ့ အပြင် စာလည်း ရေးပါတယ်။ ဆရာ ကျားဘညိမ်း ရေးတဲ့ လုံးချင်းစာအုပ် တစ်အုပ် ဖတ်ဖူးတယ်။ နှင်းဦး၊ ချစ်ညိုတို့နဲ့ ခေတ်ပြိုင်ပေါ့။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ မဂ္ဂဇင်းတွေနဲ့၊ နောက်ပိုင်း တံခွန်သတင်း ဂျာနယ်ထဲမှာလည်း ဆောင်းပါးတွေ ရေးခဲ့တယ်။ ဆရာကျားဘညိမ်းဟာ အားကစား နယ်ကော၊ စာပေနယ်မှာပါ လူချစ်လူခင် အတော်များတဲ့ သူပါ။

    ၁၉၇၁ ခုနှစ် ကျွန်တော် ဆရာ စိန်ခင်မောင်ရီရဲ့ ဖြူနီညိုပြာ မဂ္ဂဇင်းမှာ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ၀င်လုပ်နေချိန်မှာ ဆရာ ကျားဘညိမ်းကို စတင်တွေ့ဖူးပါတယ်။ ဆရာ ကျားဘညိမ်းက ရုံးဆင်းချိန် ညနေ လေးနာရီ နောက်ပိုင်းဆို ရေကျော် ၄၇ လမ်း ချင်းတွင်း ပုံနှိပ်တိုက်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ ဖြူနီညိုပြာ မဂ္ဂဇင်းဆီကို ရောက်ရောက် လာတတ်တယ်။ ဆရာ စိန်ခင်မောင်ရီ၊ ဆရာဦးကိုကိုလေးတို့နဲ့ တစ်အောင့်တစ်နား စကားပြောပြီးမှ ပြန်သွားတတ်တယ်။

    ဖြူနီညိုပြာမှာ ဆရာ စိန်ခင်မောင် ရီက အယ်ဒီတာချုပ်၊ ဦးကိုကိုလေးက တာဝန်ခံ အယ်ဒီတာ အဖြစ် တာဝန်ယူကြတယ်။ ဦးကိုကိုလေးဟာ န၀ဒေး မဂ္ဂဇင်း မှာ ဆရာတက္ကသိုလ် နန္ဒမိတ်တို့နဲ့ အတူ လုပ်ခဲ့ပြီး၊ မောင်ဌေးကြွယ်၊ ထွန်းသစ် နာမည်တွေနဲ့ စာရေးသားသူ ဖြစ်တယ်။ ရဲကြေးမုံ၊ မှုခင်း မဂ္ဂဇင်းတွေကနေ ဖြူနီညိုပြာမှာ လုပ်နေရင်း၊ ပရုဖတ်၊ စာ ဖောင်ဖွဲ့၊ ကာလာဖောင်ဖွဲ့၊ ဖောင်ကိုင်၊ ဒမ်ဘီချ၊ ဆလစ်ထိုးစတဲ့ မဂ္ဂဇင်း အယ်ဒီတာ တစ်ယောက် တတ်အပ်တဲ့ စာနယ် ဇင်းပညာတွေ ကျွန်တော့်ကို သင်ပေး ခဲ့တဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

    တစ်နေ့ညနေ ဖြူနီညိုပြာကို ဆရာ ကျားဘညိမ်း ရောက်လာခိုက် ဦးကိုကို လေးက “မောင်ငွေကြည် ကိုဘညိမ်းက မင်းကို အကူအညီ တစ်ခုတောင်း ချင်လို့”ဆိုပြီး ဒီဇိုင်းတစ်ခု ဆွဲပေးဖို့ အပ်တယ်။ မှတ်မှတ်ရရ အလေးမအဖွဲ့ တံဆိပ်တုံး ဒီဇိုင်းပါ။ အဲဒီ အချိန်က ခုလို ကွန်ပျူတာ မပေါ်သေးတော့ တံဆိပ် အ၀ိုင်းထဲမှာ စာလုံးတွေ ကွန်ပါနဲ့ လှည့်ပြီး ဆွဲရတယ်။ အတော် လက်ဝင်တယ်။ ဒီဇိုင်းပြီးတော့ ဆရာညိမ်းက ကျွန်တော့်ကို ဒီဇိုင်းခ သုံးဆယ်ကျပ် ပေးပါတယ်။ (အဲဒီ အချိန်တုန်းက အဖုံး ၁၅၀ ကျပ်၊ ၀တ္ထု သရုပ်ဖော် ၆၀ ကျပ်၊ ခေါင်းစီးဒီဇိုင်း ၃၀ ကျပ်နှုန်း ရှိတယ်) နောက်တစ်ပတ် အကြာမှာ ကျွမ်းဘားအသင်းအမှတ် တံဆိပ် လိုဂိုပုံ အပ်ပြန်ပါတယ်။ ဒါလည်း ၃၀ ကျပ် ထပ်ပေးပါတယ်။ ကျွန်တော့် အဖို့တော့ ကျွန်တော် လေးစားချစ်ခင်တဲ့ လက်ဝှေ့ကျော် စာရေးဆရာကြီးနဲ့ ခုလို သိကျွမ်း ရင်းနှီးခွင့်ရတာ အမှတ်တရပါ။

    ကျွန်တော်က တိုက်ပေါင်းစုံမှာ ကာတွန်း ဆွဲနေတာမို့ အဲဒီလို နေရာတွေမှာ ဆရာ ကျားဘညိမ်းနဲ့ မကြာခဏ ဆုံတယ်။ တစ်နေ့ မြ၀တီတိုက်မှာ ပန်းချီ ကာတွန်း ဦးစိန်နဲ့ဆုံတော့ “ကိုဘညိမ်း (ကျားဘညိမ်း) နေရာကို လူသစ် တစ်ယောက် ခန့်ထားလိုက်တယ်တဲ့။ ရာထူးက လက်ဝှေ့ နည်းစနစ်မှူးပေမယ့် အဲဒီလူက လက်ဝှေ့ မထိုးတတ်ဘူးတဲ့” လို့ ပြောပါတယ်။ ကြားရသူ အပေါင်းက ဒါမျိုးလည်း ရှိသကိုးလို့ ရေရွတ်မိကြတယ်။

    နောက်လထုတ် မဂ္ဂဇင်းထဲမှာ ဦးစိန်ရဲ့ ကာတွန်း တစ်ပုံပါလာပါတယ်။ လူနှစ်ယောက် လက်ဝှေ့ ထိုးကြရာမှာ တစ်ယောက်က ကင်းမြီးကောက်ထောင် ထားပြီး ခြေထောက်နှစ်ချောင်းမှာ လက်ဝှေ့အိတ် စွပ်ထားကာ၊ ကျုပ်က လက်နဲ့ မထိုးတတ်တော့ ခြေနဲ့ ထိုးမယ်လို့ ပြောနေတဲ့ပုံပါ။ ဒါဟာ ဆရာကျားဘညိမ်း ရဲ့အဖြစ်ကို အခြေပြု ပေါ်ထွက်လာတဲ့ ကာတွန်းဖြစ်ပါတယ်။

    ဆရာ ကျားဘညိမ်းနဲ့ ဆုံပါများတော့ သူ့ရဲ့ထူးခြားချက် တစ်ခုကို သတိ ထားမိလာတယ်။ အဲဒါကတော့ ဆရာ ကျားဘညိမ်းဟာ စကားဝိုင်းတွေကို ကောင်းကောင်းထိန်းထားနိုင်ပြီး သူပါတဲ့ စကားဝိုင်းဟာ ပွဲစည်တယ် ဆိုတာပါပဲ။ ဘာကြောင့်ထိန်းထားနိုင်လဲ၊ ပွဲစည်လဲလို့ ဆန်းစစ်ကြည့်တော့ စကား ၀ိုင်းတွေမှာ ဟာသတွေ ပြောတတ်လွန်း လို့ပါ။ ပြုံးပြုံးရွှင်ရွှင် မျက်နှာထား ရှိပေမယ့် လူပုံက ရိုးရိုးအေးအေးကြီးမို့ ဆရာ ကျားဘညိမ်းဆီက ဒီလိုဟာသတွေ ကြားရလိမ့်မယ်လို့ မထင်မှတ်စရာပါ။

    ဆရာ ကျားဘညိမ်းဟာ မြန်မာ့ လက်ဝှေ့ကျော် ဘ၀နဲ့ နိုင်ငံတကာကို အတော်များများ ရောက်ဖူးပါတယ်။သူ့ရဲ့ (အိန္ဒိယ၊ မြန်မာ)ချစ်ကြည်ရေး ခရီးစဉ်နဲ့ ပတ်သက်တဲ့ ဟာသ တစ်ခုကို သတင်း ဂျာနယ်တိုက်မှာ ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့ မြန်မာလက်ဝှေ့ အဖွဲ့နဲ့ အိန္ဒိယ လက်ဝှေ့အဖွဲ့ ချစ်ကြည်ရေး လက်ဝှေ့ ယှဉ်ပြိုင်ကြတာ နိုင်သူနိုင်၊ ရှုံးသူရှုံးပေါ့။ ပွဲအစီအစဉ်တွေပြီးလို့ ဈေးထွက်ဝယ်တဲ့ အချိန်က ခဏပဲရတယ်။ အိမ်ပြန် အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်ဖို့ ကိုယ်ပါတဲ့ ငွေနဲ့ချိန်ရတယ်။ တစ်နေရာရောက်တော့ ဖော့ဦးထုပ်တွေ ရောင်းတဲ့ ဆိုင်တွေ့တယ်။

    “အတော်ပဲ ဖော့ဦးထုပ်က တို့ဆီမှာလည်း ဆောင်းကြတယ်ဆိုပြီး ဈေး မေးကြည့်တယ်။ ဈေးသင့်တာနဲ့ ဦးထုပ် အလုံးနှစ်ဆယ် ၀ယ်လိုက်တယ်။ မွန်ဘိုင်းလိုမြို့တစ်မြို့က ထုတ်တဲ့ ဖော့ ဦးထုပ်တွေ။ ရန်ကုန်ပြန်ရောက်တဲ့ အခါ မိတ်ဆွေတွေကို ဖော့ဦးထုပ်တွေ အမှတ်တရပေးလိုက်တယ်။
    “အဲဒီမှာ တစ်ယောက်က ကိုဘညိမ်းရယ် ဒီဦးထုပ်တွေ ဟိုက ၀ယ်လာတာမှ ဟုတ်ရဲ့လား၊ ဒီရောက်မှ ၀ယ်ပေးတာ မဟုတ်လားလို့ ပြောတယ်။ တကယ် ဟိုက ၀ယ်လာတာပါလို့ ပြောတော့ ကိုယ့်လူ ရွှီးမနေနဲ့။ ဟောဒီ ဦးထုပ်က စာဟာ သက်သေပဲလို့ ပြောပြောဆိုဆို ဦးထုပ်ကို ပြတယ်။

    “ဦးထုပ်ကို အသေအချာ ကြည့်လိုက်တော့ မွန်ဘိုင်းလို အိန္ဒိယမြို့တစ်မြို့က လုပ်တယ် ထင်ထားခဲ့တာ၊ စာတန်း ထိုးထားတာက မိတ်အင် မုံရွာတဲ့ဗျား။ သေရော”

    ဆရာ ကျားဘညိမ်းဟာ လက်ဝှေ့ ထိုးသတ်ရာမှာ ကျားတစ်ကောင်လို ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း၊ ရွှေကျား လက်ဝှေ့ကလပ် ထောင်ပြီး လူငယ် လက်ဝှေ့သမားတွေ မွေးဖွားပေးခြင်း အပြင်၊ အင်္ဂလိပ် ၁၂ ကောင်ကျားထိုး ရာမှာလည်း ကျွမ်းကျင်ခြင်းတွေကြောင့် ကျားဘညိမ်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒီဟာသက ကျားထိုးခြင်းနဲ့ ပတ်သက်တဲ့ ဟာသပါ။

    “တစ်နေ့တော့ ပဲခူးက လူတွေနဲ့ ကျားထိုးဖို့ ချိန်းထားလို့ ဆိုင်ကယ်စီး ပြီးထွက်ခဲ့တယ်။ ကျုပ်ဆိုင်ကယ်က ဟာလေဒီဗက်ဆင် ဆိုင်ကယ်ကြီး၊ စိတ်တိုင်းကျ ရွေးဝယ်ထားတာ၊ အင်ဂျင်မာတယ်၊ အရမ်းမြန်တယ်။ မြန်သမှ ၃ နာရီလောက်ခရီးကို ၁ နာရီခွဲလောက်နဲ့ ရောက်တယ်”

    စကားခဏရပ်ပြီး ဆရာကျား ဘညိမ်းက ပြုံးတုံးတုံးလုပ်နေပါတယ်။ ပြီးမှ စကားဆက်တယ်။ “ဒီလိုနဲ့ ပဲခူး ရောက်ရော။ ပဲခူးက ကျားချန်ပီယံတွေ ကျွန်တော်နဲ့ လက်ရည်စမ်းတယ်။ တစ်ယောက်ပြီး တစ်ယောက် နောက်ကောက်ကျ ကုန်တယ်။ ပွဲစဉ်တွေများတော့ ညနေ ၅ နာရီမှ ပြီးတယ်။ နေကလည်း ၀င်တော့မှာမို့ အိမ်အတွက် ခေါက်ဆွဲထုပ် ၀ယ်ပြီး ဆိုင်ကယ်ကို တရကြမ်းမောင်း ပြန်ခဲ့တယ်။ ဘယ်နှ မိုင်နှုန်းနဲ့ မောင်းခဲ့လဲတောင် မသိဘူး။ အိမ်လည်း ရောက်ရော ခေါက်ဆွဲထုပ်ကို မိန်းမ လက်ထဲပေးလိုက်တယ်။ ခေါက် ဆွဲထုပ်က ပူနွေးနေတုန်းပဲ”

    စကားဝိုင်းက လူတွေအဖို့ မိုင် ငါး ဆယ်လောက်ဝေးတဲ့ ခရီးကိုပြန်ရောက်တဲ့ အထိ ခေါက်ဆွဲထုပ်က ပူနွေးနေအောင် သူ့ဆိုင်ကယ် ဘယ်လောက်တောင် မြန်လဲလို့ စဉ်းစားစရာဖြစ်ကုန် ပါတယ်။ ပြီးတော့
    “ဒါတော့ လွန်ပြီဗျာ၊ ခင်ဗျားဆိုင်ကယ် ဘယ်လောက်မြန်မြန် မိုင်ငါးဆယ် ခရီးကို လေထုထဲဖြတ်မောင်းလာရ တာ၊ ခေါက်ဆွဲထုပ် အေးသွားမှာ သေချာတယ်။ ပူစရာ အကြောင်းမရှိဘူး”

    ဒီအခါ ဆရာကျားဘညိမ်း ပြောလိုက်တာက “ပူပါတယ်ဗျ၊ ပူဆို ကျုပ် က ခေါက်ဆွဲထုပ်ကို ဆိုင်ကယ်အိပ်ဇော ပိုက်မှာ ချည်ပြီး မောင်းလာတာဗျ”တဲ့။ အားလုံးဝေါခနဲ ပွဲကျ သွားကြပါတယ်။
    ဒါတွေကတော့ ကျွန်တော် မှတ်မိ သမျှ ဆရာကျားဘညိမ်း ဟာသတွေပါ။ ဆရာက လူချစ်လူခင် များပြီး၊ စကားဝိုင်းတွေလည်း အများကြီး ပြောခဲ့ တာမို့ ကျားဘညိမ်းရဲ့ဟာသတွေ အများကြီး ရှိနေဦးမှာပါပဲ ခင်ဗျား။
    ဆရာကျားဘညိမ်းသို့ အမှတ်တရ

    ရွှေအမြုတေ ကနေကူးပါသည်။