News @ M-Media
Category: ကမ္ဘာကျော် မွတ်စလင်များ
ကမ္ဘာတွင်ကျော်ကြားခဲ့သော မွတ်စလင်မ် သိပ္ပံ၊ ၀ိဇ္ဖာ ပညာရှင်ကြီးများ၊နိုဘယ်ဆုရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ၊ အနုပညာရှင်များ
  • ကမ္ဘာ့ပထမဆုံးလေယာဉ်မှူး အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်
    ကမ္ဘာ့ပထမဆုံးလေယာဉ်မှူး အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်
    ဧပြီ ၁၆ ၊ ၂၀၁၅
    M-Media
    photo_42_big
    သွားလာလမ်းလျှောက်တတ်တဲ့ လူသားမှန်သမျှ ပျံသန်းမှုကို အိပ်မက်မက်ဖူးကြပါတယ်။
    ပျံသန်းနိုင်ဖို့ကြိုးစားခဲ့ကြသူများရဲ့ ဒဏ္ဍာရီတွေ၊ ဇာတ်လမ်းလေးတွေ ရာဇ၀င်ထဲမှာ အပြည့်ပါ။ သူရိယနေမင်းနဲ့အနီးဆုံးရောက်အောင် ပျံသန်းရင်း ဖယောင်းတောင်ပံတွေ အရည်ပျော်ပြီး ပင်လယ်ထဲ ထိုးချနစ်မြုပ်ခဲ့တဲ့ Icarus အကြောင်းကတော့ အကျော်ကြားဆုံးပါပဲ။ လေပေါ်ပျံဝဲနိုင်တဲ့အရာ စွန်/လေတံခွန်ကို ဘီစီ ၅ ရာစုနှစ်ဝန်းကျင်မှာ ပထမဦးဆုံးအောင်မြင်စွာ ပြုနိုင်ခဲ့တာ ကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ သို့ပေမယ့် လူလိုက်ပါစီးနင်းနိုင်တဲ့ ပျံသန်းမှုကို ပထမဆုံးအောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့တာက အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ် အမည်ရှိ မွတ်စ်လင်မ်တစ်ဦးဖြစ်ပါတယ်။ အေဒီ ၈၇၅ ခုနှစ် စပိန်နိုင်ငံ၊ ကော်ဒိုဗာမြို့မှာ ဖြစ်ပါတယ်။
    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ကို Izn-Rand Onda Al-Andalus ယခု Ronda Spain မှာ မွေးဖွားခဲ့ပြီး၊ မွတ်စ်လင်မ်ကမ္ဘာက အဓိက ပညာစင်တာတစ်ခုဖြစ်တဲ့ ကော်ဒိုဗာမှာ နေထိုင်ခဲ့တယ်။ သူဟာ တီထွင်သူ၊ အင်ဂျင်နီယာ၊ လေယာဉ်မှူး၊ ရူပဗေဒပညာရှင်၊ အရဗီစာဆို၊ အန်ဒလူစီယာဂီတပညာရှင် ဆိုတဲ့ စွယ်စုံရပညာရှင်တစ်ဦးပါ။
    e75b343c9fb7f746848c921865611379
    အိဗ်နု ဖိရ်နာ့စ်အပေါ် လွှမ်းမိုးခဲ့သူဟာ အေဒီ ၈၅၂ ခုနှစ်က အာမီးန် ဖိရ်မာန်း အမည်ရှိသူ ဖြစ်တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒီလူဟာ စွန့်စားခန်းပြုလုပ်ချက်များနဲ့ ရပ်တည်နေထိုင်သူ ဖြစ်တယ်။ သူက သိပ္ပံပညာရှင် မဟုတ်ပေမဲ့ သူ့ဝန်းကျင်က သဘာဝတွေကို စူးစမ်းလေ့လာသူနေသူတစ်ဦး ဖြစ်တယ်။ ပျံသန်းမှုနည်းပညာအခြေခံသဘောကိုမူတည်လို့ သစ်ထည်ကိုင်းတပ် ပိုးစ၀တ်စုံကြီးတစ်ခုကို တည်ဆောက်တယ်။ အာမီးန် ဖိရ်မန်းဟာ အဲ့ဒါကို သယ်ဆောင်ဆင်ယင်လို့ ကော်ဒိုဗာဂျာမေ့ဗလီကြီးရဲ့ ၀တ်ပြုဖိတ်ခေါ်မျှော်စင်ထိပ်ပေါ်တက်ပြီး ခုန်ချလိုက်ပါတယ်။ ပျံသန်းမှု မဖြစ်ခဲ့ပါဘူး။ အရှိန်အဟုန်နဲ့ ရုပ်ပျက်ဆင်းပျက် ကျသွားပါတယ်။ သို့သော်လည်း ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ပုံကြမ်းယာဉ်လေးက ဆင်းသက်မှုကို နှေးကွေးသွားစေခဲ့တဲ့အတွက် တဟုန်ထိုးအရှိန်ပြည့် မပြုတ်ကျတာကြောင့် မြေပြင်ကိုရောက်တဲ့အခါ သေလုမျောပါးဒဏ်ရာရာတာတို့၊ သေဆုံးတာတို့ မဖြစ်ခဲ့ပါဘူး။ မဆိုစလောက်မျှသာ ထိခိုက်သွားခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ပထမဆုံး လေထီးခုန်ခြင်းလို့ ပြောမယ်ဆိုရင်ပြောလို့ရပါလိမ့်မယ်။
    အိဗ်နုဖိရ်နာ့စ်က စောင့်ကြည့်နေတဲ့ပရိသတ်အကြား ရှိနေခဲ့တယ်။ အဲ့ဒီရလဒ်တွေကို အလွန် နှစ်ထောင်းအားရသွားခဲ့တယ်။ အဲ့ဒီကြိုးပမ်းချက်က သိပ္ပံနည်းမကျလှတဲ့ ပုံကြမ်းသဘောသာ ဖြစ်သော်လည်း ဆင့်ပွားလေ့လာတိုးချဲ့လိုတဲ့ “ပိုး” သူ့ဆီမှာ ကပ်သွားပါတော့တယ်။
    1EKSa
    အာမီးန်ဖိရ်မန်းအလွန် နောက်ထပ် ၂၃ နှစ်အကြာ ၈၇၅ ခုနှစ်မှာ အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ အိဗ်နု ဖိရ်နာ့စ်ဟာ သူ့ရဲ့ပျံသန်းယာဉ်ကို တည်ဆောက်ခဲ့ပါတယ်။ အခြားသောလေ့လာမှုတွေထဲ နှစ်ပေါင်းများစွာမြှုပ်နှံခဲ့ရတာဖြစ်ပါတယ်။ ပိုးသားသက်သက် တောင်ပံတစ်စုံနဲ့အတူ သစ်သားသုံး တည်ဆောက်ခဲ့တယ်။ တကယ့်တောင်ပံခတ်နေတဲ့အတိုင်း သူ ပျံသန်းနိုင်ခဲ့ပါတယ်။ အလ် အရုစ် ဆိုတဲ့ တောင်ကမ်းပါးယံထိပ်ကနေ ခုန်ချလိုက်တယ်။ အချိန်အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ပျံဝဲနိုင်ခဲ့ပါတယ်။ အဲ့ဒီပျံသန်းမှု ၁၀ မိနစ်လောက် ကြာမြင့်တယ်လို့ မျက်မြင်သက်သေများက ဆိုခဲ့ကြပါတယ်။
    အဆုံးသတ်ဆင်းသက်တဲ့အခါမှာ သူ့ဒီဇိုင်းမှာ ပြဿနာတစ်ခုရှိနေကြောင်း သိရှိသွားခဲ့တယ်။ ကိရိယာများကို လေ့လာဆင်ယင်ခြင်းမှာ အစွမ်းကုန်စူးစိုက်အားထုတ်ခဲ့ပေမယ့် ဆင်းသက်မှုနည်းစနစ်ကို လျစ်လျူရှုခဲ့မိတာပါ။ ပြန်လည်ဆင်းသက်ချိန်မှာကျတော့ လျင်မြန်နှုန်းကို မထိန်းနိုင်တော့ဘဲ အရှိန်ပြင်းပြင်းနဲ့ မြေပြင်ကိုဆောင့်မိလို့ အကြီးအကျယ်ဒဏ်ရာရသွားခဲ့ပါတယ်။
    ဒီဖြစ်စဉ်ရဲ့နောက် အိဗ်နု ဖိရ်နာ့စ်ဟာ နောက်ထပ် ၁၂ နှစ် နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးနှစ်များမှာ သူ့အမှားပေါ်သင်ခန်းစာယူပြီး ဆင်းသက်မှုနှေးကွေးအောင်မထည့်နုင်ခဲ့တဲ့ ယာဉ်ပုံစံရဲ့အဖြေကို ရရှိသွားပါတယ်။ ငှက်များဟာ သူတို့ရဲ့ တောင်ပံနဲ့အမြီးကို အချိုးတကျဟန်ချက်ညီညီအသုံးပြုပြီး အရှိန်ကိုလျှော့ချတယ်၊ မြေပြင်နဲ့မထိမီ ဆင်းသက်နေရာအတွက် ပြင်ဆင်ထားတတ်တယ်။ ဒီအပေါ်မှာ မိမိရဲ့ယာဉ်ပုံစံထဲ အမြီး မတပ်မိကြောင်း အီဗ်နု ဖိရ်နာ့စ် နားလည်သွားခဲ့တယ်။
    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ဟာ သူ့ဘ၀မှာ နောက်ထပ်တစ်ကြိမ် ပျံသန်းဖို့ မကြိုးစားခဲ့ပါဘူး။ သူလွန်ပြီး ရာစုနှစ်များစွာကြာတဲ့နောက် သက္ကရာဇ် ၁၆၃၀-၁၆၃၂ ခုနှစ်လောက်မှာ အော်တိုမန်တူရကီလူမျိုး အဟ်မဒ် စလဘီ Ahmed Celebi က Bosporus ဖြတ်ပျံဖို့ ကြိုးပမ်းချက်တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ၁၇၈၃ ခုနှစ်၊ ပဲရစ်မှာ မောင့်ဂိုလ်ဖီယာညီနောင်က လေပူဖြည့်ပူဖောင်းနဲ့ လူလိုက်ပါပျံသန်းတယ်။ ၁၈၅၃ ခုနှစ်ရောက်တဲ့အခါမှာတော့ ပထမဆုံးလူစီးပျံသန်းယာဉ်ကို လေကြောင်းပျံသန်းမှုနည်းပညာပေါ်အခြေခံပြီး တည်ဆောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်က ယော့ခ်ရှိုင်းယားမြို့ထဲ လှည့်ပတ်ပျံသန်းပြခဲ့ပါတယ်။ ဒါက ၈၇၅ ခုနှစ် အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ရဲ့ ချဉ်းကပ်ကြိုးပမ်းမှုရဲ့နောက် နှစ်ပေါင်း ၁၀၀၀ နီးပါးကြာမှ ပေါ်ထွက်လာခဲ့တာပါ။
    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ဟာ လူစီးပျံသန်းယာဉ်ကြိုးစားမှုအတွက် ကျော်ကြားလှပါတယ်။ ဒါပေမယ့် သူ့ကို ကျော်စောစေတဲ့ အခြားသော လုပ်ဆောင်ချက်များလည်း ရှိပါသေးတယ်။ သူဟာ လည်ပတ်နေတဲ့ဂြိုလ်တာရာတွေကိုကြည့်ရှုလေ့လာဖို့ စက်ကိရိယာတပ် အာကာသမျှော်စင် တည်ဆောက်ခဲ့သူ နက္ခတ္တဗေဒ(အာကာသလေ့လာရေး)ပညာရှင်လည်းဖြစ်ပါတယ်။ ပြီးတော့ စက်မှုဆိုင်ရာကိရိယာ၊ အချိန်(နာရီ)တိုင်းထွာရေးကိရိယာများစွာကိုလည်း လေ့လာခဲ့တယ်။ သူဟာ ပုံဆောင်ခဲ၊ စိန်ဖြူ၊ သဲများအကြောင်းကို စိတ်ဝင်စားရာက သဲကိုအရည်ဖျော်ပြီး ဖန်သားအဖြစ် အသွင်ပြောင်းတီထွင်နိုင်ခဲ့ပါတယ်။ အန်ဒလူစီယာ ရေသောက်ဖန်ခွက်များဟာ သူ့တီထွင်မှုရဲ့အကျိုးဆက်ပါ။ အဲ့ဒီအပြင် မှန်ဘီလူး၊ မှန်ဘီလူးချဲ့အား၊ ဖန်/မှန်ကထွက်လာတဲ့ အရာမှန်သမျှကိုလည်း သုတေသနပြုစမ်းသပ်ခဲ့ပါသေးတယ်။
    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ရဲ့ စွမ်းဆောင်ချက်များကို အသိအမှတ်ပြုတဲ့အနေနဲ့ နက္ခတ်တာရာ အာကာသသိပ္ပံအသင်း(IAU/WGPSN)က လပတ်လမ်းတစ်ခုကို ၁၉၇၆ ခုနှစ်မှာ အိဗ်နုဖိရ်နာ့စ် လို့ ဂုဏ်ပြုကင်ပွန်းတပ်ခဲ့ကြပါတယ်။
    xxxxxxxxxxxxx
    Ref : Forgotten Islamic History
    ပြန်ဆိုသူ – မင်းထွဋ်ခေါင်
  • စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ (သို့) သင်းကွဲ မွတ်စလင်တွေကို စုစည်းပေးခဲ့သူ
    စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ (သို့) သင်းကွဲ မွတ်စလင်တွေကို စုစည်းပေးခဲ့သူ
    ဧပြီ ၈ ၊ ၂၀၁၅
    M-Media
    ကိုလေး ရှာဖွေတင်ဆက်သည်။
    Statue_of_Saladin_Damascus
    ၁၂ ရာစုဟာ မွတ်စလင်သမိုင်းမှာ အခက်ခဲဆုံးနဲ့ ပရမ်းပတာအဖြစ်ဆုံး ကာလတွေထဲက တစ်ခုဖြစ်ပါတယ်။ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ၊ ပြည်တွင်းပဋိပက္ခတွေကြောင့် မွတ်စလင်အွမ္မသ်အတွင်း စည်းလုံးညီညွတ်မှုဟာလည်း ပျက်သုဉ်းနေခဲ့ပါတယ်။ အရှေ့ပိုင်း အစ္စလာမ်ကမ္ဘာမှာဆိုရင် တစ်ချိန်က ခန့်ညားထည်ဝါခဲ့တဲ့ အဘ္ဘာစစ်ခလီဖာအုပ်ချုပ်ရေးစနစ်နဲ့ ဆဲလ်ဂျုက်မင်းဆက်တိုရဲ့ နိုင်ငံရေးသြဇာအရှိန်အ၀ါဟာလည်း ကျဆင်းနေပြီး နာမည်သာ ကျန်ပါတော့တယ်။ နောက်ပြီး တစ်ခေတ်တစ်ခါက အာဏာစက်ပြင်းခဲ့တဲ့ အီဂျစ်က ဖာသွီမိုက် ဘုရင့်နိုင်ငံတော်ကလည်း အလားတူအခြေအနေမျိုးပါပဲ။ အစ္စလာမ့်လခြမ်းအင်ပါယာ (အရှေ့အလယ်ပိုင်းဒေသ) နယ်မြေတွေကတော့ ပဒေသရာဇ်နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အပိုင်းအပိုင်းဖြစ်နေပြီး ဒီနိုင်ငံငယ်လေးတွေက ခေါင်းဆောင်တွေဟာလည်း သူတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ သြဇာကြီးမားလိုမှုအတွက် မကြာခဏ တိုက်ခိုက်နေကြပါတယ်။
    ခရူးဆိတ်ဒါတွေရဲ့ ခြိမ်းခြောက်မှု
    ————————————-
    ပိုပြီး ဆိုးရွားသွားစေတာက အရှေ့တိုင်း အစ္စလာမ်ကမ္ဘာကို လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ ဥရောပကနေ စစ်ချီလာတဲ့ “ခရူဆိတ်ဒါ” အမည်ရ သြဇာကြီးမားတဲ့ တိုင်းတစ်ပါးရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ ဘာမှပြင်ဆင်ထားခြင်းမရှိတဲ့ မွတ်စလင်တွေဟာ ခရူးဆိတ်စစ်သည်တွေရဲ့ အငိုက်ဖမ်းမှုကို ခံလိုက်ရပြီး မြေထဲပင်လယ် ကမ်းရိုးတမ်းတစ်လျှောက် မွတ်စလင်ပိုင် နယ်မြေတစ်ကျောကိုလည်း ပေးအပ်လိုက်ရပါတယ်။ အဲဒီလိုသိမ်းပိုက်ပြီး နောက်ပိုင်းမှာတော့ ခရူဆိတ်ဒါတွေဟာ သူတို့ရဲ့ အကြီးဆုံးဆုလာဘ်အဖြစ် အစ္စလာမ်ရဲ့ တတိယမြောက် အမြင့်မြတ်ဆုံးမြို့တော် အလ်-ကွဒ်စ်(ဂျေရုစလင်) ကို သိမ်းပိုက်ဖို့ ချီတက်လာကြပါတော့တယ်။ တကယ်တော့ ခရူဆိတ်ဒါတွေရဲ့ စုပေါင်းအင်အားနဲ့ တိုက်ရည်ခိုက်ရည်တွေကို ပြန်လည်တုံ့ပြန်ဖို့ ပဒေသရာဇ် နိုင်ငံငယ်လေးများက မွတ်စလင်ခေါင်းဆောင်တွေဟာ အဖြေရှာမတွေခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ သူတို့ဟာ ချေမှုန်းခြင်းခံခဲ့ရပြီး ဂျေရုစလင်ဟာလည်း ခရူးဆိတ်စစ်သည်တွေရဲ့ လက်ထဲကို ကျရောက် သွားခဲ့ပြန်ပါတယ်။ ဂျေရုစလင်မြို့သားတွေ ကတော့ ခရူဆိတ်ဒါတွေရဲ့လက်အောက်မှာ အစုလိုက်အပြုံလိုက် မရှုမလှ အသက်ပျောက်ခဲ့ရပါတယ်။ ခရူဆိတ်ဒါတွေရဲ့ ကျူးကျော်မှု၊ နှိပ်ကွပ်မှုကို မျှော်လင့်ချက်မဲ့စွာ  မွတ်စလင်တွေ ခံစားနေရတဲ့ အဲဒီလိုအချိန်မျိုးမှာ ချွတ်ခြုံကျနေတဲ့ မွတ်စလင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေကို ပြန်လည်အဖတ်ဆည်ရေးအတွက် စုလ်သွာန် ဆွလာဟုဒ္ဒီးန် အိုင်ယူဘီ ဆိုတဲ့ သမိုင်းတွင်မယ့် ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာပါတော့တယ်။
    ငယ်စဉ်ဘဝ
    ————
    အနောက်နိုင်ငံများက ဆာလာဒင် လို့သိကြတဲ့ “ဆွလာဟုဒ္ဒီးန် ယူစွပ်ဖ် အစ်ဗနိ အိုင်ယူးဘ်” ကို ခရစ်သက္ကရာဇ် ၁၁၃၇ ခုနှစ်၊ ယခုခေတ် အီရတ်နိုင်ငံ တစ်ကရစ်မြို့မှာ ကာဒ့်နွယ်ဖွားတွေထဲမှ မွေးဖွားခဲ့ပါတယ်။  အိုင်ယူဘီမိသားစုရဲ့ မူလဘူတဟာ ဗဟိုအာရှနိုင်ငံ အာမေးနီးယားက ဖြစ်ပါတယ်။ လက်ရှိ အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ တူရကီနယ်မြေဒေသတွေမှာ အခြေချနေထိုင်လာပြီးတဲ့နောက်ပိုင်း အိုင်ယူဘ်မိသားစုဝင်များဟာ ဒေသတွင်းမှာ ထင်ရှားလာကြပါတယ်။ ဆွလာဟုဒ္ဒီးန်ရဲ့ ဖခင်နဲ့ ဦးလေးတို့ ၂ ဦးစလုံးဟာ စူလ်သွာန် အီမုဒ္ဒီးန် ဇန်ဂီရဲ့ နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှာ အောင်မြင်တဲ့အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဆွလာဟုဒ္ဒီးန် မွေးဖွားတဲ့နှစ်မှာ ဖခင်ဖြစ်သူ နဂ်ျမုဒ္ဒီးန် အိုင်ယူးဘ်ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ ဟီလီယိုပိုလစ်မြို့ (နောက်ပိုင်းတွင် `ဘာ အာလာဘက်´ဟု အမည်ပြောင်းခဲ့ပြီး ယခုလက်ဘနွန်ပိုင်နက်အတွင်း တည်ရှိသည်) ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဆွလာဟုဒ္ဒီးန် ဟာ လူငယ်ဘ၀ နှစ်တော်တော်များများကို အဲဒီမြို့မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဆူဖီဇင်(အစ္စလာမ့် ၀ိပဿနာ)ကို သင်ယူလေ့လာသူတစ်ဦး ဖြစ်တာကြောင့် နာမ်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုရှိကြသော သူ့ရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေအတွက် ဆူဖီဝါဒကျင့်ကြံရာ နေရာတစ်ခု (ဇာဝိယဟ်)ကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းနှစ်တွေမှာ ဆွလာဟုဒ္ဒီးန် ဟာ ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူတတ်မြောက်ခဲ့ပြီး အစ္စလာမ့်သိပ္ပံဆိုင်ရာကိုလည်း စေ့စေ့ငှငှ လေ့ကျင့်သင်ကြားခွင့် ရခဲ့ပါတယ်။ အဲဒီလိုပဲ အရဘီ၊ သဒ္ဒါ၊ စာပေနဲ့ ကဗျာလင်္ကာသီကုံးခြင်းအတတ်ကိုလည်း တတ်မြောက်ခဲ့ပါတယ်။
    စုလ်သွာန် အီမုဒ္ဒီးန် ထီးနန်းစိုးစံနေချိန် အိုင်ယူးဘ်ရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကြောင့် စုလ်သွာန်ကြီးရဲ့ ချီးမြှင့်မြှောက်စားမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် စုလ်သွာန်ကြီး ရုတ်တရတ် နတ်ရွာစံပြီးတဲ့နောက်မှာတော့ အိုင်ယူးဘ်တို့ မိသားစုဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာဒုက္ခတွေကို ခါးစည်းခံခဲ့ရတာဟာ – ညီဖြစ်သူ အစဒုဒ္ဒီးန် ရှရ်ခူးဟ် (ထိုစဉ်က ဇင်ဂစ်ထီးနန်းကို ဆက်ခံခဲ့သူ အီမုဒ္ဒီးန်ရဲ့သား နူရုဒ္ဒီးန် မဟ်မူးဒ်၏ လက်အောက်တွင် အမှုထမ်းနေသူ) က ဇင်ဂစ်မင်းဆက် စိုးစံသူအသစ်လက်အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခံရချိန်အထိပါပဲ။ အမှုထမ်းဖို့ အိုင်ယူးဘ်ရဲ့ သဘောတူညီမှုက နူရုဒ္ဒီးန်ရဲ့ သြဇာလွှမ်းမိုးမှုကို ခိုင်မာတောင့်တင်းစေခဲ့ပြီး အပြန်အလှန်အားဖြင့် နူရုဒ္ဒီးန်ကလည်း နဂ်ျမုဒ္ဒီးန် အိုင်ယူးဘ်ကို သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆုလာဘ်အဖြစ် ဒမတ်စကတ်မြို့ အုပ်ချုပ်ရေးမှူးရာထူးကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်က ဆွလာဟုဒ္ဒီးန် ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု (၁၁၅၄ မှ ၁၁၆၄ ခုနှစ် အထိ)ကို ဖခင်ဖြစ်သူ တာဝန်ထမ်းဆောင်ရာ ဒမတ်စကတ်မှာ ကုန်ဆုံးခဲ့ရပါတယ်။
    အုပ်ချုပ်ရေးမှူးရဲ့ သားတစ်ယောက်ဖြစ်တာကြောင့် ဆွလာဟုဒ္ဒီးန်ကို လူတိုင်းက အထင်ကြီးလေးစားမှု အပြည့်အ၀ ရှိပါတယ်။ ဒမတ်စကတ်မှာနေထိုင်တဲ့ကာလအတွင်း ဘုရင် နူရုဒ္ဒီးန်ရဲ့ ဘာသာတရားကိုင်းရှိုင်းမှု၊ စံထားလောက်တဲ့ အပြုအမူ၊ အမူအကျင့်တွေကြောင့် ဆွလာဟုဒ္ဒီးန် ဟာ ဘုရင်ကြီးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ လူတွေရဲ့ အထင်ကြီးလေးစားမှုက အဲဒီဆက်ဆံရေးနဲ့လည်း သက်ဆိုင်နေပါတယ်။
    အစ္စလာမ့်သွန်သင်မှုများနဲ့ လက်တွေ့ကျင့်ကြံမှုအပေါ် နူရုဒ္ဒီးန်ရဲ့ မတွန့်မဆုတ် ယုံကြည်လိုက်နာမှုတွေကို လေးစားအားကျတာကြောင့် ဆွလာဟုဒ္ဒီးန် ဟာလည်း သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အစ္စလာမ့်အဆုံးအမတွေနဲ့ ကိုက်ညီအောင် ထုဆစ်ပုံဖော်ခဲ့ပါတော့တယ်။ တကယ်တော့ အစ္စလာမ့်စည်းမျဉ်းစည်းကမ်းတွေကို အလေးထားလိုက်နာမှု၊ သူ့ရဲ့စေ့စပ်သေချာတဲ့ အလေ့အကျင့်၊ အံ့မခန်းအရည်သွေးတွေနဲ့ ပေါင်းစပ်လိုက်ရာက နောက်ပိုင်းမှာ အရှေ့တိုင်းရော အနောက်တိုင်းကပါ ချီးကျူးထောပနာပြုခြင်းခံရသူဘ၀ကို ရရှိခဲ့ပါတယ်။ သူ့ကို ဝေဖန်ကြသူတွေတောင်မှ သူရဲ့သူမတူတဲ့ ကြင်နာမှု၊ သဘောထားကြီးမှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ပတ်သက်ပြီး လေးစားအားကျခဲ့ရပါတယ်။
    ဆွလာဟုဒ္ဒီးန် ဟာ ထည်ဝါခမ်းနားမှုကို မကြိုက်နှစ်သက်ဘဲ  နေ့စဉ်ဝတ်ပြုမှုနဲ့ အခြားသော အိဗာဒဟ် (သာသနာ့ကောင်းမှုဆောက်တည်ခြင်း)တွေ ပြုလုပ်ရင်းနဲ့သာ သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးစေခဲ့ပါတယ်။ စုလ်သွာန် နူရုဒ္ဒီးန်လိုပဲ ဆွလာဟုဒ္ဒီးန်ဟာ စည်းစိမ်ယစ်မူးခြင်းတွေ၊ အပျော်အပါးတွေကို ကျောခိုင်းထားပြီး ရိုးရိုးကျင့်၊ မြင်မြင့်ကြံတဲ့ သာမန်ဘ၀တစ်ခုကိုသာ တည်ဆောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်အထိ ဆွလာဟုဒ္ဒီးန်ဟာ လာလတ္တံ့သော ကြီးမြတ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက္ခဏာမျိုး ပြသခြင်းမရှိခဲ့ဘဲ သာမန်လူကဲ့သို့ ရှင်သန်ရပ်တည်ခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ဟာ သူ့ရဲ့ ကလေးဘ၀နဲ့လူလတ်ပိုင်းဘ၀ အစောပိုင်းကာလတွေမှာ ထူးခြားချက်မရှိတဲ့၊ လုံးဝငြိမ်းချမ်းတဲ့ ဘ၀မျိုးမှာ ရှင်သန်လာရတာကြောင့် အသက်အရွယ်ရင့်ကျက်တဲ့အချိန်ကိုလည်း အေးအေးလူလူဖြတ်သန်းဖို့ သူက မျှော်လင်ခဲ့ပါတယ်။ ဒါပေမယ့် မှောင်အတိဖုံးပြီး အန္တရာယ်များလှတဲ့ ကမ္ဘာ့နိုင်ငံရေးလောကထဲ သူ့အဖို့ ခြေစုံပစ်ဝင်ရောက်ရမယ့်အရေးကို ရုတ်တရက် တွေ့လိုက်ရပါတော့တယ်။
    စင်တော်က ကောက်ပြီ
    ————————-
    ကျန်းမာရေး ချူချာလာတဲ့ ဘုရင်ကြီး နူရုဒ္ဒီးန်ဟာ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲခဲ့တယ်။ အဲဒီအချိန်မှာပဲ အဖျက်အမှောင့်တွေလုပ်နေတဲ့ အီဂျစ် ဖာသွိမိုက်ဘုရင့်နိုင်ငံကို စစ်ရေးအရ အရေးယူနိုင်အောင် အခွင့်ပေးဖို့ ဘုရင်ကြီးနူရုဒ္ဒီးန်ကို သူ့စစ်တပ်ရဲ့စစ်ဦးစီးချုပ် ဆွလာဟုဒ္ဒီးန်ရဲ့ဦးလေးဖြစ်သူ ရှရ်ခူးဟ် က ချဉ်းကပ်တောင်းဆိုလာပါတယ်။ အဲဒီအခါမှာ ဘုရင်ကြီးဟာ အနည်းငယ်တွေဝေခဲ့ပေမယ့် အဲ့ဒီအရေးမှာဦးဆောင်ဖို့ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကို ခွင့်ပြုခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ရှရ်ခူးဟ်ရဲ့ တပ်တွေက ရန်သူတွေကို ပရိယာယ်ကောင်းကောင်းနဲ့ အနိုင်ယူခဲ့ပြီး ဖာသွိမိုက်တို့ရဲ့ အီဂျစ်ကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အီဂျစ်ကို သိမ်းပိုက်ပြီး တိုင်းပြည်ကို မစုစည်းနိုင်ခင် ၁၁၆၀ ခုနှစ်မှာ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကွယ်လွန်ခဲ့ပါတယ်။
    ဆွလာဟုဒ္ဒီးန်ဟာ စစ်ပွဲမှာ စိတ်လိုလက်ရလိုက်ပါခြင်းမဟုတ်ပေမယ့် တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ ဦးလေးဖြစ်သူက အဓိက ဆုံးဖြတ်ချက်တွေချမှတ်ဖို့ သူ့ကိုအခွင့်ပေးတဲ့အခါမှာတော့ ပီတိဖြစ်ခဲ့ပါတယ်။ ဦးလေးဖြစ်သူကွယ်လွန်တဲ့အခါ  ဒီအရေးကိစ္စတွေကို ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းဖို့ကလွဲလို့ သူ့မှာ ရွေးစရာမရှိတော့ပါဘူး။ ဒီလိုတာဝန်ယူဆောင်ရွက်ရင်းနဲ့ပဲ ဆွလာဟုဒ္ဒီးန်ဟာ သမိုင်းမှတ်တမ်းမှာ ထူးခြားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။ စစ်ဦးစီးချုပ် ရှရ်ခူးဟ် ကွယ်လွန်ပြီး ၃ ရက်မြောက်တဲ့နေမှာပဲ ဖာသွိမိုက်ခလီဖဟ် အလ် အဇစ်က ဦးလေးဖြစ်သူရဲ့နေရာကို ဆက်ခံဖို့ ဆွလာဟုဒ္ဒီးန်ကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွလာဟုဒ္ဒီးန်ကို အလ်-မာလစ်က် အန်-အန်ဆွာရ် ဆိုတဲ့ဘွဲ့ကို အပ်နှင်းပေးခဲ့ပြီး အီဂျစ်ထီးနန်းကို စိုးစံစေခဲ့ပါတယ်။
    အဲဒီအချိန်မှာ ဆွလာဟုဒ္ဒီးန်ဟာ အသက် ၃၀ မျှသာရှိသေးပြီး အီဂျစ်မှာ အာဏာရလိုက်ခြင်းက သူ့ကို ပိုပြီးအားဖြည့်လိုက်သလိုဖြစ်တာမို့ ဆုံးဖြတ်ချက်ခိုင်မာတဲ့၊ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးရာ စီမံခန့်ခွဲသူတစ်ဦး ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမယ့် ဆွလာဟုဒ္ဒီးန်ဟာ သူ့ရဲ့ သာမန်ဘ၀ ပုံစံအတိုင်းသာ ဆက်လက်ရှင်သန်နေထိုင်ပြီး အထက်တန်းလွှာဘ၀ရဲ့ အပျော်အပါးတွေကို ရှောင်ဖယ်လို့ သာ နေခဲ့ပါတယ်။ ခေတ်ပြိုင်တွေရဲ့အဆိုအရ ဆွလာဟုဒ္ဒီးန်ရဲ့ ကိုယ်ပိုင်ဘ၀ဟာ အရင်လို သာမန်ပုံစံအတိုင်းရှိခဲ့ပြီး၊ အချိန်ကြာကြာ ၀တ်ပြုမှုနဲ့ တရားဘာဝနာစီးဖြန်းမှုတွေကိုလည်း မပြတ်တမ်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး ဥာဏ်အမျှော်အမြင်ကြီးမားတဲ့ ဆွလာဟုဒ္ဒီးန်ဟာ အစ္စလာမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မွတ်စလင်ကမ္ဘာကို စုစည်းနိုင်ဖို့ မနားမနေ ကြိုးစားခဲ့ပါတယ်။ အဲဒီကြိုးစားမှုကပဲ ခရူဆိတ်ဒါတွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ မြင့်မြတ်တဲ့ ဂျေရူစလင်မြို့ လွတ်မြောက်စေရေး ရည်ရွယ်ချက်နဲ့အတူ သြဇာကြီးမားတဲ့ အရှေ့တိုင်း အစ္စလာမ်အင်ပါယာကို ထူထောင်နိုင်စေခဲ့ပါတယ်။
    “မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အီဂျစ်ပြည်ကြီးကို ကျွန်တော့်ဆီ ချီးမြှင့်လိုက်တဲ့ အခါ ပါလက်စတိုင်းက ကျွန်တော့်ရဲ့အုပ်ချုပ်မှုအောက် ရောက်လာလိ့မ်မယ်ဆိုတာ သေချာသိခဲ့ပါတယ်´ လို့ ဆွလာဟုဒ္ဒီးန်က နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။
    မင်းကောင်းကျင့်ဝတ်နဲ့အညီ
    —————————–
    ဂျေရုစလင်ကို ခရူဆိတ်ဒါတွေရဲ့ လက်အောက်နေ လွတ်မြောက်ရေး စီစဉ်မှုတွေနဲ့ ဆွလာဟုဒ္ဒီးန်က အလုပ်ရှုပ်နေချိန်မှာ အခြားမွတ်စလင်ဘုရင်တွေကတော့ သူတို့ရဲ့ တစ်ကိုယ်ရည်အာဏာအတွက်၊ ပစ္စည်းဥစ္စာအတွက် အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ လောကလက်ဆောင်ဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်လို ပုဂ္ဂိုလ်မျိုးဟာ အမြဲတစေ ထွက်ပေါ်မလာတတ်ပါဘူး။ လူ့သမိုင်းရဲ့ အရေးပါတဲ့အချိန်မှသာ ပေါ်ပေါက်လာပြီး သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ထင်သာမြင်သာအားအင်ရဲ့ သွင်ပြင်လက္ခဏာတွေက ကမ္ဘာ့သမိုင်းရဲ့လားရာကို ဦးတည်ပြောင်းလဲသွားစေလေ့ရှိပါတယ်။
    အီဂျစ်နိုင်ငံရဲ့ အုပ်ချုပ်သူဖြစ်ပြီးတဲ့နောက် ခရူဆိတ်ဒါတွေကို ဂျေရုစလင်ကနေ နှင်ထုတ်ပြီး အစ္စလာမ့်ဂုဏ်သိက္ခာကို ပြန်လည် ရယူဖို့ဆိုတာဟာ ဆွလာဟုဒ္ဒီးန်ရဲ့  အဓိက နိုင်ငံရေး ရည်ရွယ်ချက် ဖြစ်လာခဲ့ပါတယ်။ မျှော်လင့် မထားကြတဲ့ ခရူဆိတ်ဒါအတွေအပေါ် သူရဲ့အောင်ပွဲက အစ္စလာမ်ကို ရပ်တည်ကာကွယ်ပေးသူပုဂ္ဂိုလ်တစ်ယောက်အဖြစ် သူ့ဂုဏ်သိက္ခာကို ခိုင်မြဲစေခဲ့သလို သူဟာ ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ အအောင်မြင်ဆုံး သူရဲကောင်းဘုရင်များအကြား အပါအ၀င် ဖြစ်လာခဲ့ပါတော့တယ်။
    အလ်-မာလစ်က် အန်-အန်ဆွာရ် ဘွဲ့အမည်ရ ဆွလာဟုဒ္ဒီးန်ဟာ အီဂျစ်က အာဏာအမြင့်ဆုံး ရာထူးအလွှာများ အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ပါတယ်။ သူ့အစိုးရရဲ့ ပြည်သူ့ရေးရာနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ဆောက်ပုံတွေကို ပြန်လည်ဖွဲ့စည်းမွမ်းမံခဲ့ပြီး၊ အုပ်ချုပ်ရေးပိုင်းခြစားသူတွေ၊ လျှို့ဝှက်ကြံစည်နေသူတွေ၊ သစ္စာဖောက်မယ့်သူတွေ အားလုံးကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ပြီးတဲ့အခါ သန့်ရှင်းရိုးသားပြီး ဖြောင့်မတ်သူတွေနဲ့ အစားထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆွလာဟုဒ္ဒီးန်ဟာ ဒမတ်စကတ်မှာရှိနေတဲ့ ဖခင် အိုင်ယူးဘ်ကို အီဂျစ်နဲ့ လာရောက်ပေါင်းစည်းဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်။ ဒါ့ကြောင့် အိုင်ယူးဘ်ဟာ အရင်းအချာမဟုတ်တဲ့ သားချင်းတွေ၊ အသိအကျွမ်းတွေ အပါအ၀င် မိသားစုအားလုံးနဲ့အတူ အီဂျစ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။
    နီးစပ်တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပထမဆုံးအကြိမ် ၀ိုင်းဝန်းလိုက်တဲ့ ဆွလာဟုဒ္ဒီးန်ဟာ နောက်ဆုံးမှာတော့ အီဂျစ်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ အုပ်ချုပ်သူ ဖြစ်လာပါတော့တယ်။ အီဂျစ်က သူရဲ့သြဇာအာဏာ ခိုင်မာတောင့်တင်းမှုဟာ ပြောစရာမလိုတော့ဘဲ အကျင့်စာရိတ္တပျက်ပြားနေတဲ့ ဖာသွိမိုက်မင်းဆက်ကို ဖျက်သိမ်းခြင်းအပါအ၀င် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ (နောက်ဆုံးဘုရင် အလ်-အဇစ် ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ဖာသွိမိုက်မင်းဆက် ပျက်သုဉ်းသွားပါတယ်) ပြီးတော့ ဆွလာဟုဒ္ဒီးန်ဟာ ဖာသွိမိုက်မင်းဆက်တွေ သိမ်းပိုက်ထားတဲ့ ဓနဥစ္စာပိုင်ဆိုင်မှုအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုခဲ့ပါတယ်။
    ဒါ့အပြင် သူ့ရဲ့ ကြွယ်ဝမှုကို သုံးပုံပုံခဲ့ပြီး ဘဂ္ဂဒတ်က အဘ္ဘာစစ် ခလီဖာနဲ့ ဒမတ်စကတ်က ဘုရင် နူရုဒ္ဒီးန်ကို တစ်ပုံစီပေးပို့ခဲ့တယ်။ ကျန်တဲ့တစ်ပုံကိုတော့ အီဂျစ်ပြည်သူတွေရဲ့ လူမှုဖူလုံရေးအတွက် ပြည်သူ့ဘဏ္ဍာတိုက်ထဲ ထားရှိခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ဟာ သူနဲ့ သူ့မိသားစုတွေခံစားဖို့အတွက် မည်သည့်စည်းစိမ်ဥစ္စာကိုမျှ လက်မခံခဲ့ပါဘူး။ သူ့ရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုတွေကြောင့် မကြာခင်မှာပဲ ပြည်သူတွေရဲ့မေတ္တာကို ရရှိခဲ့ပါတယ်။ ခြိုးခြံချွေတာတဲ့ သာမန်ဘ၀မှာ နေထိုင်ရတာကို ဆွလာဟုဒ္ဒီးန်က ပိုနှစ်သက်ပြီး ပြည်သူတွေကိုတော့ ဆုလာဘ် များစွာ ချီးမြှင့်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ဖာသွိမိုက်ဘုရင်တွေ ငွေကြေးအမြောက် အများ အကုန်ကျခံ တည်ဆောက်သွားခဲ့တဲ့ ခမ်းခမ်းနားနား နန်းတော်တွေမှာနေဖို့ ငြင်းဆန်ခဲ့ပြီး ကိုင်ရိုက သာမန် အိမ်အိုအိမ်ဟောင်းလေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ ဒီအိမ်လေးဟာ အီဂျစ်အုပ်စိုးသူတစ်ဦးရဲ့နေအိမ်ဟာ အလွန်သေးငယ်နေတာကို သူ့အစိုးရအဖွဲ့က တွေ့ရှိသွားတဲ့အခါမှသာ ထိရောက်ချောမွေ့တဲ့ အုပ်ချုပ်ရေးတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ရိုးရှင်းခမ်းနားတဲ့အဆောက်အဦးတစ်ခုကို ကိုင်ရိုမှာ ဆောက်လုပ်ခဲ့ကြပါတယ်။
    748px-Saladin_in_Egypt_Conquest
    အင်ပါယာရှင်ဖြစ်ပြီ
    ——————–
    အီဂျစ်ရဲ့သြဇာကို ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ပြီး မကြာခင် ၁၁၇၄ ခုနှစ်မှာ ဘုရင်ကြီး နူရုဒ္ဒီးန် ကွယ်လွန်တဲ့သတင်းကို ဆွလာဟုဒ္ဒီးန်က ရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆွလာဟုဒ္ဒီးန်က အခြေအနေအချိန်အခါရဲ့လေးနက်မှုကို နားလည်သဘောပေါက်ခဲ့ပြီး ဆီးရီးယားပြည်တွင်း ပဋိပက္ခဖြစ်မှုကို ရှောင်လွှဲဖို့ ဆောင်ရွက်နိုင်ခဲ့တာကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဆီးရီးယားကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တူဖြစ်သူ ဖာရူးက် ရှားဟ်ကို ဆီးရီးယားအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တယ်။ အသက် ၃၆ နှစ်သာရှိသေးတဲ့ ဆွလာဟုဒ္ဒီးန်ဟာ အဲ့ဒီချိန်ကစလို့ ၀န်းကျင်တစ်ခွင်က ဖွတ်ဖွတ်ညက်ကြေနေတဲ့ မွတ်စလင်တိုင်းပြည်တွေကို စုစည်းလဖို့နဲ့ အင်အားတောင့်တင်းလာဖို့အတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို စတင်ပါတော့တယ်။ ဆီးရီးယား၊ မက်ဆိုပိုတေးမီးယားဒေသ၊ တူနီးရှား၊ လစ်ဗျား တို့အပါအ၀င် အာဖရိကမြောက်ပိုင်းနဲ့ အာရေဗျကျွန်းဆွယ်အစိတ်အပိုင်းအများစုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ယီမင်ကိုပါ ရရှိခဲ့ပါတယ်။
    မကြာခင်မှာပဲ ဆွလာဟုဒ္ဒီးန်ဟာ အင်ပါယာကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်လာခဲ့ပြီး အဲဒီရဲ့ ရလဒ်ကတော့ အဲဒီခေတ်ကာလမွတ်စလင်ကမ္ဘာရဲ့ အငြင်းပွားဖွယ်မရှိ ခေါင်းဆောင်တစ်ဦး ဖြစ်လာတာပါပဲ။
    မေတ္တာအောင်ပွဲ
    —————-
    သူ့ခေတ်သူ့အခါမှာ သြဇာအကြီးဆုံး မွတ်စလင်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်ဟာ တကယ်လို့များ ဆန္ဒရှိမယ်ဆိုရင် သူ့ရဲ့ ကျန်ရှိနေတဲ့ဘ၀ကို မပူမပင် မကြောင့်မကြနဲ့ ကုန်ဆုံးဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းဒေသအပေါ် အဲဒီအခါက တင်းကြပ်စွာအုပ်စိုးထားတဲ့ ခရူဆိတ်ဒါတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေအပေါ် အာရုံစိုက်ခဲ့ပါတယ်။ ပါလက်စတိုင်းဒေသမှာ အခြေခိုင်ပြီးတဲ့နောက် ဒေသတစ်ခုလုံးကို ပျက်စီးအောင် ခရူဆိတ်ဒါတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ တစ်ချိန်မှာ ခရူဆိတ်ဒါတွေဟာ မုဟမ္မဒ်သခင်(ငြိမ်းချမ်းပါစေ)ရဲ့ မြို့တော်ဖြစ်တဲ့ မဒီနဟ်ပရ၀ုဏ်နဲ့ အရမ်းနီးကပ်တဲ့နေရာအထိ ချီတက်ခဲ့ကြပြီး စီးနင်းဖို့အထိ ခြိမ်းခြောက်ခဲ့ကြပါတယ်။ မဒီနဟ်ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ခရူဆိတ်ဒါတွေရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေအကြောင်းကို ကြားသိတဲ့အခါမှာတော့ ဆွလာဟုဒ္ဒီးန်က ဒီတရားမဲ့သူတွေကို သူ့ရဲ့လက်နဲ့ အပြစ်ပေးဆုံးမဖို့ သန္နိဌာန် ချလိုက်ပါတော့တယ်။
    ခရူဆိတ်ဒါတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့အတွက် ဆွလာဟုဒ္ဒီးန်ဟာ အီဂျစ်ကနေ ပါလက်စတိုင်းဒေသကို စစ်ဦးစီးချုပ်အဖြစ်နဲ့ ကိုယ်တိုင်စစ်ချီခဲ့ပါတယ်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်၊ ဂယ်လီလေးပင်လယ်အနီး တိုင်ဘာရီယက်စ် လို့ခေါ်တဲ့နေရာမှာ ရန်သူတွေနဲ့ မျက်နှာချင်းဆိုင်မိပြီး ကြောက်မက်ဖွယ်တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ ဆွလာဟုဒ္ဒီးန်ရဲ့တပ်တွေဟာ ပြင်သစ်စစ်သည်တွေကို ဟာကွက်မရှိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်။ အချိန်တိုအတွင်း ပြင်သစ်စစ်သည်တွေရဲ့စိတ်ဓာတ်တွေ ချည့်နဲ့သွားကြတယ်။ ကြံရာမရဖြစ်ကြတဲ့ ပြင်သစ်ဗိုလ်ချုပ်အချို့ဟာလည်း သူတို့ရဲ့တပ်တွေကို စွန့်ခွာကြပြီးတဲ့နောက် ပြစ်ဒဏ်ကင်းလွတ်သက်သာအောင် ဆွလာဟုဒ္ဒီးန်ဆီကို တိုက်ရိုက်လာရောက် အသနားခံခဲ့ကြတယ်။ ဒါဟာ ဆွလာဟုဒ္ဒီးန်ရဲ့ အောင်မြင်မှုတွေ တိုးပွားဖို့အတွက် ဖြစ်သွားပါတယ်။
    `ဟစ်တင်´ လို့ခေါ်တဲ့ အဲဒီသမိုင်းဝင်တိုက်ပွဲမှာ ဆွလာဟုဒ္ဒီးန်က ပြင်သစ်ခရူးဆိတ်စစ်သည်တွေကို ကြင်နာမှု၊ သဘောထားကြီးမှု၊ မေတ္တာ ကရုဏာတွေ ပြသခြင်းနဲ့တစ်ကွ သင်ခန်းစာပေးခဲ့ပါသေးတယ်။ အဲဒီကစလို့ ဆွလာဟုဒ္ဒီးန်ရဲ့ အမည်နာမဟာ ရဲရင့်ပြတ်သားခြင်းနဲ့ သူရဲကောင်းဝါဒများရဲ့ ၀ိသေသတစ်ခုအဖြစ် အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့မှာ ဟိုးလေးတကျော် ဖြစ်သွားပါတော့တယ်။
    တိုင်ဘာရီယက်စ် အောင်မြင်မှုဟာ ပါလက်စတိုင်းရဲ့ ကျန်ရှိအစိတ်အပိုင်းတွေကို အောင်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ပြင်သစ်တွေ စစ်တပ်ကို ပြန်မစုစည်းနိုင်ခင်မှာပဲ ဆွလာဟုဒ္ဒီးန်ဟာ လျင်လျင်မြန်မြန်နဲ့ လှုပ်ရှားလိုက်တဲ့အခါ – သူခြေမချနိုင်မီ မျိုးဆက် ၃ ဆက်အလျင်က  ခရစ်ယာန်ဘုရားကျောင်းအဖြစ် ခရူးဆိတ်စစ်သည်တွေ အသွင်ပြောင်းခဲ့တဲ့ ဂျေရုစလင် ဗလီဝတ်ကျောင်းတော် အတွင်းမှာ သောကြာနေ့ စုပေါင်းဝတ်ပြုမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဂျေရုဆလင်ကျဆုံးခန်းက ဥရောပတစ်ခွင်ကို တုန်လှုပ်သွားစေတယ်။ မွတ်စလင်တို့လက်က ပြန်သိမ်းဖို့ ဂျာမဏီ၊ ပြင်သစ်နဲ့ အင်္ဂလန် အင်ပါယာပြည့်ရှင်များက စုပေါင်းအင်အားအလုံးအရင်းနဲ့ တက်သုတ်ရိုက်ချီတက်လာတယ်။ ဆွလာဟုဒ္ဒီးန် တစ်ဦးတည်းက ဥရောပရဲ့စုပေါင်းအင်အားကြီးကို တွန်းလှန်ခဲ့ပြီး၊ အစိတ်စိတ်အမွှာအမွှာ ကွဲကြေစေခဲ့ပါတယ်။ ဂျေရုစလင်အပါအ၀င် ပါလက်စတိုင်းရဲ့ ကျန်အစိတ်အပိုင်းတွေကို သိမ်းယူဖို့အတွက် အချိန် သိပ်မကြာခဲ့ပါဘူး။ ပြီးတော့ အဲဒီလို သိမ်းယူမှုကိုလည်း အပြစ်မဲ့သွေးတွေ မြေမကျစေဘဲ ဆွလာဟုဒ္ဒီးန်က ဆောင်ရွက်ခဲ့ပါတယ်။
    ခရူးဆိတ်စစ်သည်တွေ ဂျေရုစလင်ကို ၀င်ရောက်လာစဉ်တုန်းက ရှိသမျှလူတွေအပေါ် ဓားမိုးဆက်ဆံခဲ့လို့ မြို့တစ်ခုလုံး သွေးချင်းချင်းနီခဲ့ရပါတယ်။ ဒါနဲ့ခြားနားစွာ ဆွလာဟုဒ္ဒီးန်ရဲ့ ကြင်နာမှု၊ သဘောထားကြီးမှုနဲ့ စေတနာသဒ္ဓါတရားတို့က ပါလက်စတိုင်း ပြည်သူအားလုံးရဲ့ စိတ်နှလုံးသားတွေကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။ ခရူးဆိတ် သမိုင်းမှတ်တမ်းပြုစုသူတွေပင်လျှင် ဂျေရုစလင်ပြည်သူတွေပေါ် ပြုမူခဲ့တဲ့ ဆွလာဟုဒ္ဒီးန်ရဲ့ စံထားလောက်တဲ့ အပြုအမူ၊ အမူအကျင့်တွေအတွက် ချီးကျူးဖို့ကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
    ရိုးရှင်းတဲ့ ဘ၀နိဂုံး
    ——————
    ဆွလာဟုဒ္ဒီးန်ရဲ့ ကျေးဇူးကြောင့်ပဲ အစ္စလာမ့်တတိယမြောက် အမြင့်မြတ်ဆုံးမြို့ အလ်-ကွဒ်စ် (ဂျေရုစလင်)ဟာ အစ္စလာမ့်အုပ်ချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့တာဝန်ပြီးတာနဲ့ ဆွလာဟုဒ္ဒီးန်ဟာ ဒမတ်စကတ်ကို ပြန်သွားခဲ့တယ်။ အဲဒီမှာ စာသင်ကျောင်းတွေ၊ ဗလီဝတ်ကျောင်းတော်တွေ၊ ဆေးရုံတွေ အများအပြားကို တည်ဆောက်ခြင်းနဲ့တစ်ကွ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး အသက် ၅၅ နှစ်မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ကလာပ်ကိုတော့ ဒမတ်စကတ်က သမိုင်းဝင် အုမိုင်ယဒ် ဗလီဝတ်ကျောင်းတော်ရဲ့ ပရ၀ုဏ်အတွင်း မြှုပ်နှံခဲ့ပါတယ်။ သူစိုက်ပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို ရေရှည်မခံစားခဲ့ရပေမယ့် သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်း ကျော်စောမှုဟာ မွတ်စလင်ကမ္ဘာနဲ့ အနောက်တိုင်းလောကမှာပါ ယနေ့ထက်တိုင် ပဲ့တင်ထပ်နေဆဲပါ။
    ဒီလို အလွန်ထူးခြားပြောင်မြောက်တဲ့ ကိုယ်ကျင့်တရား၊ အံ့မခန်းအရည်အသွေးရှင် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆွလာဟုဒ္ဒီးန်ကို အကျော်ကြားဆုံးနဲ့ သြဇာအလွှမ်းမိုးဆုံး မွတ်စလင်တွေအနက် တစ်ယောက်အပါအ၀င်အဖြစ် သတ်မှတ်တာကတော့ အံ့သြစရာမဟုတ်ကြောင်းပါ…….
    ကိုးကား – ”The Muslim 100” by  Kh. Jamil Ahmad
  • နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ  မူတီဖာရီကာ
    နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ မူတီဖာရီကာ
    ဧပြီ ၄ ၊ ၂၀၁၅
    M-Media
    လေးမောင် ရှာဖွေတင်ဆက်သည်။
    Ibrahim Muteferrika
    – ကမ္ဘာ့နက္ခတဗေဒပညာရပ်မှာ မွတ်စလင်တွေရဲ့ လက်ဖျားခါလောက်တဲ့ ကူညီမှုတွေကို လူတိုင်းသိကြပါတယ်။ အဲဒီအထဲကမှ အချက်အလက်အပြည့်အစုံပါဝင်တဲ့ နက္ခတဗေဒဆိုင်ရာ ဇယားတစ်ခုကို ပထမဆုံး ရေးသားဖော်ထုတ်ခဲ့တာကတော့ အာရပ် နက္ခတဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ အလ်-ရှာတီရ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ဖြစ်ပါတယ်။ ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးအဖြစ်ကနေ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့  အီဗရာဟင်(မ်) မူတီဖာရီကာ  ဆိုသူကတော့ အော်တိုမန် အင်ပါယာထဲကို ပုံနှိပ်စက် ပထမဆုံး တင်သွင်းလာသူဖြစ်ပြီး နေကြတ်ပုံအသေးစိတ်ကို ပထမဆုံး ရေးဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က အီဗရာဟင် မူတီဖာရီကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တူရကီနဲ့ အော်တိုမန်ကမ္ဘာကို ပုံနှိပ်စက်တစ်လုံး ယူဆောင်လာခဲ့ပြီး ၀ိဇ္ဖာ၊ သိပ္ပံစာအုပ်တွေကို ရိုက်နှိပ်ထုတ်ဝေဖို့ အော်တိုမန်ခလီဖာရဲ့ ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ ၁၇၂၀ ခုနှစ်မှာတော့ သူဟာ အစ္စလာမ်ကမ္ဘာရဲ့ ပထမဆုံး စာပုံနှိပ်တိုက်တစ်ခုကို အစ္စတန်ဘူလ်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
    မူတီဖာရီကာဟာ ယခင်က ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတာပါ။ သူ့ရဲ့နောက်ကြောင်းကို Risale­yi Islamiyye လို့ခေါ်တဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။ သူဟာ အော်တိုမန်အင်ပါယာရဲ့ နည်းပညာနဲ့ အုပ်ချုပ်ရေးပိုင်း ခေတ်နောက်ကျမှုကို အလွန် စိုးရိမ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Usul al­Hikam fi Nizam al­Umam လို့ခေါ်တဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပြီး ၁၇၃၁ ခုနှစ်မှာ သူကိုယ်တိုင်ပဲ ထုတ်ဝေခဲ့ပါတယ်။
    ibrahim-hakki3_1
    အဲဒီစာအုပ်ထဲမှာ မူတီဖာရီကာဟာ ဥရောပမှာ ပြန့်နှံ့ကျင့်သုံးနေကြတဲ့ အစိုးရစနစ်နဲ့ စစ်တပ်စနစ်တွေကို ဖော်ပြထားပြီး ဥရောပရဲ့ စစ်ရေးနည်းပညာ၊ အုပ်ချုပ်ရေးပုံစံနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေကို မွေးစားအသုံးပြုမှသာ လွတ်လပ်တဲ့ မွတ်စလင်တိုင်းပြည်ကြီးဟာ ဆက်လက်သက်ဆိုးရှည်မယ်လို့ အော်တိုမန် ပြည့်ရှင်ကို တိုက်တွန်းခဲ့ပါတယ်။
    ဥရောပလူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ အီဗရာဟင် မူတီဖာရီကာရဲ့ သတိပေးပြောဆိုမှုတွေဟာ အနည်းငယ်သာ ထိရောက်ခဲ့ပါတယ်။ အော်တိုမန်အင်ပါယာကြီးဟာ တစ်ဖက်မှာ အရေးပါတဲ့ အစ္စလာမ့် အမှတ်သညာကို ထိန်းသိမ်းဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေး ဆန်းသစ်မှုဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်နဲ့ ပတ်သက်လို့လည်း လုပ်ဆောင်ခဲ့ပါတယ်။
    ibrahim-muteferrika_1
    ဆူလ်တန် အဟ်မဒ် ၃ ရဲ့အုပ်ချုပ်မှုအောက် ကျူလစ်ခေတ်မှာ မူတီဖာရီကာရဲ့ ကျွမ်းကျင်မှုတွေဟာ တန်းဖိုးမြင့်လာပါတယ်။ သူဟာ စာအုပ်ထုတ်ဝေသူ၊ ဧည့်လမ်းညွှန်၊ သံတမန်၊ နက္ခတဗေဒပညာရှင်၊ သမိုင်းပညာရှင်၊ အစ္စလာမ့်ရေးရာ ပညာရှင်၊ လူမှုဗေဒပညာရှင် စသဖြင့် ဘွဲ့မျိုးစုံနဲ့ ကျော်ကြားလာပါတယ်။ အဲဒီလို ဘွဲ့ထူးဂုဏ်ထူးတွေအပြင် မူတီဖာရီကာဟာ ရွှေ့လျားစနစ် ပုံနှိပ်စက်ကို တည်ဆောက်ခဲ့တဲ့ ပထမဆုံး မွတ်စလင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ ရွှေ့လျားစနစ် ပုံနှိပ်စက်တွေကို ဥရောပမှာ အချိန်အတော်ကြာကတည်းက အသုံးပြုခဲ့ပေမယ့် မူတီဖာရီကာ ဖန်တီးခဲ့တဲ့ အဲဒီပုံနှိပ်စက်ကတော့ ပိုဆန်းသစ်ပြီး မွတ်စလင်ကမ္ဘာရဲ့ တီထွင်ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ ပုံနှပ်စက်ကို အသုံးပြုပြီး မူတီဖာရီကာတစ်ယောက် နေကြတ်၊ လကြတ်မှုကို ပြတဲ့ ပထမဆုံး မြေပုံကို ရေးဆွဲကာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
    ibrahim-tiflisi
    ဒါတင်မကသေးဘဲ ဂျီအိုဂရပ်ဖီဆိုတဲ့ ကလောင်အမည်ကိုသုံးပြီး တော်လမီရဲ့ ကမ္ဘာဗဟိုပြုတဲ့ ပုံစံအရ အာကာသထဲက ဂြိုဟ်တွေရဲ့ အနေအထားကို ဖော်ပြတဲ့ ပုံတစ်ပုံကို ရေးဆွဲခဲ့ပါသေးတယ်။ တော်လမီရဲ့ အယူအဆကတော့ ကမ္ဘာကြီးဟာ စကြာဝဠာကြီးရဲ့အလယ်မှာ အသေရှိနေပြီး ဗဟိုတူ စက်ဝန်းတွေက ၀န်းရံထားကြတယ် ဆိုတာမျိုးပါ။ အဲဒီဗဟိုတူ စက်ဝန်းတွေထဲမှာ လ၊ မာကျူရီ၊ ဗီးနပ်စ်၊ နေ၊ မားစ်၊ ဂျူပီတာနဲ့ စေတန်ဂြိုဟ်တွေက အစဉ်အတိုင်းရှိနေကြပြီး ရွေ့ရှားမှုမရှိတဲ့ ကြယ်တွေကိုလည်း အဲဒီဂြိုဟ်တွေရဲ့ စက်ဝန်းအတွင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဂြိုဟ်တွေရဲ့ အစွန်မှာတော့ စက်ဝန်းတွေသာရှိပြီး စကြာဝဠာကြီးလို့ မှတ်ယူပါတယ်။ အဲဒီပုံစံကို မူတီဖာရီကာက သူ့ရဲ့ စာအုပ်ထဲမှာ ရေးဆွဲဖော်ပြခဲ့တာပါ။
    centre-of-the-world
    မူတီဖာရီကာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ကာတစ်ပ် ဂျာလစ်ဘ်ရဲ့  Jihan­nüma (ကမ္ဘာ့ကြေးမုံ) လို့ခေါ်တဲ့ ကမ္ဘာ့မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ထပ်ထုတ်ဝေတဲ့စာအုပ်မှာ မူတီဖာရီကာဟာ ကော်ပါးနီးကပ်စ်ရဲ့ နက္ခတဗေဒဆိုင်ရာ သီအိုရီနဲ့ ပတ်သက်လို့ ငြင်းခုံချက်တွေ၊ အဲဒီသီအိုရီကို ဆန့်ကျင်မှုတွေနဲ့အတူ သူ့ရဲ့ သီအိုရီ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးထားပါတယ်။ ဒီအကြောင်းအရာတွေကြောင့် မူတီဖာရီကာကို အော်တိုမန် သိပ္ပံညာရပ်အတွင်းမှာ နေဗဟိုပြု နက္ခတဗေဒ သီအိုရီတွေ မိတ်ဆက်ပေးခဲ့တဲ့ သူတွေထဲက တစ်ဦးအဖြစ် မှတ်ယူကြပါတယ်။ သူဟာ ပထ၀ီပညာရှင်၊ နက္ခတပညာရှင်နဲ့ ဒဿနပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျာမန်မြေပုံပညာရှင် အန်ဒရီယက်စ် ဆဲလ်လာရီယက် (၁၆၆၅ တွင်ကွယ်လွန်) ရဲ့  Atlas coelestis (ကြယ်မြေပုံ) အစာအုပ်ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပြီး  Majmua’tul Haiy’a­ Kadim wal­Jadid ဆိုတဲ့ အမည်နဲ့ ၁၇၃၃ မှာ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။
    ref:World Bulletin
  • လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှ ဆေးသိပ္ပံဆိုင်ရာ အစ္စလာမ့် စာမျက်နှာ (နိဂုံးပိုင်း)
    လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှ ဆေးသိပ္ပံဆိုင်ရာ အစ္စလာမ့် စာမျက်နှာ (နိဂုံးပိုင်း)
    1545933_783250998431780_730152860016912970_n
    (၂) ဆေးပညာအား လက်တွေ့ လေ့လာခြင်း နှင့် မှတ်တမ်းများ
    လူနာများအား ပြုစုကုသရာ၌ ကုထုံးများ ၊ တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော လုပ်နည်းလုပ်ဟန်များသည် ၉ ရာစုနှစ်၏ ဆေးပညာရှင် အလ်ရာဇီ က စတင်ခဲ့ခြင်းပင် ဖြစ်သည်။ တွေ့ရှိမှုများအား မှတ်တမ်းတင်ခြင်း ၊ အဓိပ္ပါယ် ဖော်ဆောင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည့် အချက်များအပေါ်၌ အခြေခံထားသော လုပ်နည်းလုပ်ဟန် ဖြစ်သည်။ ဆေးပညာ လေ့လာရန်အတွက် အကောင်းဆုံးသော နည်းလမ်းများနှင့် ကွဲပြားခြားနားသော ရောဂါအမျိုးအစားများအား မှတ်တမ်းတင်ခြင်း စသည်တို့သည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေရာ၌ အရေးကြီးသော အခြေခံအုတ်မြစ်များပင် ဖြစ်သည်။ ၁၀ ရာစုနှစ်၏ မှတ်တမ်းမရှိသော လက်တင် ရိုးရာကုထုံးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလ်ရာဇီ၏ ရာပေါင်းများစွာသော ဆေးပညာဆိုင်ရာ မှတ်တမ်းများသည် သမားတော်ကြီးတစ်ပါး ကဲ့သို့ ခိုင်မာသော အထောက်အထား ပေးနိုင်ပါသည်။
    အလ်ရာဇီ ၏ နောက်ပိုင်း ဆေးပညာရှင်များ ဖြစ်ကြသော အိဗ်နို့စီနာ (Ibn Sina/ Avicenna) ၊ အလ်ဇဟ်ရာဝီ (Al-Zahrawi / Albucasis) (၉၃၆ – ၁၀၁၃) ၊ အိဗ်နို့ဇိုဟ်ရ် (Ibn Zuhr / Avenzoar) (၁၀၉၁ – ၁၁၆၂) ၊ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ (Muhadhdhab Al-Deen Al-Baghdadi) (၁၁၁၇- ၁၂၁၃) ၊ နှင့် အိဗ်နို့အလ်နဖီးဆ် (Ibn Al-Nafis) စသော ဆေးပညာရှင်ကြီးများ အားလုံးတို့သည် ဆက်လက်လုပ်ဆောင်ခဲ့ကြရုံမက ပိုမို တီထွင်ဆန်းသစ်မှု များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ ၄င်းတို့ အားလုံးတို့သည် ၄င်းတို့၏ အတွေ့အကြုံများနှင့် ရောဂါရာဇဝင်များအား မှတ်တမ်းတင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ဖြင့် အစ္စလာမ့် သမားတော်ကြီးများသည် ရောဂါများနှင့် ၄င်းတို့၏ရေရှည်အကျိုးသက်ရောက်မှု စသည့်အချက်များကို တိုက်ရိုက်လေ့လာခဲ့ကြသော စူးရှထက်မြက်သည့် ရှာဖွေတွေ့ရှိသူများ ဖြစ်သည်ဟု မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။
    (၃) ရောဂါကုထုံးများနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခြင်းများ
    ဆေးပညာဖွံ့ဖြိုးတိုးတက်လာရန်အတွက် စမ်းသပ်သော နည်းလမ်းပေါင်းများစွာထဲမှ အရေးကြီးသည့် အချက်တစ်ခုမှာ ဤသို့ဖြစ်သည်။ လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်မှုများပြုလုပ်ပြီး ရလဒ်များကို တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ ဤကဲ့သို့ အမျှော်အမြင်နှင့် ပြည့်စုံလှသည့် စိတ်ဝင်စားဖွယ် စမ်းသပ်ခြင်းနည်းလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က အလ်ရာဇီက စတင်ခဲ့ခြင်းပင်ဖြစ်သည်။ အလ်ရာဇီ ၏ “အလ်ဟာဝီ” ဆေးကျမ်းတွင် ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
    “. . . ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါ၏ ရှေ့ပြေးလက္ခဏာငယ်များ ပေါ်ပေါက်လာသောအခါ ကျွန်ုပ်သည် ထိုလူနာများကို အုပ်စု ၂ စု ခွဲလိုက်ပါသည်။ ပထမအုပ်စုကို ရောဂါသက်သာစေသည့် နည်းလမ်းတစ်ခုဖြစ်သည့် သွေးပြန်ကြောမှသွေးထုတ်ခြင်းကို ပြုလုပ်ခဲ့ပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ပါသည်။ ဒုတိယအုပ်စုကို ရည်ရွယ်ချက်ရှိရှိ မည်သည့်ကုသနည်းမှ မပေးဘဲ စောင့်ကြည့်ခဲ့ပါသည်။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို သက်သေပြနိုင်ရန် ဖြစ်သည်။ အမှန်တကယ်ပင် ဒုတိယအုပ်စုတွင် ဦးနှောက်အမြှေးပါးယောင်ယမ်းသည့် အဓိက ရောဂါလက္ခဏာကြီးများ ပေါ်ပေါက်လာပါတော့သည်။ ”
    ၁၈ ရာစု၏ နောက်ပိုင်း နှစ်များတွင် သွေးပြန်ကြောမှသွေးထုတ်ကာ ကုသသည့် ကုထုံးကို အသုံးပြုမှု နည်းပါးခဲ့ပါသည်။
    မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့ အလ်ရာဇီ ၏ ရဲဝံ့ပြတ်သားသည့် စမ်းသပ်ခြင်းသည် ယနေ့ခေတ်၏ ဆေးပညာနယ်ပယ်၌ case-control trial ဟူသော လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်ကုသပြီး ရလဒ်များအား စောင့်ကြည့်သည့် သိပ္ပံနည်းကျ စမ်းသပ်နည်းတစ်ခုကို မြေစမ်းခရမ်းပျိုးခဲ့ခြင်းပင် ဖြစ်သည်။
    အလ်ရာဇီ ၏ နောက်ပိုင်းခေတ်များမှ အစ္စလာမ့် ဆေးပညာရှင်ကြီးများ အားလုံးတို့သည်လည်း ဤကဲ့သို့ သိပ္ပံနည်းကျ နည်းလမ်းများကို လိုက်နာကာ ပြုလုပ်ခဲ့ကြပါသည်။
    အိဗ်နို့ဇိုဟ်ရ် ၏ ဆေးကျမ်း “အသ်သိုင်စီးရ်” (Al-Taisir) တွင် case-control trial အား အသုံးပြုထားခြင်းကို ရှင်းလင်းပြတ်သားစွာ ဥပမာပေးထားပါသည်။
    ” ကျွန်ုပ်၏ အယူအဆ မှန်သည်/ မှားသည်မှာ ကျွန်ုပ်အတွက် သေချာလှပါသည်။ သို့သော် ‘ဝမ်းနှုတ်ဆေးနှင့် သူ၏ ဘေးထွက်ဆိုးကျိုး အာနိသင်ကို မည်သို့တိုက်ဖျက်ရမည်ဟူသော ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည်’ မှားယွင်းစွာဖော်ပြခြင်း ဖြစ်နေလိမ့်မည်ဟု စာဖတ်သူ ဆေးပညာရှင်အချို့က မျှော်လင့်နေကြပါသည်။ ထို့ကြောင့် ၄င်းတို့သည် ကျွန်ုပ်အယူအဆကို ပြန်လည်ချေပကာ တင်ပြလာနိုင်ပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်သည် စိန်ခေါ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သူတို့လူစုကို အုပ်စု ၂ စု ခွဲစေပါသည်။ ပထမအုပ်စုကို ကျွန်ုပ်ညွှန်ကြားထားသည့် ဆေးညွှန်းအတိုင်း သောက်သုံးစေပြီး ဒုတိယအုပ်စုကို မတူညီသော ဆေးညွှန်းနှင့် သောက်သုံးစေပါသည်။ ထို့နောက် နည်းလမ်း ၂ ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို မှတ်တမ်းတင်စေခဲ့ပါသည်။ မုချဧကန် ဤကဲ့သို့ နှိုင်းယှဉ်စမ်းသပ်ခြင်း သည်သာလျှင် ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း အထောက်အထားပြနိုင်လေသည်။ ”
    (၄) ဆေးအာနိသင် စမ်းသပ်ခြင်းများ
    ——————————————-
    အိဗ်နို့စီနာ ၏ ဒုတိယဆေးကျမ်းဖြစ်သော “ကိသားဗ်” (Kitab) တွင် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
    ” ဆေးများ၏ သဘောသဘာဝ ၊ အာနိသင်ကို ရှာဖွေဖော်ထုတ်ရန်အတွက် နည်းလမ်းနှစ်သွယ်ရှိပါသည်။ ပထမနည်းလမ်းမှာ ယခင် ရှိပြီးသားဆေးများနှင့် အာနိသင် တိုက်ဆိုင်ကြည့်ခြင်း ဖြစ်ပြီး ဒုတိယတစ်နည်းမှာ ဓါတ်ခွဲစမ်းသပ်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဓါတ်ခွဲစမ်းသပ် လေ့လာခြင်း နည်းလမ်းဖြင့် အစပြုခဲ့ပါသည်။ ဆေးအာနိသင်များ စမ်းသပ်လေ့လာရာတွင် သေချာစွာ ဆင်ခြင်သုံးသပ်ခြင်း ၊ ဆွေးနွေးတိုင်ပင်ခြင်း စသည့် အဆင့်များကို ဖြတ်ကျော်ပြီးနောက် ဆေးအာနိသင်များနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော ဗဟုသုတများကို ရရှိစေပါသည်။ ”
    အိဗ်နို့စီနာသည် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေသ (၇) ချက်ကို သတ်မှတ်ပေးခဲ့ပါသည်။ ၄င်းက ဆေးများအားလုံးတို့၏ သဘောသဘာဝနှင့် အရေးကြီးပုံတို့ကို သေချာစွာသိရှိရန် လိုအပ်ကြောင်း ၊ အထူးအလေးထားကာ လေ့လာရမည် ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးပေးခဲ့ပါသည်။ ဤအချက်များသည် အလွန်အရေးကြီးသော လမ်းညွှန်မြေပုံတစ်ခုကဲ့သို့ဖြစ်သည်ဟု အခြားသော ဆေးပညာရှင်များကလည်း သဘောတူညီခဲ့ကြပါသည်။
    (၅) တိရိစ္ဆာန်များကိုအသုံးပြု၍ စမ်းသပ်ခြင်း
    —————————————————-
    (က) ဆေးဝါးအတွက် စမ်းသပ်ခြင်း
    —————————————–
    ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ဆေးပညာ နယ်ပယ်၌ ပထမဦးဆုံး မှတ်တမ်းရှိခဲ့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်းသည် ဆေးဝါးများအတွက် စမ်းသပ်ခြင်းဖြစ်သည်။ ဆေးဝါးများ၏ အဆိပ်သင့်စေသော ပမာဏနှင့် ပတ်သက်၍ စမ်းသပ်ခြင်းဖြစ်သည်။ ထိုစမ်းသပ်ချက်ကို ၉ ရာစု နှစ်တွင် ဆေးပညာရှင်ကြီး အလ်ရာဇီ က ပြုလုပ်ခဲ့ပါသည်။ လူသားများအတွက် အန္တရာယ်ဖြစ်နိုင်သော ဆေးပမာဏကို တိရိစ္ဆာန်များနှင့် စမ်းသပ်ရာ၌ ပြဒါးပမာဏကို မျောက်များ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို ၁၃ ရာစု၌ အိဗ်နို့အလ်ဗိုင်သွားရ် (Ibn Al-Baytar) က သူ၏ကျမ်း “အလ်ဂျမိဒ်လိ မုဖ်ရဒါးသ် အလ်အဒ်ဝီယဟ် ဝလ်အဇ်ဇိယဟ်” (Al-Jamie Limufradat Al-Aswiya Wal-Aghdiya) တွင် ဖော်ပြခဲ့ပါသည်။
    (ခ) ခွဲစိတ်ကုသရန်နည်းလမ်းများအတွက် စမ်းသပ်ခြင်း
    ——————————————————–
    အသက်ရှူလမ်းကြောင်းပိတ်သည့် အရေးပေါ်လူနာများအား အသက်ကယ်နိုင်ရန် လေပြွန်ကိုဖောက်၍ ကုသခြင်းသည် ယနေ့ခေတ်၌ အလွန်အသုံးဝင်သော ကုသနည်းတစ်ခုပင် ဖြစ်ပါသည်။ သို့သော် ရှေးရာစုနှစ်ပေါင်းများစွာတုန်းက အငြင်းပွားဖွယ်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ ရှေးအကျဆုံးအနေနှင့် ၉ ရာစုနှစ်မှ ဆေးပညာရှင် အလ်ရာဇီ နှင့် ၁၀ ရာစုနှစ်မှ ဆေးပညာရှင် အိဗ်နို့စီနာတို့သည် ထိုခွဲစိတ်ကုသခြင်းကို သဘောတူ ထောက်ခံကာ ပြန်လည်စမ်းသပ် တည်ထွင်ခဲ့ကြပါသည်။
    အလ်ဇဟ်ရာဝီ (Al-Zahrawi) သည် သူ၏စာအုပ် “အသ်သဆ်ွရီးဖ် လိမန် အဂျဇနင်သ် သအ်လီးဖ်” (Al-Tasrif Liman Ajaz Aan Al-Taalif) တွင် ဖော်ပြခဲ့သည်မှာ လေပြွန်ကို ဓါးဖြင့်လှီးဖြတ်ခြင်းသည် အန္တရာယ်မများသော ခွဲစိတ်မှုဖြစ်ကြောင်းကို သူ၏ ကိုယ်ပိုင်စမ်းသပ်ချက်များကို အခြေခံပြီး ကောက်ချက်ချကာ ထောက်ခံခဲ့ပါသည်။ သို့သော်လည်း အငြင်းပွါးမှုများသည် အိဗ်နို့ဇိုဟ်ရ် (Ibn Zurh) ၏ ခေတ်အထိ ရှိနေဆဲဖြစ်သည်။ အိဗ်နို့ဇိုဟ်ရ် သည် သူ၏စာအုပ် “အသ်သိုင်စီးရ်” တွင် ဤခွဲစိတ်မှုကို သူယခင်က မမြင်ခဲ့ဖူးကြောင်း ၊ ထို့ကြောင့် ထိုခွဲစိတ်မှု၏ အန္တရာယ်ကင်းရှင်းမှုကို သိရှိနိုင်ရန် သူကိုယ်တိုင် လက်တွေ့စမ်းသပ်ခဲ့ကြောင်း ဤသို့ဖော်ပြထားသည်။
    ” ဤအငြင်းပွားမှုတွေကို သက်သေပြနိုင်ရန် ကျွန်ုပ်သည် ဆိတ်တစ်ကောင်၏ လေပြွန်ဖြင့် စမ်းသပ်ခဲ့ပါသည်။ ဦးစွာ ဆိတ်၏အရေပြားကို လှီးဖြတ်ခဲ့ပါသည်။ ပြီးနောက် လေပြွန်၏အပေါ်ယံလွှာကို လှီးဖြတ်ပြီးသည်နှင့် လေပြွန်ပေါ်လာသည်။ ကျွန်ုပ်သည် လေပြွန်ပေါ်၌ လူပင်စေ့ ထက်သေးသော အရွယ်ခန့် လှီးဖြတ်လိုက်ပါသည်။ ပြီးနောက် ရေနှင့် သေချာဆေးကာ ပျားရေ သုတ်လိမ်းပေးထားပါသည်။ ထိုဆိတ်၏ လေပြွန်ပြတ်ရှဒဏ်ရာသည် အကောင်းပကတိအတိုင်း ပြန်လည် ကောင်းမွန်သွားကာ သက်တမ်းစေ့ နေနိုင်ပါသည်။ ”
    ထိုအံ့မခန်း စမ်းသပ်တွေ့ရှိမှုသည် အလ်ရာဇီ မှအစပြုခဲ့သော လေပြွန်ဖောက်၍ အရေးပေါ် အသက်ကယ်သည့် tracheostomy ၏ လှေကားထစ်ပင် ဖြစ်သည်။ ဤသို့ အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်သည် ခွဲစိတ်ကုသခြင်းနှင့် ပတ်သက်၍ ပထမဦးဆုံး မှတ်တမ်းတင်ထားသော တွေ့ရှိချက်ပင်ဖြစ်သည်။ ယနေ့ခေတ် တိုးတက်နေသော ခွဲစိတ်ကုသခြင်းများ၏ အခြေခံရာအုတ်မြစ်ပင် ဖြစ်သည်။
    အလ်ဇဟ်ရာဝီ နှင့် အိဗ်နို့ဇိုဟ်ရ်တို့၏ ခေတ်များနောက်တွင် ဆေးပညာရှင် နှစ်ဦးကလည်း ထိုကုသခြင်းကို ထောက်ခံခဲ့သည်။ ထိုသူတို့မှာ မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (Muwaffaq Al-Deen Abdel-Latif Al-Bagdady) နှင့် အိဗ်နို့အလ်ကဖ် (Ibn Al-Quff) (၁၂၃၂-၁၂၈၆) တို့ပင် ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး နှစ်ပါးတို့ကလည်း အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားကုသနည်းများနှင့် မသက်သာနိုင်ကြောင်း ၊ လေပြွန်ကိုဖောက်၍ အသက်ကယ်ခြင်းသည်သာ ရွေးချယ်စရာ ဖြစ်ကြောင်း ပြည့်ပြည့်ဝဝ အကြံပြုထောက်ခံခဲ့ပါသည်။
    ထိုမျှသာမက ထိုခွဲစိတ်ကုသခြင်းကို အသေးစိတ်ဖော်ပြကာ ပိုမိုကောင်းမွန်စေရန် ကြိုးစားခဲ့ကြပါသည်။ ၁၅ ရာစုနှစ်၏ ဆေးပညာရှင် ဆာယီလီ (Sayili) ကလည်း ဤကဲ့သို့ပင် ထောက်ခံအကြံပြုခဲ့ပါသည်။
    (၆) ခွဲစိတ်စစ်ဆေးခြင်းနှင့် လက်တွေ့ စမ်းသပ်ခြင်းများ
    ——————————————————–
    အထက် ဖော်ပြချက်များအရ အလ်ရာဇီ၊ အိဗ်နို့စီနာ၊ မို့ဟ်ဇမ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ၊ အိဗ်နို့ဇိုဟ်ရ် ၊ အိဗ်နို့ရိုရှ်ဒ် (Ibn Rushd / Averroes) စသော ပညာရှင်ကြီးများသည် ရာစုနှစ်အဆက်ဆက်၌ ဆေးပညာ လက်တွေ့လေ့လာရာ၌ ခန္ဓာဗေဒနှင့် ပတ်သက်၍ ခွဲစိတ်စစ်ဆေးခြင်း လက်တွေ့စမ်းသပ်ခြင်းများကို အလေးထား ဆောင်ရွက်ခဲ့ကြပါသည်။ ၁၃ ရာစုတွင် အစ္စလာမ့် သမားတော်ကြီး တစ်ဦးဖြစ်သော အိဗ်နို့အလ်နဖီးဆ် သည် ခွဲစိတ်စစ်ဆေးစမ်းသပ်ခြင်း အယူအဆကို ဆုတ်ကိုင်ကာ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ် သည် နှလုံးအားထောက်ပံ့သော သွေးကြောအဖွဲ့ (coronary circulation) နှင့် အဆုတ်အတွင်းရှိ သွေးကြောအဖွဲ့ (pulmonary circulation) တို့ကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါသည်။ ထို အကြောင်းအရာများကို “ရှရ်ဟို့သရှ်ရီးဟ်အလ်ကာနူးန်” (Sharh Tashrih Al-Qanun) တွင် ဖော်ပြထားပါသည်။
    ထိုအပြင် ထိုခေတ်က ခန္ဒာဗေဒပြဋ္ဌာန်းစာအုပ်များတွင် ရုပ်ပုံများ ထည့်သွင်းရေးဆွဲခဲ့ခြင်းများကို ထိုခေတ်က အစ္စလာမ့် ပညာရှင်ကြီးများက စတင်ခဲ့သည်။ ဤသည် ခွဲစိတ်ပညာ တိုးတက်လာခြင်းကို အဓိက ဦးတည် ပေးခဲ့လေသည်။
    ဂဲလ်လန် (Galen) သည် ကိုယ်တိုင် ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး တွေ့ရှိမှုများစွာကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ၏တွေ့ရှိချက်များထဲမှ အချို့သည် မှန်ကန်မှုမရှိပါ။ အလယ်ခေတ်၏ အစ္စလာမ့်ပညာရှင်များသည် ဂဲလ်လန်၏ မှားယွင်းသော ခန္ဒာဗေဒ၏ အယူအဆများကို ပြုပြင်ခြင်းအားဖြင့် ဆေးသိပ္ပံပညာ တိုးတက်လာမှု၌ အဓိက ဦးဆောင်လမ်းပြ ထောက်ပံ့ပေးခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ်၏ “ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်” ၌ ဖော်ပြထားသော အောက်ပါကိုးကားချက်များသည် သူ၏ ကိုယ်ပိုင် စမ်းသပ်တွေ့ရှိမှုများပင်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာက လက်ခံခဲ့သော ဂဲလ်လန်၏ အယူဝါဒကို မမှန်ကန်ကြောင်း ထင်ရှားစေပါသည်။
    ” အိဗ်နို့စီနာ က မှန်ကန်သည်ဟု လက်ခံထားသော ဂဲလ်လန်၏ ဖော်ပြချက်တစ်ခုမှာ နှလုံးတွင် သွေးလွှတ်ခန်း ၃ ခန်း ရှိသည်ဟူ၍ ဖြစ်သည်။ ဤသည် မည်သို့မှ မမှန်ကန်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် နှလုံးတွင် သွေးလွှတ်ခန်း ၂ ခန်း သာ ရှိသောကြောင့်ဖြစ်သည်။ အမှန်တစ်ကယ်တော့ ကိုယ်တိုင် ခွဲစိတ်စစ်ဆေးခြင်းအားဖြင့် သူတို့၏ ဖော်ပြချက်များ မမှန်ကန်ကြောင်းကို ထင်ရှားစေခြင်းပင် ဖြစ်သည်။ ထို့အပြင် ဂဲလ်လန်၏ အယူအဆတစ်ခုဖြစ်သော နှလုံးဆီသို့ သွေးနှင့်အာဟာရ ထောက်ပံ့ပေးခြင်းသည် ညာဘက် သွေးလွှတ်ခန်းထဲမှ သွေးများနှင့် သက်ဆိုင်သည်ဟူသော ယူဆချက်သည် လက်ခံနိုင်စရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် နှလုံးဆီသို့ သွေး နှင့် အာဟာရ ထောက်ပံ့ခြင်းသည် နှလုံးအတွင်း၌ရှိသော သီးခြား သွေးကြောအဖွဲ့တစ်ခုနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်သည်။”
    မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (၁၁၆၂ – ၁၂၃၁) ရေးသားခဲ့သော “ကိသားဗ် အလ်အိဖာဒဟ် ဝလ်အိအ်သိဗားရ်” (Kitab Al-Ifadah Wa Al-Itibar) တွင် ပါဝင်သော အောက်ဖော်ပြပါ အလယ်ခေတ် အေဒီ ၁၁၀၀-၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ကိုယ်တိုင် လက်တွေ့ခွဲစိတ်ခြင်းများအပေါ် ယုံကြည်အားထားခြင်းသည် မှန်ကန်ကြောင်းထင်ရှားစေခဲ့သည်။
    “. . . လူသား၏ ကိုယ်ခန္ဓာအား ခွဲစိတ်ကာ အရိုးနှင့်အဆစ်တို့၏ ပုံသဏ္ဍာန် အချိုးအစားများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့များစွာ သိရှိခဲ့ရသည်။ ကိုယ်တိုင်ခွဲစိတ်လေ့လာခြင်းက ရှေးယခင်ပညာရှင်ကြီးများ ရေးသားပြုစုခဲ့သော စာတမ်းများကို လေ့လာခြင်းထက် ပို၍သိရှိရသည်။ လူတစ်ဦးနှင့်တစ်ဦး အမြင်မတူသည့်အတွက် ကိုယ်တိုင် ခွဲစိတ်လေ့လာခြင်းသည် ပို၍ကောင်းသည်။ အမှန်တကယ်တော့ ဆေးပညာရှင်တစ်ဦး ရေးသားထားသည်ကို ဖတ်ခြင်းထက် ကိုယ်တိုင် မျက်စိနှင့်လေ့လာခြင်းက ပို၍ ခိုင်မာစွာ သက်သေခံနိုင်ပါသည်။ ဂဲလ်လန်သည် ဆေးပညာနှင့် ပတ်သက်၍ ခွဲစိတ်လေ့လာရာ၌ အမြင့်ဆုံး အရည်အချင်းရှိသည် မှန်သော်လည်း ကျွန်ုပ်တို့ ကိုယ်တိုင် တိုက်ရိုက် ခွဲစိတ်လေ့လာခြင်းသည်သာ ကျွန်ုပ်တို့အတွက် ပို၍တိကျသော အဖြေကို ရရှိပါသည်။ ပြီးနောက် ဂဲလ်လန်၏ ရှင်းလင်းချက်များနှင့် ဖော်ပြချက်များအပေါ်၌ ဝေဖန်သုံးသပ်နိုင်ခဲ့ပါသည်။ ကွဲပြားခြားနားချက်များကိုလည်း ဆွေးနွေးနိုင်ပါသည်။
    ထိုထဲမှ ဥပမာတစ်ခုမှာ အောက်မေးရိုးပင်ဖြစ်သည်။ အားလုံးက လက်ခံထားသော အယူအဆတစ်ခုမှာ အောက်မေးရိုးသည် သပ်သပ်စီဖြစ်သော အရိုး ၂ ခုကို မေးရိုးနေရာ၌ သန်မာသော အဆစ်တစ်ခုဖြင့် ဆက်ထားသည်ဟူ၍ ဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ ယခင်က လက်ခံခဲ့ကြသည်။ လက်ခံသည်ဆိုသည်မှာ ဂဲလ်လန် တစ်ဦးတည်းကိုသာ လက်ခံခြင်းဖြစ်သည်။ သူသည်သာလျှင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခွဲစိတ်ခြင်းများကို သစ္စာရှိစွာ ပြုလုပ်ခဲ့ပြီး စာအုပ်စာပေများစွာကို ပြုစုခဲ့သူဖြစ်သည်။ ထိုစာအုပ်စာပေများစွာကို အာရဗီဘာသာဖြင့် ရရှိနိုင်ပြီး အချို့ကို မရရှိနိုင်ပေ။
    သို့သော်လည်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်တွေ့ရှိချက်များကို အခြေခံပြီး ပြောရမည်ဆိုလျှင် အောက်မေးရိုးသည် ပထမဆုံးသော အဆစ်မရှိသော အရိုးတစ်ခုပင်ဖြစ်သည်။ နည်းလမ်းပေါင်းများစွာကို စမ်းသပ်အသုံးပြုခဲ့ပြီး ကြိမ်ဖန်များစွာ ခွဲစိတ်လေ့လာခဲ့ကြသည်။ ဦးခေါင်းခွံရိုးပေါင်း ၂၀၀၀ ကျော်ကို ရှုထောင့်မျိုးစုံမှ ခွဲစိတ်စမ်းသပ် လေ့လာခဲ့ကြသော်လည်း အလ္လာဟ် အရှင်မြတ်၏ ကျေးဇူးတော်နှင့် အောက်မေးရိုးသည် သီးခြားဖြစ်သော အရိုးတစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ ကျွန်ုပ်တို့သည် သီးခြားအုပ်စုများဖွဲ့၍ လေ့လာခဲ့ကြသည်။ ကျွန်ုပ်ကိုယ်တိုင် ထိုအုပ်စုများတွင် ပါဝင်၍လည်းကောင်း ၊ ကျွန်ုပ်မပါဘဲ သီးခြားအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း ပုံစံမျိုးစုံဖြင့် လေ့လာခဲ့ကြပါသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ကျွန်ုပ်တို့၏ တွေ့ရှိချက်ဖြစ်သော အောက်မေးရိုးသည် သီးခြားအရိုးတစ်ခုဖြစ်သည်ဟူသော အချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း မရှိကြချေ။ ကျွန်ုပ်တို့ တွေ့ရှိချက်သည်သာ အခိုင်မာဆုံးဖြစ်သည်။”
    ဤပြိုင်ဘက်ကင်းသော အံ့မခန်းတွေ့ရှိမှုသည် အစ္စလာမ့်ခေတ်က ပညာရှင်ကြီးများ၏ သိပ္ပံရှုထောင့်မှ တောက်ပသော သက်သေခံခြင်းများပင် ဖြစ်သည်။ ထိုကဲ့သို့ နမူနာပေါင်းများစွာကို စမ်းသပ်လေ့လာခြင်းဖြင့် စာရင်းဇယားများကိုလည်း နားလည်သဘောပေါက်လာပါသည်။ ထိုပြင် သံသယနှင့် ဇဝေဇဝါဖြစ်ခြင်း ဘက်လိုက်ခြင်းများကို ရှောင်ကြဉ်နိုင်ပါသည်။ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ သည် သူ၏စမ်းသပ်ချက်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ ပြုလုပ်၍ သက်သေပြခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကိုယ်တိုင်စမ်းသပ်ခြင်း ၊ ဒုတိယအနေနှင့် ပညာရှင်တစ်စုတို့နှင့် ပူးပေါင်း၍ စမ်းသပ်ခြင်း ၊ တတိယအနေဖြင့် အခြားပညာရှင်တစ်စုတို့ သီးခြားစမ်းသပ်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ပါသည်။ တိကျမှန်ကန်သော ရလဒ်များကို ရယူနိုင်ရန်အတွက် ဤကဲ့သို့ တစ်နည်းထက်ပိုသော စမ်းသပ်ချက်များကို ပြုလုပ်ခဲ့ပါသည်။
    (၇) သေဆုံးပြီး ကြွင်းကျန် ရုပ်လောင်းများအား ခွဲစိတ်စစ်ဆေးခြင်း
    (က) တိရိစ္ဆာန်များအား ခွဲစိတ်စစ်ဆေးခြင်း
    —————————————————-
    အောက်တွင်ဖော်ပြထားသော အိဗ်နို့ဇိုဟ်ရ် ၏ “အသ်သိုင်စီးရ်” တွင် သူသည် တိရစ္ဆာန်များကို အသုံးပြုပြီး စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆုတ်တွင်ဖြစ်တတ်သော အနာကို ကုသနိုင်ရန်အတွက် နည်းလမ်းရှာဖွေရာ၌ တိရိစ္ဆာန်များ၌ လက်တွေ့စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။
    ” . . . အဆုတ်တွင်ဖြစ်ပေါ်သော အနာအတွက် ကုသရန် ကုထုံးပေါင်းများစွာ ရှိနေသော်လည်း တိကျစွာ မည်သူမှမသိပါ။ ထိုကုထုံးနည်းနှင့် ပတ်သက်၍ ဖော်ပြလိုပါသည်။ သိုးများတွင်ဖြစ်သည်။ အဆုတ်တွင် အနာဖြစ်နေသောသိုးများကို သိုးအုပ်နှင့်မရောစေဘဲ သပ်သပ်ခွဲထားလိုက်သည်။ ၄င်းတို့ကို သီးသန့်သွားလာ ကျက်စားစေသည်။ သိုးများကို ထိန်းသိမ်းသောသူက အပင်တစ်ပင်ကိုကျွေးရန် အကြံပြုသည်။ ထိုအပင်ကိုစားပြီးနောက် ထိုသိုးများ၏ အဆုတ်အနာသည် သက်သာပျောက်ကင်းသွားကာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါသည်။ ကျွန်ုပ်ကိုယ်တိုင် သိုးများ၏အဆုတ်ကို ခွဲစိတ်စစ်ဆေးခဲ့သည်။ ထင်ရှားသော သက်သေအဖြစ် အဆုတ်တွင် အနာကျက်ခြင်းနှင့် အနာပြန်ဆက်သွားခြင်းကို တွေ့ရပါသည်။ ယခုအချိန်အထိ ကျွန်ုပ်သည် ထိုဆေးပင်ကို မသိခဲ့ပါ။ ကျွန်ုပ်အလျင် မည်သူတစ်ဦးတစ်ယောက်မှလည်း သိခဲ့မည်မဟုတ်ဟု ထင်ပါသည် . . . ”
    (ခ) သေဆုံးပြီးလူသားများအား ခွဲစိတ်စစ်ဆေးခြင်း
    ——————————————————–
    ထို့ပြင် အိဗ်နို့ဇိုဟ်ရ် သည် နှလုံး၏ အပြင်ဆုံးသောအလွှာ (နှလုံးအကာ) ယောင်ယမ်းသည့် ရောဂါ ၌ နှလုံးအကာနံရံအတွင်း ရေစုခြင်းနှင့် ပတ်သက်၍ ဖော်ပြခဲ့ပါသည်။ ထိုအရည်ကို ကြည့်ရသည်မှာ ‘ဆီး’ နှင့် ဆင်တူသော သဏ္ဌာန်ရှိသည်။ အရောင်သည် ပိတ်နေအောင် နောက်ကျိနေသည်လည်းမဟုတ် ၊ ကြည်လင်နေသည်လည်းမဟုတ် ၊ သူတို့နှစ်ခုကြား ခပ်နောက်နောက်အရောင် (straw colour) ဖြစ်နေသည်။ ဤကဲ့သို့ ရှာဖွေတွေ့ရှိခြင်းသည် နှလုံးကို အပ်နှင့်ထိုးစိုက်ကာ အရည်စုပ်ယူခြင်းမှလည်းကောင်း၊ သေဆုံးပြီး သူထံမှလည်းကောင်း ခွဲစိတ်ထုတ်ယူမှသာ ရရှိနိုင်ပေသည်။ ဤသည် ယခင်က မတွေ့ရှိခဲ့ရဖူးသေးသော တွေ့ရှိမှုအသစ်ဖြစ်ပါသည်။တစ်နည်းအားဖြင့် အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်ဖြစ်သော
    ” နှလုံး၏ အပြင်ဆုံးအလွှာထဲ၌ အစိုင်အခဲများ စုနေသည်နှင့် ဆင်တူသည်” ဟူသော အချက်အလက်များကို သေဆုံးပြီးအလောင်းအား ခွဲစိတ်စစ်ဆေးလေ့လာမှသာလျှင် သိရှိနိုင်ပေသည်။
    ထိုကြောင့် ဆေးပညာ စတင်တိုးတက်လာသည့် အဦးအစတွင် ခန္ဓာဗေဒနှင့် ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် အချက်အလက်များသည် အလွန်တရာ အရေးပါလှပါသည်။ ဆေးပညာသမားတော်ကြီးများနှင့် ခွဲစိတ်ကုဆရာဝန်များအတွက် ခန္ဓာဗေဒနှင့် ပတ်သက်သော တွေ့ရှိချက်များကို စတင်လေ့လာရှာဖွေခဲ့သူ အစ္စလာမ့်ခေတ်က ရှေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများသည် အံ့မခန်းဖြစ်သည်။
    အနှစ်ချုပ်
    —————
    အထက်တွင်ဖော်ပြခဲ့သော တွေ့ရှိချက်များအရ ဤကဲ့သို့ ကောက်ချက်ချနိုင်ပါသည်။ ယနေ့တိုးတက်နေသော လက်တွေ့ဆေးပညာ၏ ခေတ်မှီသော အယူအဆများ ၊ ဆေးဝါးစမ်းသပ်ချက်များ ၊ လူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ နှင့် လုပ်ဆောင်ပုံတို့၏ ဖော်ပြချက်များ စသည့်အချက်အလက်များ အားလုံးတို့သည် အစ္စလာမ့်တို့ ဘုန်းမီးနေလ တောက်ပနေသော ၉ ရာစုနှစ်မှ အစပြုကာ အလယ်ခေတ် အေဒီ ၁၁၀၀ – ၁၄၀၀ အတောအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ကြိုးပမ်းမှုများမှသာ အစပြုခဲ့ခြင်း ဖြစ်ပေသည်။
    မူရင်းဆောင်းပါးရှင် – Rabie E.Abdel-Halim
    [Emeritus Professor of Urology
    Professorial Fellow, Foundation of Science, Technology and Civilization (FSTC), Manchester ]
    ဘာသာပြန်ဆိုသူ – နေခြည် (ဆေး -၂)
    အစ္စလာမ်နှင့် ဆေးသိပ္ပံ FB စာမျက်နှာမှဆောင်းပါးကို ဘာသာပြန်ဆိုသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။
    အစအဆုံး PDF ဖြင့် ဖတ်လိုလျှင်
    Link-1 =>http://goo.gl/ZNmzXf
    Link-2 =>https://www.dropbox.com/s/mrqu2unwg2d02rr/Experimental%20medicine%201000%20years%20ago%20%28MM%29.pdf?dl=0
    ပထမပိုင်း ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/37176
  • လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှ ဆေးသိပ္ပံဆိုင်ရာ အစ္စလာမ့် စာမျက်နှာ
    လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှ ဆေးသိပ္ပံဆိုင်ရာ အစ္စလာမ့် စာမျက်နှာ
    10933930_843319059039884_5054506954943049449_n
    သမိုင်းစာမျက်နှာပေါ်က မွတ်စ်လင်မ်တို့ရဲ့ ရွှေခေတ် အလယ်ခေတ် အေဒီ ၁၁၀၀ – ၁၄၀၀ အတွင်းရှိ ဆေးပညာနယ်ပယ်၌ လက်တွေ့စမ်းသပ်လေ့လာခြင်းများနှင့် ပတ်သက်၍ သိရှိသူ အလွန်နည်းပါးလှပါသည်။ ခြွင်းချက် အနည်းငယ်မှလွဲ၍ မျက်မှောက်ခေတ် ဆေးပညာတိုးတက်မှုသည် ထိုခေတ်က တွေ့ရှိချက်များကို အခြေခံထားခြင်းသာ ဖြစ်သည်။ ၁၆ ရာစု – ၁၈ ရာစုနှစ်များအတွင်း၌ အနောက်တိုင်း ဆေးပညာဟု အများက လက်ခံထားသော ဥရောပမှ တစ်ကျော့ပြန်ခေတ်စားလာသော ဆေးပညာ လက်တွေ့စမ်းသပ်ခြင်းသည် အစ္စလာမ့်ဆေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများကို အခြေခံထားခြင်းသာ ဖြစ်သည်။ ဤဆောင်းပါးသည် ၉ ရာစု မှ ၁၃ ရာစုအတွင်းရှိ အရဗ်ဒေသမှ အစ္စလာမ့် ဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ စမ်းသပ်လေ့လာခြင်းများ တွေ့ရှိမှုများမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။
    ဤလေ့လာချက်တွင် ထိုပညာရှင်ကြီးများ၏ ဆေးပညာ တိုးတက်လာစေရန် သိပ္ပံနည်းကျ ဆောင်ရွက်မှုများ ၊ ဆေးပညာ လေ့လာစမ်းစစ်ချက်များကို သေချာစွာ မှတ်တမ်းတင်ခြင်းပင် ဖြစ်သည်။ ရှေးယခင် တွေ့ရှိချက်များအပေါ် သုံးသပ်ချက်များ ၊ တွေ့ရှိချက်အသစ်များ ၊ မှတ်တမ်းများ ၊ ရောဂါကုထုံးများ ၊ ဆေးအာနိသင် စမ်းသပ်ခြင်းများ ၊ တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်း ၊ ခွဲစိတ်စစ်ဆေးခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းများ ၊ သေဆုံးပြီး ကြွင်းကျန်ရုပ်လောင်းများအား ခွဲစိတ်စစ်ဆေးခြင်း စသည်ဖြင့် အလယ်ခေတ်က အစ္စလာမ့် ပညာရှင်ကြီးများ၏ တွေ့ရှိချက်များသည် ကဏ္ဍ စုံလင်လှပါသည်။ အထက်ဖော်ပြပါ နယ်ပယ်အသီးသီးတို့သည် အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ရှာဖွေတွေ့ရှိမှုများပင်ဖြစ်ပါသည်။
    နိဒါန်း
    ——
    ဒဏ်ရာ အနာတရ ရရှိသူများနှင့် မကျန်းမာသော လူနာများအတွက် ဆေးကုသရန် နည်းလမ်းများကို ရှာဖွေပေးခဲ့သူများနှင့် ပတ်သက်ပြီး သမိုင်းအစကတည်းက မှတ်တမ်းရှိခဲ့ပါသည်။ သို့သော် အနောက်တိုင်းဆေးပညာဟု ယနေ့လက်ခံထားသော ဆေးပညာ၏ သမိုင်းဦး၌ အုတ်မြစ်ချပေးခဲ့သော အလယ်ခေတ် အေဒီ ၁၁၀၀ – ၁၄၀၀ နှစ်များအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံ ပညာရှင်ကြီးများနှင့် ၄င်းတို့၏ လက်တွေ့ စမ်းသပ်လေ့လာချက်များကို သိရှိသူ နည်းပါးလှပါသည်။ ၁၆ ရာစု – ၁၈ ရာစုနှစ် များတွင် ဥရောပကဲ့သို့ အနောက်နိုင်ငံများမှ ဆေးပညာနှင့် သိပ္ပံပညာများ တိုးတက်လာခြင်းသည် ဟိုးယခင် ၉ ရာစုနှစ် မှ ၁၃ ရာစုနှစ် များအတွင်းရှိ အရဗ်ပညာရှင်ကြီးများ၏ တွေ့ရှိချက်များကို အခြေခံထားသော ပညာရပ်များ တစ်ကျော့ပြန် ခေတ်စားလာခြင်းပင် ဖြစ်သည်။ လက်တွေ့စမ်းသပ်လေ့လာခြင်းများအပေါ် အခြေခံကာ တည်ဆောက်ထားသော ၊ အရှိန်အဟုန်နှင့် တိုးတက်နေသော ယနေ့ခေတ် သိပ္ပံပညာရပ်သည် ရှေးဦးခေတ် ၊ အလယ်ခေတ် များမှ ပညာရှင်များနှင့် တိုက်ရိုက် သက်ဆိုင်နေလိမ့်မည် မဟုတ်ဟု အများစုက ယုံကြည်နေကြပါသည်။
    နည်းလမ်းများ
    —————–
    ယနေ့ခေတ်၏ စူးစမ်းလေ့လာ ရှာဖွေတွေ့ရှိမှုများသည် ၉ ရာစု – ၁၃ ရာစု နှစ်များအတွင်းက အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီး ၁၁ ဦးတို့၏ ရှာဖွေလေ့လာ တွေ့ရှိမှုများကို ပုံနှိပ်ထုတ်ဝေခဲ့ကြသော ဆေးကျမ်းကြီးများမှ အစပြုခဲ့ခြင်း ဖြစ်သည်။ ဆေးပညာနှင့် ခွဲစိတ်ကုပညာ တိုးတက်လာမှုများအတွက် အလွန်အရေးကြီးသော အဖိုးမဖြတ်နိုင်သည့် တွေ့ရှိချက်များပင်ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ လေ့လာတွေ့ရှိချက်များသည် ၄င်းတို့အလျင် ပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုများနှင့်လည်းကောင်း ၊ ၄င်းတို့နောက်ပိုင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုများနှင့်လည်းကောင်း နှိုင်းယှဉ်ခြင်း ခံခဲ့ရလေသည်။ အလယ်ခေတ်နှင့် အလယ်ခေတ်နှောင်းပိုင်းရှိ ဥရောပ ဆေးပညာရှင်ကြီးများအပေါ်၌ ထိုအစ္စလာမ့် ဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ အရှိန်အဝါ လွမ်းမိုးမှုရှိသည်ကို သေချာစွာ လေ့လာ အကဲဖြတ်ပြီး မှတ်တမ်းတင်ခြင်း ခံခဲ့ရလေသည်။
    ဆွေးနွေးခြင်း နှင့် ရလဒ်များ
    ———————————
    (၁) ရှေးယခင် တွေ့ရှိချက်များအား သေချာစွာ သုံးသပ်ခြင်း
    အလယ်ခေတ် အေဒီ ၁၁၀၀ – ၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ဆေးပညာနှင့် အခြားသိပ္ပံပညာရပ်တို့၌ အရေးကြီးသည့် အင်္ဂါရပ်များထဲမှ တစ်ခုမှာ စာပေကျမ်းဂန်များကို သေချာစွာ လေ့လာကာ ကျိုးကြောင်းဆီလျှော်စွာ သိပ္ပံနည်းကျဖြစ်အောင် ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။ အစ္စလာမ့် သိပ္ပံပညာရှင်ကြီး တို့သည် ဘာသာပြန် စာအုပ်စာပေများကို သေချာစွာ လေ့လာကာ သုံးသပ်ခဲ့ကြသည်။ မလိုအပ်သော မမှန်ကန်သော အချက်များကို ပယ်ချခဲ့ကြသည်။ ၄င်းတို့ကိုယ်တိုင် ပြုလုပ်ခဲ့သော တွေ့ရှိချက်များ၊ အတွေ့အကြုံများ၊ စမ်းသပ်လေ့လာခြင်းများ၊ ခွဲခြမ်းစိတ်ဖြာသောနည်းလမ်းများမှ မှန်ကန်သည်ဟု သက်သေပြနိုင်သည် များကိုသာ လက်ခံခဲ့ကြသည်။
    ရှေးယခင် တွေ့ရှိချက်များသည် ခိုင်လုံသည် မခိုင်လုံသည် ဟု စစ်ဆေးရုံသာမက အသစ်ထပ်မံတွေ့ရှိချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သဖြင့် အလယ်ခေတ် အစ္စလာမ့် ဆေးပညာရှင်ကြီးများ၏ သုံးသပ်ချက်များသည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရာ၌ တစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့ပါသည်။ ထိုပညာရှင်ကြီးတို့သည် စာတွေ့အယူအဆများကို လက်တွေ့သက်သေပြနိုင်ရန် အသစ်ထပ်မံတွေ့ရှိချက်များကို စနစ်တကျ ဇယားဆွဲကာ ဖော်ပြခဲ့သည့်အတွက် သူတို့၏ ကြိုးစားလုပ်ဆောင်မှုများမှ အကျိုးသက်ရောက်မှု များစွာ ရရှိခဲ့ပါသည်။
    “ကျွန်ုပ်သည် အစားအသောက်များ၏ ဘေးထွက်ဆိုးကျိုးများမှ မည်သို့ရှောင်ရှားရမည်နှင့် ပတ်သက်၍ ဆေးကျမ်းတစ်ခု ရေးသားပြုစုရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂဲလ်လန်သည် ဂုဏ်ပြုထိုက်သော ဆေးပညာရှင်ကြီးတစ်ပါး ဖြစ်သည်။ ကျွန်ုပ်သည် ဂဲလ်လန် ပြုစုခဲ့သောကျမ်းထက် ပို၍ပြည့်စုံသော ရှင်းလင်းသော ကျမ်းစာအုပ်ကို ပြုစုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂဲလ်လန်၏ကျမ်းတွင် အချို့မှားယွင်းမှုများ ၊ လိုအပ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်” ။
    အလ်ရာဇီသည် သူ၏ ကိုယ်ပိုင် စမ်းသပ်ချက်များနှင့် တွေ့ရှိချက်များအပေါ် ယုံကြည်အားထားခြင်းကို သူရေးသားပြုစုခဲ့သော စွယ်စုံကျမ်း “အလ်ဟာဝီ” (Al Hawi) က ပေါ်လွင်စေပါသည်။ အလ်ရာဇီ ၏ သီးခြား ရေးသားပြုစုခဲ့သော သုတေသနကျမ်းတစ်အုပ်ဖြစ်သည့် “ကိသားဗ် အရှ်ရှုကူးက် အလာဂျာလီနူးဆ်” (Kitab Al-Shukuk Ala Galinus) တွင် ဂဲလ်လန်၏ ဆေးပညာအမြင်နှင့် ပတ်သက်သော ဝိရောဓိများကို ရှုထောင့်မျိုးစုံမှ အသေးစိတ် ဆွေးနွေးထားပါသည်။
    အလ်ရာဇီ ၏ “အလ်ဟာဝီ” ကျမ်းတွင် ရှေးယခင် ဆေးပညာရှင်ကြီးများနှင့် ခေတ်ပြိုင် ဆေးပညာရှင်ကြီးတို့၏ ဆေးဝါးနှင့် ပတ်သက်သော ထင်မြင်ချက်များကိုလည်း ဖော်ပြထားပါသည်။ ဆေးဝါး၏ အာနိသင်နှင့် ပတ်သက်၍ ခိုင်လုံမှုရှိစေရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ ဤသည် ခိုင်လုံသော သက်သေ အထောက်အထားလည်း ဖြစ်သည်။
    အလ်ရာဇီ သည် ဆီးကျောက်နှင့် ပတ်သက်၍ ရှေးယခင် ဆေးပညာရှင်များအတွင်း ပျံ့နှံ့နေသော ယုံကြည်ချက်ကို ပထမဦးစွာ သံသယဖြစ်ခဲ့သူ ဖြစ်သည်။ ဆီးအိမ်အတွင်းရှိ ဆီးကျောက်ကို ချေဖျက်ခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေနိုင်သည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ဒုတိယရာစုနှစ် အတွင်းရှိ Antylus ဟုခေါ်သော ဂရိ ဆေးပညာရှင်ကြီးသည် အလ်ရာဇီ ၏ ယုံကြည်ချက်နှင့် ထပ်တူဖြစ်ခဲ့လေသည်။ “သေချာစွာ လေ့လာလိုက်တော့မှ အရာအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော် အတိုင်းပင် ဖြစ်သည်” ဟု အလ်ရာဇီ က ဆိုခဲ့လေသည်။
    အိဗ်နို့စီနာ (၉၈၀-၁၀၃၇) (Avicena 980 – 1037) သည် အလ်ရာဇီ၏ ကျမ်းများတွင် ဖော်ပြခဲ့သော စမ်းသပ်လေ့လာခြင်း ၊ ခွဲခြမ်းစိတ်ဖြာခြင်း စသည်တို့၌ သေသပ်မှုရှိရမည်ဟူသော အခြေခံကျသည့် အချက်ကို လိုက်နာခဲ့ပါသည်။ ဥပမာအနေဖြင့် အိဗ်နို့စီနာ၏ ကျော်ကြားသော ကျမ်းတစ်စောင်ဖြစ်သည့် “ကိသားဗ် အလ်ကာနူးန် ဖိသွစ်ဗ်” (Kitab Al-Qunun Fi Al-Tibb) တွင် ဆေးများအကြောင်း ဤသို့ ဖော်ပြထားပါသည်။
    ” အရက်ကို ဆေးအဖြစ် ဖန်တီးကာ မှီဝဲခြင်းအားဖြင့် ဆီးကျောက်သည် ပျော်ဝင်သွားစေနိုင်သည်ဟု အချို့ပညာရှင်များက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဤကုထုံးသည် ကျွန်ုပ် လုံးဝလက်မခံသော ကုထုံးပင် ဖြစ်သည်”။
    အခြားသော အစ္စလာမ့် ဆေးသိပ္ပံ ပညာရှင်ကြီးများ အားလုံး တို့သည်လည်း ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခြင်းများ ပြုလုပ်ကာ ရရှိသော တွေ့ရှိချက်များကိုသာ ယုံကြည်အားထားခဲ့ကြလေသည်။ ဥပမာတစ်ခုအနေဖြင့် ၁၃ ရာစု၏ ဆေးပညာရှင်ကြီး အိဗ်နို့အလ်နဖီးဆ် (Ibn Al-Nafis) (၁၂၁၀ – ၁၂၈၈) သည် ၄င်းပြုစုရေးသားခဲ့သော ဆေးကျမ်း “ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်” (Sharh Tashrih Al-Qanun) တွင် ဤသို့ဖော်ပြထားပါသည်။
    “ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် တိကျသော သုတေသနလုပ်ခြင်း ၊ သေချာစွာ တိုက်ရိုက်စမ်းသပ်လေ့လာခြင်း စသည်တို့မှ ရရှိသော တွေ့ရှိချက်များကိုသာ အားထားပါသည်။ ကျွန်ုပ်တို့၏ တွေ့ရှိချက်များသည် အခြားသူများ၏ တွေ့ရှိချက်များနှင့် တူညီသည်ဖြစ်စေ ၊ မတူညီသည်ဖြစ်စေ ကျွန်ုပ်တို့ ဂရုမစိုက်ပါ” ။
    ဆက်ရန် . .
    ဤဆောင်းပါးသည် အစ္စလာမ့် ဆေးပညာရှင်ကြီးများ အုတ်မြစ်ချခဲ့သော အေဒီ ၁၁၀၀ – ၁၄၀၀ နှစ်များအတွင်းရှိ သိပ္ပံနည်းကျသော နည်းလမ်းများ ဆေးပညာ လက်တွေ့စမ်းသပ်ချက်များနှင့် ပတ်သက်သော တွေ့ရှိချက်များထဲမှ အချို့ကို စုစည်း ဖော်ပြထားခြင်း ပင်ဖြစ်သည်။
    မူရင်းဆောင်းပါးရှင် – Rabie E.Abdel Halim
    [Emeritus Professor of Urology
    Professorial Fellow , Foundation of Science , Technology and Civilization (FSTC) , Manchester ]
    ဘာသာပြန်ဆိုသူ – နေခြည် (ဆေး – ၂)
    အစ္စလာမ်နှင့် ဆေးသိပ္ပံ FB စာမျက်နှာမှဆောင်းပါးကို ဘာသာပြန်ဆိုသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။