News @ M-Media

Tag: boxing

  • ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

    ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    tyson

    – စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန် ဖျူရီမှာ ယူကရိန်းနိုင်ငံသား ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုအား အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

    ကမ္ဘာချန်ပီယံဘွဲ့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ သိမ်းပိုက်ထားသည့် ကလစ်ရှ်ကိုနှင့် ဖျူရီတို့မှာ ယမန်နေ့ညပိုင်းက ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်ငယ်ရွယ်ကာ အရပ်အမောင်းနှင့် ခန္ဓာကိုယ်အလေးချိန်သာသည့် ဖျူရီက အသာရခဲ့သည်။

    နောက်ဆုံးတွင် ဒိုင်လူကြီးများ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် ဖျူရီက အနိုင်ရခဲ့ကာ ယှဉ်ပြိုင်ထိုးသတ်ခြင်း မပြုခင် အနိုင်ရမည်ဟု ၎င်းကြုံးဝါးထားသည့် စကားများမှာလည်း အကောင်အထည် ပေါ်လာခဲ့သည်။

    ထိုပွဲအတွက် ၎င်းတို့နှစ်ဦး၏ စာချုပ်တွင် ပြန်လည်ထိုးသတ်ရန် အပိုဒ် ၁ ပိုဒ်ပါဝင်သည်ဟု ယုံကြည်ရပြီး အသက် ၃၉ နှစ်အရွယ်ရှိ ကလစ်ရှ်ကိုမှာ လက်ဝှေ့လောကမှ အနားယူမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    ယခုပွဲအနိုင်ကြောင့် ဖျူရီမှာ WBA, IBF နှင့် WBO ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပြီး WBC ချန်ပီယံဖြစ်သည့် အမေရိကန်နိုင်ငံသား ဒီယွန်တေ ၀ိုင်လ်ဒါနှင့် ထိုးသတ်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

    Ref: Dailymail

  • ငယ်ဘ၀အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည့် ဗြိတိန်လက်ဝှေ့သမား

    ငယ်ဘ၀အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည့် ဗြိတိန်လက်ဝှေ့သမား

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    box

    – ဗြိတိန်လက်ဝှေ့သမား အန်သိုနီ ခရိုလာမှာ ကိုလံဘီယာမှ ဒါလေးစ်ပီရက်ဇ်ကို အလဲထိုးကာ ငယ်ဘ၀အိပ်မက်ဖြစ်သည့် WBA ကမ္ဘာ့လိုက်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က မန်ချက်စတာတွင် ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် ခရိုလာမှာ လက်ရှိချန်ပီယံ ပီရက်ဇ်ကို ၅ ချီမြောက်တွင် အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်နွေရာသီက နောက်ဆုံးထိုးသတ်ခဲ့ရာတွင် ခရိုလာက ရှုံးနိမ့်ခဲ့ပြီး ယခုပွဲ၌ လက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် ခရိုလာကသာ လက်ရည်သာခဲ့ပြီး ဒိုင်လူကြီးများက ညစ်သောကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု အများစုက ယူဆထားကြသည်။

    ခရိုလာမှာ ၁၁ လအရင်က ချက်ဒါတန်မြို့ရှိ ၎င်းအိမ်ဘေးမှ အိမ်တစ်အိမ်သို့ ဖောက်ထွင်းခိုးယူသူတစ်ယောက်ကို လိုက်ဖမ်းပေးရင်း ဦးခေါင်းခွံကွဲအက်သည့် ဒဏ်ရာရရှိကာ အနားယူခဲ့ရသည်။ ယခုပွဲတွင် အလဲထိုးပြီးနောက် ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်၍ မပြီးဆုံးမီမှာပင် ခရိုလာမှာ ၀မ်းသာ၍ မျက်ရည်များပင် ကျခဲ့သည်။

    “အသက် ၁၀ နှစ်အရွယ်လောက်ကတည်းက ကျွန်တော် ဒီအိပ်မက်ကို မက်ခဲ့တာပါ။ ကျွန်တော် ပီရက်ဇ်ကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်” ဟု ခရိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail

  • ကမ္ဘာ့လက်ဝှေ့ကျော်တစ်ဦး ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ

    ကမ္ဘာ့လက်ဝှေ့ကျော်တစ်ဦး ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    cotto

    – ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC ၏ မစ်ဒယ်ဝိတ်တန်းချိန်ပီယံ မီဂွဲလ်ကော့တိုမှာ WBC မှ သတ်မှတ်ခဲ့သည့် ဒဏ်ကြေးကို ပေးဆောင်ခြင်း မပြုသောကြောင့် ၎င်း၏ ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်ဟု သိရသည်။

    လာမည့်စနေနေ့တွင် စိန်ခေါ်သူ လူငယ်လက်ဝှေ့သမား အလ်ဗာရက်ဇ်နှင့် ထိုးသတ်ရန် ရှိနေသည့် ကော့တိုမှာ ကန်ဒေါ်လာ သန်း ၃၀ ခန့် ရရှိမည့် ထိုပွဲအတွက် WBC ၏ စည်မျဉ်းစည်ကမ်း သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သည့်အတွက် ကန်ဒေါ်လာ ၃ သိန်း ဒဏ်ငွေ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကမူ ထိုဒဏ်ကြေးကို ပေးဆောင်ခဲ့ခြင်းမရှိပေ။

    ထို့ကြောင့် WBC က ၎င်း၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စနေနေ့ပွဲတွင် အလ်ဗာရက်ဇ်က အနိုင်ရရှိပါက ထိုချန်ပီယံဘွဲ့ကို ရယူနိုင်မည်ဖြစ်သည်။

    WBC မှ ထုတ်ပြန်သော ကြောငြာချက်တွင် ကော့တိုနှင့် ၎င်း၏ အဖွဲ့မှာ မိမိတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ခြင်းမရှိဟု ဖော်ပြခဲ့ပြီး အဖွဲ့ဥက္ကဌ မူရီစီယို ဆူလေမန်ကမူ သဘောတူညီချက်ကို လက်မှတ်ထိုးရန် ကော့တို၏ ငြင်းဆိုမှုမှာ စိတ်ပျက်ဖွယ်ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    bos
    ကလစ်ရှ်ကို (၀ဲ) နှင့် ဖျူရီ (ယာ)

    – မိမိအနေဖြင့် တိုင်ဆန်ဖျူရီအား အလဲထိုးသွားမည်ဖြစ်ပြီး ဖျူရီကို ဒေးဗစ်ဟေးနှင့် အန်သိုနီ ဂျိုရှူဝါတို့ပင် အလဲထိုးနိုင်သည်ဟု ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုက ပြောကြားလိုက်သည်။

    ယူကရိန်းလက်ဝှေ့ကျော် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့သမား ဖျူရီတို့မှာ ယခုလ ၂၈ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ပွဲအတွက် စက်တင်ဘာလက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ဖျူရီမှာ ကလစ်ရှ်ကိုအား ရိသဲ့သဲ့စကားများ ပြောခဲ့ပြီး နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာကပင် မခံချင်အောင် စကားနာ ထိုးခဲ့သည်။

    “ဒေးဗစ်ဟေးနဲ့ ဖျူရီ ထိုးဖြစ်ရင် ဒေးဗစ်ဟေးက အလဲထိုးနိုင်မှာပါ။ အန်သိုနီဂျိုရှူဝါကလည်း သူ့ကို အလဲထိုးနိုင်မှာပါ။ ဒက်ဆဲလ်ဒေါ့ဖ်မှာ ကျွန်တော်အလဲထိုးမယ့် ပွဲလိုမျိုးပေါ့” ဟု လစ်ရှ်ကိုက ပြောကြားခဲ့သည်။

    ဖျူရီ၏ စကားနာထိုးမှုနှင့် ပတ်သက်၍လည်း ၎င်းက “Twitter မှာ ကျွန်တော်သူ့ကို မတုန့်ပြန်ပါဘူး။ အချိန်ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်နည်းနည်းတော့ ပြောချင်ပါတယ်။ သူက သူ့လို ၂၇ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ (ကျွန်တော့်လို) လူအိုတစ်ယောက်ကို ဘယ်တော့မှ မရှုံးဘူးလို့ ပြောတယ်။ ဒါဆို ဘာ့ကြောင့် အသည်းအသန် လေ့ကျင့်နေရတာလဲ။ အပြောနဲ့အလုပ်က တစ်ခြားစီဖြစ်နေတယ်။ တစ်ခါတစ်လေကျရင် သူက ကျွန်တော့်ကို အားကျတယ်ပြောတယ်။ ဟော – နောက်ကျတော့ ကျွန်တော်ဟာ
    အသုံးမကျဘူးလို့ ပြောပြန်တယ်။ အဓိပ္ပါယ်ကို မရှိပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dialymail

  • အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ လာမည့်နှစ် ဧပြီလတွင် ထိုးသတ်မည်

    အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ လာမည့်နှစ် ဧပြီလတွင် ထိုးသတ်မည်

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    amir

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် ထိုးသတ်ရန် နောက်ဆုံး သဘောတူညီချက်ကို ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီရ်းခန်းက လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့ နှစ်ဦး၏ပွဲမှာ လာမည့်နှစ် ဧပြီ ၉ ရက်နေ့တွင် ဖြစ်လာမည်ဟု သိရသည်။

    အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်၌ ထိုးသတ်သွားမည်ဖြစ်ပြီး ထိုပွဲမှာ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရန် တာဆူနေသည့် ပက်ကွီအို၏ နောက်ဆုံးပွဲလည်း ဖြစ်လာနိုင်သည်။ အမီးရ်ခန်းမှာ ပက်ကွီအိုအား အနိုင်ရခဲ့သည့် မေ၀ယ်သာနှင့် ထိုးသတ်ရန် ၂ နှစ်ကြာ ကြိုးစားခဲ့သော်လည်း မေ၀ယ်သာက ၎င်းအား ရှောင်၍ အန်ဒရေဘာတိုနှင့် ထိုးသတ်ကာ လက်ဝှေ့လောကမှ အနားယူသွားခဲ့သည်။

    မေ၀ယ်သာနှင့်ပွဲမတိုင်ခင် ရရှိခဲ့သည့် ပုခုံးဒဏ်ရာကြောင့် အနားယူနေရသည့် ပက်ကွီအိုမှာ လာမည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း အမီးရ်ခန်းမှာ ပက်ကွီအိုနှင့် ထိုးသတ်ခွင့်ရရန် ကြိုးစားခဲ့ပြီး စောစောပိုင်းက ၎င်းတို့ပွဲမှာ ဒူဘိုင်းတွင် ဖြစ်မည်ဟု သတင်းထွက်ခဲ့သေးသည်။

    Ref: Dailymail