News @ M-Media

Tag: China

  • စက်တင်ဘာ ၇ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၇ ရက်နေ့ သတင်းတို

    M-Media

    နိုင်ငံတော်လုံခြုံရေးကြောင့် ကန်တက္ကသိုလ်တစ်ခု တရုတ်နှင့် အဆက်အသွယ်ဖြတ်
    ———————–
    တရုတ်စစ်တပ်နဲ့ ပတ်သက်မှုရှိနိုင်တဲ့ Tianjin၊ Shenzhen တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန် နည်းပညာတက္ကသိုလ် Georgia Tech က ကြေငြာပါတယ်။ Georgia Tech ဟာ တရုတ်တက္ကသိုလ်တွေနဲ့ ကွန်ပျူတာချပ်စ် သုတေသနမှာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့ အောက်လွှတ်တော်ကော်မတီက ဆုံးဖြတ်ကာ ဆက်ဆံရေး ရပ်ဆိုင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ဗီယက်နမ်တိုင်ဖုန်း အပျက်အဆီးများမည်
    ————-
    တရုတ်တောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Yagi ဟာ ဒီကနေ့မှာတော့ ဗီယက်နမ်ဖက်ကို ၀င်ရောက်လာပါတယ်။ တစ်နာရီကို လေတိုက်နှုန်း ၁၄၉ ကီလိုမီတာရှိပြီး သစ်ပင်တွေ အမြစ်ကနေ ပြုတ်လဲတဲ့အထိ ပြင်းထန်ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီလို့ ဗီယက်နမ်က ထုတ်ပြန်ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်မှာ Yagi ကြောင့် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    အမှိုက်ဗူဖောင်းများဖြင့် တောင်ကိုရီးယား တိုက်ခိုက်ခံနေရ
    —————-
    ပြီးခဲ့တဲ့ ၃ ရက်အတွင်း မြောက်ကိုရီးယားဟာ မြစ်ကြောင်းကနေတစ်ဆင့် အမှိုက်ဗူဖောင်း ၉၀၀ လောက် မျှောချခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ အမှိုက်တွေဟာ အများအားဖြင့် စက္ကူနဲ့ ပလက်စတစ်ပစ္စည်းတွေဖြစ်ပြီး လူထုအတွက် အန္တရာယ်မရှိပါဘူး။ မြောက်ကိုရီးယားကတော့ နယ်စပ်မှာ တောင်ကိုရီးယားဖက်က အသံချဲ့စက်နဲ့ ၀ါဒဖြန့်နေမှုကို လက်တုန့်ပြန်တာလို့ ထုတ်ပြန်ပါတယ်။

    Ref: CNA

  • ဂိမ်းလောကမှာ ၀က်၀က်ကွဲ အောင်မြင်သွားတဲ့ ၀ူခုန်း

    ဂိမ်းလောကမှာ ၀က်၀က်ကွဲ အောင်မြင်သွားတဲ့ ၀ူခုန်း

    သြဂုတ် ၂၄၊ ၂၀၂၄
    M-Media

    -တရုတ်ထုတ် ဂိမ်းတစ်ခုဖြစ်တဲ့ Black Myth: Wukong ဟာ ဂိမ်းလောကမှာ နာမည်ကျော်သွားခဲ့ပြီး ၃ ရက်အတွင်း ဖလက်ဖောင်းပေါင်းစုံမှာ ၁၀ သန်းကျော် ရောင်းရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

    Black Myth: Wukong ဟာ နာမည်ကျော် ၀ူခုန်း၀တ္ထု ‘အနောက်ဖက်သို့ ခရီးသွားခြင်း’ ကို အခြေခံ ဖန်တီးထားတာပါ။ အရင်က ဒီ၀တ္ထုကို အခြေခံကာ ဇာတ်လမ်းတွဲရိုက်ခဲ့ရာမှာ ကမ္ဘာတစ်လွှား အောင်မြင်မှုတွေ ရခဲ့ပါတယ်။

    ဂိမ်းမှာ မျောက်မင်းစွန်း၀ူခွန်းကို ဇာတ်လိုက်အဖြစ် ကစားရမှာဖြစ်ပါတယ်။ ၀ူခုန်းဂိမ်း အောင်မြင်တာကြောင့် ဂိမ်းထဲမှာ ပါ၀င်တဲ့ တရုတ်နိုင်ငံက နေရာတွေကို လူတွေက စိတ်၀င်စားလာကြပြီး သွားရောက် လည်ပတ်မှုတွေ မြင့်တက်လာပါတယ်။

    ၀ူခုန်းဂိမ်းကို ၆ နှစ်ကျော်ကြာ ဖန်တီးခဲ့ရပြီး တရုတ်နိုင်ငံထုတ် ပထမဆုံး AAA အဆင့် ဂိမ်းလည်း ဖြစ်ပါတယ်။ ဂိမ်းကိုထုတ်လုပ်တဲ့ Game Science စတူဒီယိုနဲ့ ပိုင်ရှင် ဖန်းကျီတို့ဟာလည်း ဂိမ်းဖန်တီးမှု လောကမှာ လျင်လျင်မြန်မြန်ပဲ နာမည်ကျော်လာပါတယ်။

    Ref: South China Morning Post

  • အာကာသမှ ဂြိုဟ်တုများကိုပါ ဖျက်ဆီးနိုင်မည်ဆိုသည့် တရုတ်၏ လေဆာရေငုပ်သင်္ဘော

    အာကာသမှ ဂြိုဟ်တုများကိုပါ ဖျက်ဆီးနိုင်မည်ဆိုသည့် တရုတ်၏ လေဆာရေငုပ်သင်္ဘော

    ဇူလိုင် ၂၁၊ ၂၀၂၄
    M-Media

    -မီဂါ၀ပ်အား လေဆာလက်နက်တပ်ထားတဲ့ တရုတ်ရေငုပ်သင်္ဘောဟာ အာကာသထဲက သေးငယ်တဲ့ ဂြိုဟ်တုတွေကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း တရုတ်စစ်တပ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    တရုတ်စစ်တပ်မှာ ရေငုပ်သင်္ဘော ဘယ်လောက်များများ လေဆာလက်နက် တပ်ထားလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    တရုတ်ရေငုပ်သင်္ဘော အကယ်ဒမီက ပရော်ဖက်ဆာ ၀မ်ဒန်က လေဆာလက်နက်တပ်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အများအပြားထုတ်လုပ်ကာ တရုတ်နိုင်ငံကို ထိခိုက်လာနိုင်တဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ သမုဒ္ဒရာတွေမှာ ချထားမယ့် စီမံကိန်းတစ်ခုကို ရေးဆွဲကာ တရုတ်စစ်တပ်ထံ ပေးပို့ခဲ့ပါတယ်။

    အထူးသဖြင့် ၀ေဟင်ကလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ပါ။

    ၀မ်ဒန်ရဲ့ စီမံကိန်းမှာ SpaceX ရဲ့ Starlink အင်တာနက်ကွန်ယက်က ဂြိုဟ်တုတွေကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ လေဆာတပ်ထားတဲ့ ရေငုပ်သင်္ဘောတွေကို သတ်မှတ်စစ်ဆင်ရေးဧရိယာမှာ ချထားကာ ဂြိုဟ်တုက ဧရိယာထဲ၀င်ရောက်လာတာနဲ့ ရေပေါ်ကို အလျင်အမြန်တက်ပြီး လေဆာနဲ့ ပစ်ခတ်ဖျက်ဆီးမှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက် ရေငုပ်ပျောက်ကွယ်သွားမှာပါ။

    လက်ရှိ ကမ္ဘာ့စစ်ရေးနယ်ပယ်မှာ ဂြိုဟ်တုတွေကို ဖျက်ဆီးနိုင်မယ့် လက်နက်ဟာ မြေပြင်က ၀ေဟင်ပစ် ဒုံးခွင်းစနစ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်တွေဟာ ထောက်လှမ်းဖျက်ဆီးဖို့ ပိုမိုလွယ်တာကြောင့် ၀မ်ဒန်ရဲ့ စီမံကိန်းမှာ လေဆာလက်နက်ကို ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: Interesting Engineering

  • ကားအခွန်အတွက် ဥရောပမှ၀က်သားတင်ပို့မှုကို အခွန်တန်ပြန်ကောက်မယ့် တရုတ်

    ကားအခွန်အတွက် ဥရောပမှ၀က်သားတင်ပို့မှုကို အခွန်တန်ပြန်ကောက်မယ့် တရုတ်

    ဇွန် ၁၈၊ ၂၀၂၄
    M-Media 

    -ဥရောပနိုင်ငံတွေက ၀က်သားတင်ပို့မှုကို အခွန်ကောက်ဖို့ တရုတ်နိုင်ငံက စီစဥ်နေပြီး၊ တရုတ်ထုတ်ကား တင်သွင်းမှုအပေါ် ဥရောပကော်မရှင်က အခွန်ကောက်တာကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

    ဥရောပနိုင်ငံတွေဟာ သူတို့တင်သွင်းတဲ့ အေးခဲ၀က်သား၊ လတ်ဆတ်၀က်သား အပါအ၀င် ၀က်သားနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်အားလုံးရဲ့ တင်သွင်းစျေးကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချစျေးထက် လျော့နည်းအောင် တမင်လုပ်ထားတာသလားဆိုတာကို တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ 

    ဒီလို လုပ်ဆောင်ထားတာတွေ့ရင် တရုတ်က ၀က်သားတင်သွင်းမှုမှာ ‘စျေးကွက်ဖျက်အခွန်’ တပ်မှာ ဖြစ်ပါတယ်။ 

    တရုတ်ရဲ့ ၀က်သားတင်သွင်းမှုတန်ဖိုးဟာ ၂၀၂၃ ခုနှစ်မှာ ကန်ဒေါ်လာ ၆ ဘီလီယံ ရှိခဲ့ပြီး အဒီအထဲက ထက်၀က်ဟာ ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။

    စပိန်က တရုတ်ကို အဓိက ၀က်သားတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ဒေါ်လာ ၁ ဘီလီယံ နီးပါးရှိပါတယ်။ နယ်သာလန်နဲ့ ဒိန်းမတ်တို့ရဲ့ ၀က်သားတင်သွင်းမှုက တစ်နှစ်ကို ဒေါ်လာ သန်း ၆၂၀ နဲ့ သန်း ၅၅၀ အသီးသီး ရှိပါတယ်။ 

    ဥရောပကော်မရှင်ဟာ တရုတ်ကတင်သွင်းလာတဲ့ကားတွေကို ဇူလိုင်လကနေစပြီး ၃၈ ရာခိုင်နှုန်း အခွန်ကောက်ဖို့ စီစဥ်တာကို တရုတ်က ၀က်သားအခွန်နဲ့ ပြန်ပြီးတုန့်ပြန်လိုက်တာပါ။  

    တရုတ်ကားလုပ်ငန်း၊ အထူးသဖြင့် လျှပ်စစ်ကားကုမ္ပဏီတွေကို တရုတ်အစိုးရက ငွေကြေးထောက်ပံ့ကာ ဥရောပလုပ်ငန်းတွေ စျေးကွက်မှာ နေရာမရအောင် လုပ်ဆောင်နေတယ်လို့ ဥရောပကော်မရှင်က စွပ်စွဲကာ အခွန်တပ်တာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ကျောင်းသားများ အိမ်စာအလွန်အကျွံလုပ်ရသည့် ပြဿနာကို တရုတ်အစိုးရ ဖြေရှင်းမည်

    ကျောင်းသားများ အိမ်စာအလွန်အကျွံလုပ်ရသည့် ပြဿနာကို တရုတ်အစိုးရ ဖြေရှင်းမည်

    မေ ၁၄၊ ၂၀၂၄

    M-Media 


    -အိမ်စာအလွန်အကျွံ လုပ်ရတာအပါအ၀င် နိုင်ငံတစ်၀ှမ်း ကျောင်းတွေမှာ ကျောင်းသားတွေ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်အစိုးရက စီမံကိန်းတစ်ခု စတင်လိုက်ပါတယ်။ 

    ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးမယ့် အစီအစဥ်လို့ ခေါင်းစဥ်တပ်ထားပါတယ်။ 

    တရုတ် ပညာရေး၀န်ကြီးဌာနရဲ့ မေလ ၁၄ ရက်နေ့ ထုတ်ပြန်မှုမှာ အိမ်စာအလွန်အကျွံလုပ်ရတာ၊ အနိုင်ကျင့်ခံရတာတွေအပါအ၀င် နိုင်ငံတစ်၀ှမ်း ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဒီစီမံကိန်းကနေ ဖြေရှင်းပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

    အထူးသဖြင့် ကျေးလက်ဒေသက ရွှေ့ပြောင်း ကျောင်းသားတွေ၊ မိဘက မြို့ကြီးတွေမှာ အလုပ်သွားလုပ်နေတာကြောင့် စောင့်ရှောက်ကူညီမယ့်သူ မရှိတဲ့ ကျောင်းသားတွေကို အဓိက ပစ်မှတ်ထားမှာပါ။ 

    ကျောင်းသားတွေ ရင်ဆိုင်ခံစားနေရတဲ့ အချက် ၁၂ ချက်ကို တရုတ် ပညာရေး၀န်ကြီးဌာနရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပြီး၊ အဲဒီအချက်တွေထဲမှာ ကလေးတွေရဲ့ အားလပ်ချိန်အထိ ပညာရေးက လွှမ်းမိုးနေတာ၊ ကျောင်းတွေမှာ အနိုင်ကျင့်ခံရမှု၊ ဆရာ၊ ဆရာမတွေရဲ့ လစ်လျူရှုခံရမှု စတာတွေ ပါ၀င်ပါတယ်။ 

    ကျောင်းသားတွေအပေါ် ဖိအားလျော့စေမယ့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တရုတ်အစိုးရက ၂၀၂၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ 

    ပြည်သူတွေ ပညာရေးစနစ် သက်သာစေဖို့ ကန်ဒေါ်လာ ဘီလီလံ ၁၂၀ တန်ဖိုးရှိတဲ့ ပုဂ္ဂလိက ကျူရှင်စနစ်ကို တရုတ်အစိုးရက ၀င်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ 

    Ref: Reuters