News @ M-Media
Tag: EPL
  • အသင်း၌ ထိပ်တန်းတိုက်စစ်မှူးဖြစ်ရန် ရူနီ အဆင်သင့်ဖြစ်နေ
    အသင်း၌ ထိပ်တန်းတိုက်စစ်မှူးဖြစ်ရန် ရူနီ အဆင်သင့်ဖြစ်နေ
    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media
    rony
    – လာမည့်ရာသီတွင် မိမိအနေဖြင့် အသင်း၏ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဖြစ်လာရန် အဆင်သင့်ဖြစ်နေသည်ဟု မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    အသက် ၂၉ နှစ် ရှိပြီဖြစ်သည့် ရူနီမှာ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်တွင် အသင်းအတွက် ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ဗန်ဂါးလ်မှာ တစ်ခါတစ်ရံတွင် ၎င်းအား အရေးပါသည့်နေရာ၌ ထားရှိ အသုံးပြုခဲ့သည်။
    ယခုနှစ်တွင် ရော်ဘင်ဗန်ပါစီ ဖီနာဘာချီသို့ ထွက်ခွာခဲ့ပြီး၊ ဖယ်လ်ကာအိုကလည်း ထွက်ခွာသွားသောကြောင့် ရူနီမှာ ယခုလက်ရှိတွင် ဗန်ဂါးလ်၏ ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာခဲ့သည်။ အင်္ဂလန်အသင်းခေါင်းဆောင် ရူနီကလည်း ထိုအခြေအနေကို နှစ်သက်နေသည်။
    “အဓိကတိုက်စစ်မှူး နေရာဟာ ကျွန်တော် ဂိုးတွေသွင်းနိုင်တဲ့ နေရာဖြစ်တယ်လို့ ထင်ပါတယ်။ ဒီတာဝန်ကိုယူဖို့နဲ့ အသင်းအတွက် ဂိုးတွေသွင်းတဲ့သူ တစ်ယောက်ဖြစ်ဖို့ ကျွန်တော်ဟာ အဆင်သင့်ဖြစ်နေပါပြီ” ဟု ရူနီက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် တစ်ကိုရေ ရည်မှန်းချက်များ မရှိကြောင်း၊ လက်ရှိအချိန်တွင် ကြံ့ခိုင်ရေး ကောင်းမွန်ရန်နှင့် ရာသီသစ်အတွက် အဆင်သင့်ဖြစ်ရန် ဆောင်ရွက်နေကြောင်း၊ တစ်ကိုယ်ရေ ရည်မှန်းချက်များထက် အသင်းကိုသာ ကူညီချင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ခြေစမ်းပွဲအရှုံးက စမ်းသပ်မှုဖြစ်သည်ဟု မော်ရင်ဟိုပြော
    ခြေစမ်းပွဲအရှုံးက စမ်းသပ်မှုဖြစ်သည်ဟု မော်ရင်ဟိုပြော
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    morih
    – ရာသီကြိုခြေစမ်းပွဲတွင် နယူးယောက် ရဒ်ဘူးလ်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်မှုမှာ တစ်ဖက်သတ် အနိုင်ရရှိခြင်းထက်ပို၍ အသင်းအတွက် အကျိုးရှိသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ချယ်ဆီးအသင်းမှာ အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ ထိုကဲ့သို့ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
    မိုရင်ဟိုကမူ ထိုအရှုံးက အသင်းအတွက် စမ်းသပ်မှုဖြစ်သည်ဟု ဆိုသည်။
    “တကယ်လို့ ကျွန်တော်တို့ ၁၀ ဂိုးပြတ်နဲ့ နိုင်ရင်လည်း ဘာမှ ကောင်းသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စမ်းသပ်မှုတစ်ခု လိုချင်ပြီး အဲဒီစမ်းသပ်မှုကို ရခဲ့ပါတယ်။ သူတို့ဟာ သွက်လက်တယ်၊ လျင်မြန်တယ်၊ လှုံ့ဆော်မှုကောင်းတယ်၊ ကျွန်တော်တို့နဲ့ ကစားရတာကို တော်တော်ပျော်ကြပါတယ်။ ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး သူတို့က ပိုကောင်းခဲ့ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထိုပွဲတွင် ချယ်ဆီးမှာ ဒုတိယပိုင်း၌ ပိုမိုဆိုးရွားခဲ့ပြီး မော်ရင်ဟိုကမူ မိမိမှာ အင်္ဂလန်မှ အကောင်းဆုံးအသင်း၏ နည်းပြဖြစ်သည်ဟု ဆိုသည်။
    “ကျွန်တော်ဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းက နည်းပြတစ်ဦးပါ။ ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားတွေရှိတယ်။ အကွဲအပြဲလည်းမရှိပါဘူး။ ခြောက်ရက်မှာ လေ့ကျင့်ခန်း ၁၁ ကြိမ်လောက် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကစားသမားတွေကို ကျွန်တော်ယုံပါတယ်။ ဒီအသင်းနဲ့ ၁၀ ပွဲကစားရင် ကျွန်တော်တို့ ၉ ပွဲ နိုင်ပါတယ်”
    ချယ်ဆီးမှာ ဒုတိယပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနှင့် စနေနေ့တွင် ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    winger
    – အတိတ်က အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန် မဖြစ်နိုင်သော်လည်း လက်ရှိအာဆင်နယ်မှာ ချန်ပီယံမျှော်လင့်ချက်အတွက် ယုံကြည်ချက်ရှိနေပြီဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ၀င်းဂါးသက်တမ်းတစ်လျှောက် ရာသီအစ အဆိုးဝါးဆုံးရလဒ်များကို ကြုံတွေ့ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်မှစ၍ ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ဘဲ ချယ်ဆီး၊ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံဖလား ကိုင်မြှောက်မှုများကိုသာ ကြည့်ရှုခဲ့ရသည်။
    “ဟုတ်ပါတယ်။ အကောင်းဆုံးကစားသမားတွေကို ဆုံးရှုံးရတဲ့အချိန် ပြိုင်ဘက်တွေဟာ သူတို့ရဲ့ လူစာရင်းတွေကို တောင့်တင်းအောင်ကြိုးစားတာကို တွေ့ရတယ်။ ပြီးတော့ သူတို့ဟာ ကိုယ်တွေထက် တောင့်တင်းလာခဲ့ပြီး (ချန်ပီယံဖြစ်ဖို့) မဖြစ်နိုင်ပါဘူး” ဟု ၀င်းဂါးက The Telegraph သို့ ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ်၏ပေါ်လစီမှာ ပြောင်းလဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်က ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၄၂ သန်းဖြင့်လည်းကောင်း၊ ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူးဆန်းချက်ဇ်ကို လည်းကောင်း၊ ခုနှစ်တွင် ဂိုးသမား ပီတာချက်ကိုလည်းကောင်း ခေါ်ယူခဲ့သည်။
    အာဆင်ဝင်းဂါးကမူ ယခုလက်ရှိတွင် အသင်း၏ အနေအထားမှာ ပြောင်းလဲသွားပြီဟု ဆိုသည်။
    “ကျွန်တော်တို့ ကွာဟချက်တွေကို လျှော့ချခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ တည်ငြိမ်နေပြီး ဒါက ကျွန်တော်တို့ကို တောင့်တင်းစေပါတယ်”
    ထို့ပြင် အပြောင်းအရွှေ့ဈေးကွက် မကုန်ဆုံးသေးသောကြောင့် မိမိတို့အသင်းမှာ ကစားသမားများကို ဆက်လက်ဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသင်းမှ ကစားသမားများကို မရောင်းတော့ဘဲ မိမိတို့၏ ဈေးကွက်အပေါ် ရှုမြင်မှုမှာ ပြောင်းလဲသွားပြီဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ကစားသမားသစ် ရှဝိုင်းစတိုင်ဂါကို ဗန်ဂါးလ်ဝေဖန်
    ကစားသမားသစ် ရှဝိုင်းစတိုင်ဂါကို ဗန်ဂါးလ်ဝေဖန်
    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media
    mu
    – မကြာမီကမှ အသင်းသို့ ရောက်ရှိလာသည့် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ၏ ခြေစမ်းပွဲတစ်ခု၌ ပြသခဲ့သော ခြေစွမ်းကို မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်ပြောကြားလိုက်သည်။
    နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲအဖြစ် အမေရိကန်နိုင်ငံတွင် ယမန်နေ့က San Jose Earthquakes အသင်းနှင့် ကစားခဲ့သည်ပွဲတွင် မန်ယူမှာ မာတာ၊ ဒီပေးနှင့် ပီရီရာတို့၏ သွင်းဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
    မန်ယူသို့ ဘိုင်ယန်မှ ပေါင် ၁၂ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ ဒုတိယပိုင်း ဗန်းဂါးလ်၏ ၁၀ ယောက်တိတိ လူစားလဲ ကစားခိုင်းမှုတွင် ပါဝင်ခဲ့သော်လည်း ဗန်းဂါးလ်ကမူ ၎င်း၏ ခြေစွမ်းအား နှစ်သက်ခဲ့ခြင်းမရှိပေ။
    “သူလည်းမစွံပါဘူး။ ကောင်းတာဆိုလို့ တစ်ယောက်တည်း ပြစရာရှိပါတယ်။ အဲဒါက ပီရီရာပါပဲ။ ကစားသမားတွေက ၃ ရက်၊ ဒါမှမဟုတ် ၆ ရက်လောက်သာ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ရပြီး ၄၅ မိနစ်ကစားရတဲ့အခါ ဒီလိုပဲ ဆိုးတတ်ပါတယ်။ လူတိုင်းကတော့ အသင်းမှာ ပါဝင်ရတာ လွယ်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ မလွယ်ပါဘူး။ ပထမပွဲမှာ သူ(ရှဝိုင်းစတိုင်ဂါ) ကစားတာဟာ တော်တော်ကောင်းပါတယ်။ အခုပွဲမှာတော့ တော့်တော့်ကို ဆိုးပါတယ်။ ဒါပေမယ့် ဒါက လေ့ကျင့်ခန်း တစ်ပတ်လောက်သာ ဆင်းရတဲ့အချိန်မျိုးမှာ သေချာပေါက်ဖြစ်တတ်တဲ့ ကိစ္စပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ထို့ပြင် အသင်း၏ ဒုတိယပိုင်းကစားပုံကိုလည်း ဝေဖန်ခဲ့ပြီး ကစားသမားများမှာ ဘောလုံးကို အလွယ်တကူ ဆုံးရှုံးစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ပထမပိုင်းကိုတော့ ကျွန်တော် ကျေနပ်ပါတယ်။ ကစားသမားတွေဟာ ကျွန်တော်တို့လိုချင်သလို ကစားချင်ခဲ့၊ ကစားနိုင်ခဲ့ကြပါတယ်”
    Ref: Goal
  • ဗြိတိန်နိုင်ငံတော်သီချင်းကို မထိလေးစားပြုသည့် ၀က်စ်ဘရွန်းအလယ်တန်းလူ ဝေဖန်ခံနေရ
    ဗြိတိန်နိုင်ငံတော်သီချင်းကို မထိလေးစားပြုသည့် ၀က်စ်ဘရွန်းအလယ်တန်းလူ ဝေဖန်ခံနေရ
    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media
    wbr
    – ရာသီအကြို ခြေစမ်းပွဲ၌ ဗြိတိန်နိုင်ငံတော်သီချင်း ဆိုရာတွင် မထိလေးစားပြုခဲ့သည့် အိုင်ယာလန် ကွင်းလယ်လူ ဂျိမ်းစ် မက်လီန်းမှာ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။
    ယခုနှစ်နွေရာသီတွင် ၀ီဂန်အသင်းမှ ၀က်စ်ဘရွန်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် မက်လီန်းမှာ ရာသီအကြိုခြေစမ်းပွဲအဖြစ် အမေရိကန်ကလပ် ချာလ်စတန် ဘတ္ထရီနှင့် သောကြာနေ့က ကစားခဲ့သည့်ပွဲတွင် ဗြိတိန်နိုင်ငံတော်သီချင်းဖြစ်သော God Save The Queen ဆိုရာ၌ ၎င်း၏ မျက်နှာကို တစ်ဖက်သို့ လှည့်ခဲ့ခြင်းဖြစ်သည်။
    ၎င်း၏ ထိုလုပ်ရပ်ကြောင့် ဆိုရှယ်မီဒီယာများတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ပရိတ်သတ်များက ၎င်းအား ချေးညော်အဖြစ် သမုတ်ခဲ့ကြသည်။ သို့သော်လည်း မက်လီန်းက ၎င်း၏ လုပ်ရပ်အတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။
    “ကျွန်တော် ဘာမှပြောဖို့မလိုသလို၊ ပြောမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် “မက်လီန်းကို ကာကွယ်မှု” လို့ ခေါင်းစဉ်ပေးထားတဲ့ အွန်လိုင်း ဆောင်းပါတစ်ပုဒ်ကို ဖတ်ကြည့်ပါလို့ ကျွန်တော် ပရိတ်သတ်တွေကို တိုက်တွန်းချင်ပါတယ်” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    ၎င်း၏ ခံယူချက်အတွက် မက်လီန်းက အငြင်းပွားဖွယ်ကိစ္စကို ပြုလုပ်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ကမ္ဘာစစ်များနှင့် နောက်ပိုင်းပဋိပက္ခများတွင် ပါဝင်တိုက်ခိုက်ခဲ့ရသည့် ဗြိတိန်နှင့် ဓနသဟာယနိုင်ငံများမှ စစ်တပ်များ၊ အရပ်သားများကို ဂုဏ်ပြုသည့် Remembrance Sunday အထိမ်းအမှတ်အဖြစ် ဘောလုံးဂျာစီတွင် ဘိန်းပန်းထိုးရန် ညွှန်ကြားမှုကို ဆန်းဒါးလန်း၌ကစားစဉ် ၂၀၁၂ ခုနှစ်က ကလီန်းမှာ ငြင်းဆန်ခဲ့ဖူးသည်။
    ၎င်း၏ ထိုလုပ်ရပ်ကြောင့် မက်လီန်းမှာ ဝေဖန်ခံခဲ့ရပြီး Twitter တွင် အသက်အန္တရာယ်ခြိမ်းခြောက်မှုပါ ခံခဲ့ရသည်။ မက်လီန်းကမူ ပြဿနာများတွင် သေဆုံးခဲ့သူများအား မလေးမစားပြုလုပ်သည့်သဘော သက်ရောက်မည်စိုးသောကြောင့် ထိုကဲ့သို့ ပန်းမထိုးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Dailymail