News @ M-Media

Tag: India

  • နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်

    နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်

    ဇွန် ၂၁၊ ၂၀၁၅
    M-Media

    india

    – ယနေ့တွင်ကျရောက်သည့် ပထမဆုံး နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ အခမ်းအနားကို ယောဂကျင့်စဉ်ထွန်းကားသော အန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

    အဆိုပါ ယောဂကျင့်စဉ်နေ့ အခမ်းအနားတွင် ထောင်ပေါင်းများစွာသော ပြည်သူများနှင့်အတူ သမ္မတ မိုဒီ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူမျာ၊ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများနှင့် သံတမန်များလည်း ပါဝင်ခဲ့ကြသည်။ သမ္မတ မိုဒီကမူ နယူးဒေလီ မြို့လည်ကောင်တွင်ပြုလုပ်သည့် ယောဂကျင့်စဉ်တစ်ခုကို ဦးဆောင်ခဲ့သည်။

    “ယောဂကျင့်စဉ်နဲ့ မထိတွေ့တဲ့နေရာ ဒီနေ့ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ ယောဂဟာ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” ဟု မိုဒီ၏ ပြောကြားမှုကို NDTV သတင်းဌာနက ပြောကြားခဲ့သည်။

    အိန္ဒိယဖက်ဒရယ်အစိုးရမှာ ယောဂကျင့်စဉ်လှုပ်ရှားမှု တိုးမြှင့်ရေး အစီစဉ်များကို ဆောင်ရွက်ရန်လည်း စီစဉ်ထားကြသည်။ ပြီးခဲ့သည့်နှစ်တွင် မိုဒီမှာ ယောဂကျင့်စဉ်ဆောင်ရွက်မှုများကို စီမံခန့်ခွဲရန်အတွက် AYUSH ဟု အမည်ရသည့် ၀န်ကြီးဌာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။

    အဆိုပါ AYUSH ၀န်ကြီးဌာန၏ ၀န်ကြီး ရှရီပဒ်နိုက်ကမူ အပြည်ပြည်ဆိုင်ရာ ယောဂကျင့်စဉ်နေ့ကို ဒေလီရှိ သမ္မတအိမ်တော်အနီးတွင် ကျင်းပသွားမည်ဟုဆိုသည်။

    “ယောဂကျင့်စဉ်ကို အတူကျင့်ဖို့ လူပေါင်း လေးသောင်းလောက် ပါဝင်မှာပါ။ ဒါဟာ တစ်ချိန်တည်းမှာ ယောဂကျင့်စဉ်ကို လူအများကြီးဆောင်ရွက်ကြတဲ့ အကြီးဆုံးသော အောင်မြင်မှုတွေထဲက တစ်ခု ဖြစ်မှာဖြစ်တာကြောင့် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ထည့်သွင်းခံရဖို့အတွက်လည်း စာရင်းပေးပြီးပါပြီ” ဟု နယူးဒေလီတွင်နေထိုင်သူ နာယက်က ပြောကြားခဲ့သည်။

    သို့သော်လည်း ယောဂကျင့်စဉ်မွေးဖွားရာ အိန္ဒိယနိုင်ငံအတွင် အဆိုပါယောဂကျင့်စဉ်ကို အများပြည်သူလေ့ကျင့်ခန်းအဖြစ် ပြောင်းလဲမှုအတွက်လည်း အိန္ဒိယအစိုးရမှာ ဝေဖန်မှုများကို ခံနေရသည်။

    မိုဒီမှာ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဇွန်လ ၂၁ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ယောဂကျင့်စဉ်နေ့အဖြစ် သတ်မှတ်ပေးရန် ကုလကို တိုက်တွန်းခဲ့သူဖြစ်သည်။ ၎င်း၏ Twitter စာမျက်မှာတွင် ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ ယောဂကျင့်စဉ်နေ့အတွက်
    ပြည်သူများအားဆုမွန်ကောင်း တောင်းပေးခဲ့သည်။

    မလေးရှား၊ ထိုင်ဝမ်၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကတို့တွင်လည်း နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ကို ကျင်းပရန် ဆောင်ရွက်နေကြသည်။ ဗြိတိန်တွင်မူ သိမ်းမြစ်ကမ်းနဖူး၌ ယောဂကျင့်စဉ် ပြုကျင့်နိုင်ရန်အတွက် ဖျာများကို စီတန်းချထားကြသည်။

    Ref: Aljazeera

  • အိန္ဒိယတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၆ ဦးသေဆုံး

    အိန္ဒိယတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၆ ဦးသေဆုံး

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယနေ့နံနက်ပိုင်းက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ခန့်မှာ ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရသည်ဟု သိရသည်။

    လုဒ်ဟီယာနာမြို့ရှိ မိုးပျံကားလမ်းတစ်ခုအောက်တွင် အမိုးနီးယားဓာတ်ငွေ့တင်ဆောင်လာသည့် ကားတစ်စီးမှာ တိုက်မိပြီးနောက် ထိုကဲ့သို့ ဓာတ်ငွေ့ယိုစိမ့်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာတစ်ဝိုက်ရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

    ဓာတ်ငွေ့ကြောင့် ဒေသခံအချို့မှာ မျက်လုံးများ နီမြန်းလားခြင်း၊ လျှာတွင် အရောင်ပျောက်သွားခြင်းတို့လည်း ဖြစ်ပေါ်ခဲ့သည်။ လူ ၁၀၀ ကျော်ကို အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် အဆိုပါ ဓာတ်ငွေ့ကားမှာ မည်သည့်နေရာသို့ သွားသည်ကို မသိရှိရသေးဘဲ အိန္ဒိယအာဏာပိုင်များကမူ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။

    Ref: Aljazeera

  • နယ်မြေလဲလှယ်ရေး သမိုင်းဝင်စာချုပ်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ချုပ်ဆို

    နယ်မြေလဲလှယ်ရေး သမိုင်းဝင်စာချုပ်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ချုပ်ဆို

    ဇွန် ၇၊ ၂၀၁၅
    M-Media

    india

    – တစ်ဖက်နိုင်ငံအတွင်း ကျရောက်နေသည့် မိမိတို့၏ ပိုင်နက်များကို လဲလှယ်ရေးအတွက် သမိုင်းဝင် သဘောတူညီချက်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အိန္ဒိယသမ္မတ မိုဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့်အချိန် ယမန်နေ့က မြို့တော်ဒါကာတွင် နှစ်နိုင်ငံ သမ္မတနှစ်ဦး၏ ရှေ့မှောက်၌ နိုင်ငံခြားရေး အတွင်းဝန်များက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

    ထိုသဘောတူညီချက်ကြောင့် အငြင်းပွားနေသော ဒေသတွင် ဆယ်စုနှစ်နှင့်ချီ၍ နိုင်ငံမဲ့ဘ၀ဖြင့် နေထိုင်နေရသည့် ပြည်သူများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်ရာနိုင်ငံကို ရွေးချယ် နေထိုင်နိုင်မည်ဖြစ်သည်။

    အဆိုပါ သဘောတူညီချက်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များလည်း ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး နက်ရှိုင်းစေရန်အတွက် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်အား ကန်ဒေါ်လာ ၂ဘီလီယံ ချေငွေပေးသွားမည်ဟုလည်း ကြေညာခဲ့သည်။

    အိန္ဒိယနိုင်ငံအတွင်း ကျရောက်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်မြေ ၅၀ ကျော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်ပေါင်းများစွာ နေထိုင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်နေသည့် အိန္ဒိယနယ်မြေ ၁၀၀ ကျော်တွင်လည်း အိန္ဒိယနိုင်ငံသား အများအပြား
    နေထိုင်နေကြသည်။

    “လွတ်လပ်ရေးရပြီးကတည်းက ကြန့်ကြာနေတဲ့ ပြဿနာတစ်ခုကို ကျွန်တော်တို့ ဖြေရှင်းပြီးပါပြီ။ ကျွန်တော်တို့ နိုင်ငံနှစ်ခုဟာ အခုအချိန်မှာ နယ်နမိတ်ကို သတ်မှတ်ပြီးပါပြီ။ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေသာမကဘဲ သမိုင်း၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဘာသာစကား၊
    ဆွေမျိုးတော်စပ်မှု၊ ပြီးတော့ ခရစ်ကတ်အားကစားနည်းအပေါ် စွဲလမ်းမှု စတဲ့အမျှဉ်အတန်းတွေနဲ့ ရစ်သီနှောင်ဖွဲ့ထားတဲ့ တိုင်းပြည်တွေပါပဲ” ဟု မိုဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူးဒ်အလီကလည်း အဆိုပါ သဘောတူညီချက်များမှာ မိမိတို့ အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အိန္ဒိသမ္မတမိုဒီနှင့် ဘင်္ဂလားဒေ့ရှ်သမ္မတ ရှိခ်ဟာဆီနာတို့မှာ ဒါကာနှင့် အိန္ဒိယမြို့များဖြစ်သော ကိုလ်ကာတား၊ အဂ္ဂါတာလာ၊ ဂူဝါဟ်တီနှင့် ရှိလောင်မြို့များသို့ ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသစ်တစ်ခု ဖွင့်လှစ်ရန်လည်း သဘောတူညီခဲ့ကြသည်။

    Ref: BBC, Aljazeera

  • အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာဖြေရှင်းကာ ပြည်သူများအား ၎င်းတို့၏ဆန္ဒဖြင့် နိုင်ငံသားပေးမည်

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာဖြေရှင်းကာ ပြည်သူများအား ၎င်းတို့၏ဆန္ဒဖြင့် နိုင်ငံသားပေးမည်

    ဇွန် ၆၊ ၂၀၁၅
    M-Media

    india

    – ဘင်္ဂလားဒေ့ရှ်သို့ ၂ ရက်ကြာ အလည်အပတ်သွားရောက်မည့် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ၏ ခရီးစဉ်အတွင်း နယ်စပ်ပိုင်ဆိုင်မှုပြဿနာကို ဖြေရှင်းသွားရန်ရှိနေပြီး ထိုဒေသတွင် နေထိုင်သူများကိုလည်း အိန္ဒိယ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ရွေးချယ်ခွင့် ပေးသွားမည်ဟု သိရသည်။

    ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ၏ နီးကပ်သော မဟာမိတ်ဖြစ်ပြီး မိုဒီ၏ ခရီးစဉ်တွင် ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်များလည်း ချုပ်ဆိုသွားဖွယ်ရှိနေကာ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလေဒါ ဇီယာနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။

    ယခုခရီးစဉ်မှာ ပြီးခဲ့သည့်နှစ်မေလက ရွေးကောက်တင်မြှောက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ မိုဒီ၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အိန္ဒိအရှေ့ဘက်ခြမ်းတစ်လျှောက် ကီလိုမီတာ ၄၀၀၀ အထိ ကျယ်ပြန့်သော နယ်စပ်ပြဿနာကို အမြဲတမ်းအတွက် ဖြေရှင်းရန် သဘောတူညီချက်ကိစ္စက ထိုခရီးတွင် လွှမ်းမိုးမည်ဖြစ်သည်။

    သဘောတူညီချက်အောက်တွင် အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံ၊ ထရီပူရာ၊ မဂ်ဟာလာယာနှင့် အနောက်ဘန်ဂေါလ်အရှေ့ခြမ်းရှိ နယ်မြေများကို အပြန်အလှန် လဲလှယ်သွားမည်ဖြစ်သည်။

    အဆိုပါ ဒေသများတွင် နေထိုင်နေသည့် ပြည်သူများမှာလည်း အိန္ဒိယ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် ကြိုက်နှစ်သက်ရာနိုင်ငံတွင် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး ၎င်းတို့ ရွေးချယ်သည့်အတိုင်း သက်ဆိုင်ရာနိုင်ငံများက နိုင်ငံသားအဖြစ် သတ်မှတ်မည်ဟု အာမခံမှုလည်း
    ပါဝင်မည်ဖြစ်သည်။

    နှစ်နိုင်ငံ အငြင်းပွားနေသည့် ဒေသများတွင် နေထိုင်သူ အရေအတွက်မှာ ၅ သောင်းဝန်းကျင်ရှိနေပြီး အစိုးရများက ထိုဒေသအား လစ်လျူရှုထားသောကြောင့် စာသင်ကျောင်း၊ ဆေးရုံ၊ အခြားသော ၀န်ဆောင်မှုကဲ့သို့ အခြေခံဝန်ဆောင်မှု အများအပြား ဆုံးရှုံးနေကြသည်။

    မိုဒီကမူ ထိုပြဿနာဖြေရှင်းရေး သဘောတူညီချက်ကို ဘာလင်တံတိုင်းဖြိုချမှုနှင့် နှိုင်းယှဉ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မိမိတို့နိုင်ငံ ဆက်ဆံမှုအတွင်း အရေးပါသောအချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေ အိခ်ျ မဟ်မူဒ် အလီကမူ ထိုဖြေရှင်းမှုမှာ စာမျက်နှာသစ် ဖွင့်လှစ်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • အိန္ဒိယတွင် အပူလှိုင်းကြောင့် လူ တစ်ထောင်ကျော်သေဆုံး

    အိန္ဒိယတွင် အပူလှိုင်းကြောင့် လူ တစ်ထောင်ကျော်သေဆုံး

    မေ ၂၇၊ ၂၀၁၅
    M-Media

    india

    – ပြင်းထန်သော အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူမှာ ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၁၀၀ ကျော်သွားခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    “နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်နဲ့ တီလန်ဂါနာ ပြည်နယ်တွေမှာ အပူလွန်ကဲမှုကြောင့် သေတာတွေအပါအ၀င် သေဆုံးသူဟာ အခုအချိန်မှာ ၁၁၀၀ ကျော်သွားပါပြီ။ အခြား သေဆုံးသူ ၂၀ က နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် အပါအ၀င် အိန္ဒိယရဲ့ အခြားသောအစိတ်အပိုင်းတွေက ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ ပြည်နယ်များတွင် အပူလှိုင်းဒဏ်ကို အဆိုးဆုံးခံစားရသည့် ပြည်နယ်မှာ အန်ဒရာပရာဒက်ရှ် ပြည်နယ်ဖြစ်ပြီး ယခုအချိန်အထိ လူပေါင်း ၈၅၂ ဦး သေဆုံးခဲ့ကာ တီလန်ဂါနာပြည်နယ်တွင် သေဆုံးသူမှာ ၂၆၀ ကျော်သွားခဲ့ပြီး ဂူဂျာရတ်တွင် သေဆုံးသူ ၇ ဦးရှိခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

    နယူးဒေလီတွင် အပူချိန်မှာ ၄၅ ဒီဂရီဆဲလ်စီးယက်ပ်ရှိပြီး တောင်ပိုင်းပြည်နယ်များတွင် ၄၇ ဒီဂရီရှိနေသည်ဟု မိုးလေ၀သ၏ ထုတ်ပြန်မှုအရ သိရသည်။ အပူရှိလွန်ကဲမှုအခြေအနေ ဖြစ်ပေါ်နေသည့် နိုင်ငံအတွင်း ယခုတစ်ပတ်ကြာသာပတေးနေ့တွင် မိုးအနည်းငယ် ရွာမည်ဟု မိုးလေ၀သက ခန့်မှန်းထားသည်။ သို့သော်လည်း ယခုလကုန်နောက်ပိုင်းတွင်မှ အိန္ဒိယတွင်
    မိုးမှန်မည်ဖြစ်သည်။

    Ref: Xihnua