News @ M-Media

Tag: Japan

  • နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -ဂျပန်နိုင်ငံက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ Mogami အမျိုးအစား ဖရီးဂိတ်​တိုက်ရေယာဉ် အနည်းဆုံး ၈ စင်း ဝယ်ယူဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

    အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

    အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုနဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီတို့ ပြီးခဲ့တဲ့တစ်ပတ်က တိုကျိုကိုသွားပြီး ဂျပန် ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    Mogami အမျိုးအစား ဖရီးဂတ်ရေယာဉ် ၄ စင်းကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းတို့မှာ အင်ဒိုနီးရှားထံ ဂျပန်က ပေးပို့ရမှာဖြစ်ပြီး၊ နောက်ထပ် ၄ စီးကို အင်ဒိုအစိုးရပိုင် သင်္ဘောကျင်းမှာ ဆောက်လုပ်နိုင်ရေး ဂျပန်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဖရီးဂိတ်ရေယာဉ်တစ်စီးတန်ဖိုးက ကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး ဒီ၀​ယ်ယူမှုဟာ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြီးမားဆုံး ကာကွယ်ရေး သဘောတူညီချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

    အဲဒီ ဖရီးဂိတ်သင်္ဘောမှာ သင်္ဘောဖျက်ဒုံးကျည်၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်၊ Type 12 တော်ပီဒိုတွေ၊ ရေငုပ်သင်္ဘော ထောက်လှမ်းနိုင်မယ့် ဆိုနာစနစ်တွေ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောတွေဟာ အင်ဒိုနီးရှားရဲ့ ရေတပ်စွမ်းရည်ကို ၂ ဆ ပိုမိုအားကောင်းစေလိမ့်မယ်ဆို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှု ရှိနေတဲ့အချိန် အင်ဒိုကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ နိုင်ငံရဲ့ ရေတပ်အင်နဲ့ လေတပ်အင်အားကို အားကောင်းအောင် တိတ်တဆိတ် လုပ်ဆောင်နေပြီး အမေရိကန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံကြီးတစ်ချို့က နည်းပညာမြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ​စစ်​သင်္ဘောတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    Ref: Asia Times

  • စစ်ကောင်စီက သုံးမည်ကို စိုးရိမ်သည့်အတွက် မြန်မာ့ပထမဆုံးဂြိုဟ်တု အသုံးပြုခွင့်ကို ဂျပန်က ခေတ္တရပ်ဆိုင်းထား

    စစ်ကောင်စီက သုံးမည်ကို စိုးရိမ်သည့်အတွက် မြန်မာ့ပထမဆုံးဂြိုဟ်တု အသုံးပြုခွင့်ကို ဂျပန်က ခေတ္တရပ်ဆိုင်းထား

    မတ် ၁၃၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း စစ်ကောင်စီက လူထုအပေါ် ဖိနှိပ်မှုမှာ အသုံးပြုနိင်ချေရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တု အသုံးပြုမယ့်အစီအစဥ်ကို ခေတ္တရပ်ဆိုင်းထားမယ်လို့ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးတက္ကသိုလ် တာ၀န်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ကန်ဒေါ်လာ ၁၅ သန်းတန်တဲ့ ဒီဂြိုဟ်တုစီမံကိန်းကို မြန်မာအစိုးရရဲ့ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (MAEU) နဲ့ ဟိုကိုင်းဒိုးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ နည်းပညာမြင့် ကင်မရာတွေပါ၀င်တဲ့ ဒီဂြိုဟ်တုဟာ မိုးလေ၀သနဲ့ မြေပြင်အခြေအနေတွေကို စောင့်ကြည့်ထောက်လှမ်းပေးပြီး ရရှိတဲ့အချက်အလက်တွေကို စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်တာပါ။

    ဂြိုဟ်တုရဲ့ စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းကို အာဏာသိမ်းစစ်ကောင်စီက ရယူကာ စစ်ဖက်မှာ အသုံးပြုမှာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ဂျပန်အာဏာပိုင်အချို့က ထုတ်ပြောထားပါတယ်။

    ဟိုကိုင်းဒိုးတက္ကသိုလ် တာ၀န်ရှိသူတွေက ဂြိုဟ်တုကို နိုင်ငံတကာအာကာသစခန်းမှာ ခေတ္တထိန်းသိမ်းထားမှာဖြစ်ပြီး စတင်အသုံးပြုမယ့်ကိစ္စကို ဂျပန်အစိုးရရဲ့ အာကာသအေဂျင်စီ (JAXA) နဲ့ ဆွေးနွေးသွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

    “စစ်တပ်နဲ့ ပတ်သက်ဆက်ဆံရတဲ့ ဘယ်အလုပ်ကိုမှ ကျွန်တော်တို့ လုပ်မှာမဟုတ်သလို၊ ဂြိုဟ်တုဟာ စစ်ဖက်အသုံးပြုဖို့ ထုတ်ထားတာလည်း မဟုတ်ပါဘူး။ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ စဥ်းစားနေတယ်။ ဘယ်တော့စပြီး အသုံးပြုမလဲဆိုတာကို ကျွန်တော်တို့ မသိသေးပါဘူး။ လောလောဆယ် ရပ်လိုက်တယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ပြန်စနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အမည်မဖော်လိုတဲ့ စီမံကိန်းမန်နေဂျာက ပြောပါတယ်။

    ဒီဂြိုဟ်တုကိစ္စနဲ့ပတ်သက်ပြီး JAXA က ဘယ်တော့ ဆုံးဖြတ်ချက် ချမလဲဆိုတာကို သူက မပြောခဲ့ပါဘူး။

    MAEU နဲ့စာချုပ်မှာ ဂြိုဟ်တုကို စစ်ဖက်အတွက် အသုံးမပြုရဘူးလို့ မပါပေမယ့်၊ တက္ကသိုလ်က အချက်အလက်တွေကို ထိန်းသိမ်းထားမှာဖြစ်ပြီး မြန်မာအာဏာပိုင်တွေ ထင်သလို ကြည့်ရှုခွင့်ရမှာ မဟုတ်ဘူးလို့ တက္ကသိုလ် တာ၀န်ရှိသူ နောက်တစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း MAEU ရဲ့ ပါမောက္ခချုပ် ဦးကြည်သွင်နဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့လည်း ဟိုကိုင်းဒိုးတက္ကသိုလ်က ပြောပါတယ်။

    မြန်မာဂြိုဟ်တုကို ဖေဖော်၀ါရီ ၂၀ ရက်နေ့က လွှတ်တင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းထဲက ဂျပန်အစိုးရပိုင်တဲ့အခန်းမှာ သိမ်းဆည်းထားပါတယ်။

    ဂြိုဟ်တုကို စစ်ဖက်မှာသုံးဖို့ ဖန်တီးထားတာမဟုတ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ဒါကို ရယူပြီး စစ်တပ်အတွက်အသုံးပြုဖို့ သိပ်မခက်ဘူးလို့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ တာ၀န်ရှိသူ တက်ပီကာဆိုင်က ပြောကြားခဲ့ပါတယ်။

    ဂျပန်နိုင်ငံဟာ မြန်မာနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိပြီး အဓိက ကူညီထောက်ပံ့ပေးနေသူလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပေမယ့် စစ်ကောင်စီကို ဆန့်ကျင်ရေး တွန်းတွန်းတိုက်တိုက် လုပ်ဆောင်တာမျိုး မရှိသေးပါဘူး။

    Ref: Reuters

  • ဝီဂါမွတ်စလင်များ ညှင်းပမ်းခံရသည့် အထောက်အထားများကို ဂျပန်က အမေရိကန်ကိုပေး

    ဝီဂါမွတ်စလင်များ ညှင်းပမ်းခံရသည့် အထောက်အထားများကို ဂျပန်က အမေရိကန်ကိုပေး

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    -တရုတ်အစိုးရက ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဂျပန်က အမေရိကန်နဲ့ ​ယူကေတို့ကို ပေးအပ်ခဲ့တယ်လို့ ဂျပန်-အမေရိကန် ဆက်ဆံရေး တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုအတွက် ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်က တရုတ်အပေါ် ဝေဖန်မှုတွေ၊ ပိတ်ဆို့မှုတွ​ေကျယ်ကျယ်​ပြန့်ပြန့်လုပ်ခဲ့တာဟာ ဂျပန်ထောက်လှမ်းရေးက ပေးအပ်တဲ့ အချက်အလက် အထောက်အထားကြောင့်လည်းပါတယ်လို့ ဒီရင်းမြစ်က ဆိုပါတယ်။

    ​တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ရေး ရည်ရွယ်ပြီး ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေတဲ့ အထူးအဖွဲ့ Five Eyes ထဲဝင်ဖို့ ဂျပန်အစိုးရအတွင်း ဆွေးနွေးမှုတွေ လုပ်နေပေမယ့် နောက်ကွယ်မှာ ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေနေတယ်ဆိုတာ အခုသတင်းက ဖော်ပြနေပါတယ်။

    Five Eyes အဖွဲ့မှာ ဩစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစု အနည်းဆုံး ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ပိတ်လှောင်ထားပြီး တရုတ်ဇာတ်သွင်းနေတယ်လို့ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    ဗြိတိန်နဲ့ အမေရိကန်တို့က တရုတ်အစိုးရရဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် ဂျပန်ကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ပဲ ထုတ်ပြန်ပါတယ်။

    တရုတ်ဟာ ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကလည်း တိုးတက်လာပါတယ်။ ၂၀၂၀ နွေရာသီမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့် ဂျပန်နိုင်ငံကို ပထမဆုံး သွားရောက်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

    EF: Kyodo News

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တရုတ် အက်ပလီကေးရှင်း ၅၀ ကျော်ကို အိန္ဒိယက အသုံးပြုခွင့်ပိတ်

    – နာမည်ကျော် TikTok နဲ့ WeChat တို့အပါအဝင် တရုတ်ထုတ် ဖုန်းအက်ပလီကေးရှင်း စုစုပေါင်း ၅၀ ကျော်လောက်ကို အိန္ဒိယက အသုံးပြုခွင့် ပိတ်လိုက်ပါတယ်။

    ဟိန္ဒိမ၀န္တာတောင်တန်း လာဒက်ခ်ဒေသမှာ အခုလအစောပိုင်းက နှစ်ဖက်စစ်တပ် ခိုက်ရန်ဖြစ်ပွားပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ တရုတ်ထုတ်ကုန် ဆန့်ကျင်ရေးလှုပ်ရှားမှု မြင့်တက်လာခဲ့တာပါ။

    တထရုတ်ထုတ် အက်ပလီကေးရှင်းတွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ လူထုညီညွတ်ရေး၊ ဥပဒေစိုးမိုးရေးကို ပျက်ဆီးစေနိုင်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားပါတယ်။

    တရုတ်ကအစိုးရကတော့ မိမိတို့နိုင်ငံက ကုမ္ပဏီတွေကို နိုင်ငံတကာ ဥပ​​ဒေ၊ ပြည်တွင်းဥပဒေနဲ့ညီအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပြီး အိန္ဒိယအနေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဥပဒေနဲ့ အညီစီးပွားရေးလုပ်ကိုင်ခွင့် ပြန်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။

    အိန္ဒိယက ပိတ်ပင်လိုက်တဲ့ အက်ပလီကေးရှင်းတွေမှာ Weibo၊ Clash of Kings၊ UC Browser၊ Club Factory နဲ့ Shein တို့ ပါဝင်ပါတယ်။

    Ref : BBC

    အာကာသစူးစမ်းရှာဖွေရေးကို ဂျပန်က တိုးမြှင့်လုပ်ဆောင်မည်

    အာကာသ ရှာဖွေစူးစမ်းရေးလုပ်ငန်းမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ ဂျပန်က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    အသေးစား ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်သွားဖို့၊ အမေရိကန်ရဲ့ လသွားခရီးစဉ်မှာ ဂျပန်အာကာသာယာဉ်မှူးတွေ လိုက်ပါနိုင်ဖို့ စတာတွေကို ဆောက်ရွက်မှာဖြစ်ပြီး အာကာသကဏ္ဍအတွက် လက်ရှိ ယန်း ၁.၂ ထရီလီယံ အသုံးပြုမှုကို ၂၀၃၀ ပြည့်နှစ်ရောက်ရင် ၂ ဆတိုးဖို့လည်း စီစဉ်ထားပါတယ်။

    နည်းပညာ၊ ကာကွယ်ရေးနဲ့ အာကာသကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်နိုင်ရေး အားပေးဆောင်ရွက်သွားမယ်လို့ ဂျပန်၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Stripes

  • Covid-19 ကြောင့် ဂျပန်ကျန်းမာရေးစနစ် ပြိုလဲနိုင်ဟု ပညာရှင်များ သတိပေး

    Covid-19 ကြောင့် ဂျပန်ကျန်းမာရေးစနစ် ပြိုလဲနိုင်ဟု ပညာရှင်များ သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်သူအရေအတွက် မြင့်တက်လာရင် တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ် ပြိုလဲနိုင်တယ်လို့ ဂျပန် ဆရာဝန်တွေက အစိုးရကို သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံအပြင်ဘက်မှာ ဒုတိယမြောက် အစောဆုံးကူးစက်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တော့မယ်လို့ အစောပိုင်းမှာ ထင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ကူးစက်မှု ပြန်လာပြီး အခုဆိုရင် ကူးစက်သူ တစ်သောင်းကျော်လာပြီ ဖြစ်ပါတယ်။ သေဆုံးသူက ၂၀၀ ကျော်ရှိလာပြီး မြို့တော်တိုကျိုဟာ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နေရာ ဖြစ်ပါတယ်။

    ကူးစက်သူ မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေက လက်ခံကုသမပေးနိုင်တာတွေ ဖြစ်ပေါ်နေပြီး ကိုဗစ်သံသယလူနာတစ်ဦးကိုဆိုရင် ဆေးရုံ ၈၀ လောက်က ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။

    ဂျပန်ဆရာဝန်များအသင်းက ကျန်းမာရေးဝန်ထမ်းတွေအားလုံး လာရောက်ကူညီပေးဖို့လိုအပ်ပြီး ဒီလိုမှမဟုတ်ရင် ကျန်းမာရေးစနစ် ပြိုလဲသွားမယ်လို့ မနေ့မှာ သတိပေးခဲ့ပါတယ်။

    အခြား ဆေးဘက်ဆိုင်ရာ အသင်း ၂ ခုကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေရဲ့ ကုသနိုင်စွမ်းကလည်း ကျဆင်းလာတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာ ကာကွယ်ရေးဝတ်စုံတွေ လုံလုံလောက်လောက်မရှိတာလို လိုအပ်ချက်တွေလည်း ရှိနေပါတယ်။

    ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရရဲ့ ကိုဗစ်တားဆီးနှိမ်နှင်းရေး ပေါ်လစီတွေကို နိုင်ငံအတွင်းမှာ ဝေဖန်မှု မြင့်တက်နေပါတယ်။

    Ref: BBC