News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၁၈)

    ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၁၈)

    M-Media

    (ဓာတ်ပုံ – အပစ်ရပ်ရေးသဘောတူညီချက် ရပြီးနောက် အစ္စရေးက သတ်ဖြတ်ထားသူများ၏ စျာပန)

    ပါလက်စတိုင်း ဓားစားခံများ၏ စာရင်းကို အစ္စရေးထုတ်ပြန်
    —————————–
    ဟားမက်စ်နဲ့ အပစ်ရပ်ရေး သဘောတူညီချက်အရ ပြန်လွှတ်ပေးမယ့် ပါလက်စတိုင်း ဓားစားခံ ၇၃၇ ဦးရဲ့စာရင်းကို အစ္စရေးက ထုတ်ပြန်လိုက်ပါတယ်။ အပစ်ရပ်ရေးဟာ တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပြီး ဟားမက်စ်ဖက်က ဓားစားခံ ၃၃ ဦးကို ပြန်လွှတ်ပေးမှာပါ။ အစ္စရေးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာက ဟားမက်စ်ရဲ့ တိုက်ခိုက်မှုမတိုင်ခင် ပါလက်စတိုင်း ဓားစားခံထောင်နဲ့ချီ ဖမ်းဆီးထားပြီး၊ ဟားမက်စ်ရဲ့ တိုက်ခိုက်မှု နောက်ပိုင်းမှာလည်း ထောင်နဲ့ချီ ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။

    အစ္စရေး၏ အကျင့်ဆိုးကို တူရကီသမ္မတ သတိပေး
    ———–
    သဘောတူညီချက်တွေ ရပြီးရင် ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်တတ်တဲ့ အစ္စရေးရဲ့ အကျင့်ကို အခုတစ်ခေါက် ဟားမက်စ်နဲ့ အပစ်ရပ်ရေးသဘောတူညီချက်မှာ နိုင်ငံကတာအသိုင်းအ၀ိုင်းက ခွင့်မပြုဖို့ တူရကီသမ္မတ အာဒိုဂန်က သတိပေးလိုက်ပါတယ်။ အစ္စရေးရဲ့ ၁၅ လကြာ လူမျိုးတုန်းသတ်ဖြတ်မှုဟာ ဂါဇာက ညီအစ်ကိုမောင်နှမတွေရဲ့ လွတ်မြောက်ရေး စိတ်ဓာတ်ကို မရိုက်ချိုးနိုင်ဘူးလို့လည်း အာဒိုဂန်က ချီးကျူးခဲ့ပါတယ်။

    ဂါဇာကို အကူအညီပေးရေး အလုံးအရင်နှင့် ၀င်နိုင်ရန် စီစဥ်နေ
    ————-
    တနင်္ဂနွေနေ့မနက်ပိုင်း အပစ်ရပ်ရေးစတင်ရင် ဂါဇာက ပါလက်စတိုင်းပြည်သူတွေအတွက် အကူအညီပေးရေးပစ္စည်း အမြောက်အများပေးအပ်နိုင်ဖို့ ကုလဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စီစဥ်နေပါတယ်။ ယူနီဆက်ဖ်က ဦးဆောင်ကာ အကူအညီပေးရေးထရပ်ကား ၇၀၀ လောက် ချက်ခြင်း၀င်ရောက်ဖို့ ပြင်ဆင်နေပါတယ်။ အစ္စရေးဟာ ၁၅ လကြာ လူသတ်ပွဲအတွင်း ဂါဇာပြည်သူတွေ ငတ်မွတ်ခေါင်းပါးအောင် စနစ်တကျ လုပ်ဆောင်ခဲ့တဲ့အတွက် အငတ်ဘေးဆိုက်တဲ့ အခြအနေမျိုး ဖြစ်နေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၁၇)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၁၇)

    M-Media

    အပစ်ရပ်သဘောတူပြီးနောက်ပိုင်း သတ်ဖြတ်မှုများ ပြုလုပ်နေ
    —————-
    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်နဲ့ ဗုဒ္ဓဟူးနေ့က အပစ်ရပ် သဘောတူညီချက် ရပြီးနောက်ပိုင်း ဂါဇာကမ်းမြှောင်တစ်၀ှမ်း အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၁၀၁ ဦး သေဆုံးခဲ့ပြီး ၂၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ သဘောတူညီချက်ရပြီးနောက် ပျော်ရွှင်နေတဲ့ ပါလက်စတိုင်းလူအုပ်ကို ပစ်မှတ်ထား တိုက်ခိုက်မှုလည်း ရှိခဲ့ပြီး အသတ်ခံရသူတွေထဲမှာ ကလေးငယ် ၂၁ ဦးနဲ့ အမျိုးသမီး ၂၅ ဦး ပါ၀င်ပါတယ်။ အပစ်ရပ်သဘောတူညီချက်ဟာ တနင်္ဂနွေနေ့မှာ စတင် သက်ရောက်မှာ ဖြစ်ပါတယ်။

    အသက်ရှင်ရပ်တည်ရေးအခြေအနေ ဆိုးရွားနေ
    ———-
    အစ္စရေးရဲ့ တစ်နှစ်ကျော်ကြာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ဂါဇာပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးအခြေအနေဟာ အလွန်အမင်း ဆိုးရွားနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ အစ္စရေးဟာ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဒုက္ခသည်စခန်း၊ စစ်ရှောင်စခန်းတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို ဂါဇာပြည်သူတွေအတွက် နိုင်ငံတကာက ပေးအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ၀င်ခွင့်မပြုပါဘူး။ ဂါဇာပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ဆေး၀ါးစတဲ့ အသက်ရှင်ရပ်တည်ရေး အခြေခံလိုအပ်ချက်တွေ အကြီးအကျယ် ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (ဇန်န၀ါရီ ၆)

    ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (ဇန်န၀ါရီ ၆)

    M-Media

    (ဓာတ်ပုံ- ဂါဇာမှ လူနေအိမ်ယာများ ဖျက်ဆီးခံထားရမှုမြင်ကွင်း)

    ၃ ရက်အတွင်း လူ ၂၀၀ နီးပါး သတ်ဖြတ်ခဲ့သည့် အစ္စရေး
    ——————-
    ဇန်န၀ါရီ ၂ ရက်နေ့က ၄ ရက်နေ့အတွင်း ဂါဇာကမ်းမြှောင်က စစ်ရှောင်စခန်းတွေမှာ အစ္စရေးက အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့သူ အနည်းဆုံး ၁၉၄ ဦး ရှိခဲ့ပါတယ်။ အသတ်ခံရသူတွေထဲမှာ ရင်ခွင်ပိုက်အရွယ်အပါအ၀င် ကလေးငယ်အမြောက်အများ ပါ၀င်ပါတယ်။ ဂါဇာမှာ နောက်ဆုံး ကျန်ရှိနေပြီး တစ်စိတ်တစ်ပိုင်းသာ အသုံးပြုလို့ ရတော့တဲ့ al-Awda ဆေးရုံနဲ့ Indonesian ဆေးရုံတို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

    အေးခဲမှုကြောင့် ဂါဇာတွင် သေဆုံးသူ ၈ ဦး ရှိပြီ
    ——————-
    ဂါဇာမြောက်ပိုင်းမှာ အလွန်အမင်း အေးခဲမှုကြောင့် သေဆုံးရတဲ့ ရင်ခွင်ပိုက် ကလေးငယ် အရေအတွက်ဟာ ၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အစ္စရေးဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပေးပို့တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ဆောင်းရာသီအတွက် မရှိမဖြစ် လိုအပ်တဲ့ အနွေးအိပ်ရာတွေ၊ ခြုံစောင်တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ တားဆီးဟန့်တားနေတာ ဖြစ်ပါတယ်။

    စစ်ရာဇ၀တ်မှုကျူးလွန်သူများကို အစ္စရေးက အကာကွယ်ပေးမည်
    ————————
    စစ်ရာဇ၀တ်မှု ကျူးလွန်မှုနဲ့ ပြင်ပနိုင်ငံတွေမှာ အဖမ်းခံရဖွယ်ရှိတဲ့ စစ်သားတွေကို အကာအကွယ်ပေးဖို့ အစ္စရေးအစိုးရက ပြင်ဆင်နေပါတယ်။ အစ္စရေးစစ်သားတွေကိုယ်တိုင် ဗီဒီယိုရိုက်တင်ထားတဲ့ ဂါဇာက ပါလက်စတိုင်းတွေအပေါ် ရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်အာဖရိက၊ သီရိလင်္ကာ၊ ဘလ်ဂျီယံ၊ ပြင်သစ်နဲ့ ဘရာဇီးလ်တို့မှာ အစ္စရေးစစ်သားအချို့ကို အမည်နဲ့တကွ တရားစွဲဆို ထားပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၄)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၄)

    M-Media

    ဆေးရုံများကို အစ္စရေးက တိုက်ခိုက်မှုအတွက် စုံစမ်းရန် တောင်းဆို
    ——————
    ဂါဇာကမ်းမြှောင်က ဆေးရုံတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တာ့က်က ကုလလုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။ ဟားမက်စ်အဖွဲ့က ဆေးရုံတွေကို ဌာနချုပ်အဖြစ် အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲမှုအတွက် အစ္စရေးက ခိုင်မာတဲ့ သက်သေအထောက်အထား မပြနိုင်ဘူးလို့လည်း တာ့က်က ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၈ လအတွင်း ဂါဇာက ဆေးရုံ ၂၇ ခုနဲ့ ကျန်းမာရေးစင်တာ ၁၂ ခုကို အစ္စရေးက ၁၃၆ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ တာ့က်တင်ပြတဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    အမေရိကန်က အစ္စရေးကို လက်နက်ထပ်ပေးမည်
    ————
    ကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိတဲ့ စစ်လက်နက်အကူအညီတွေ အစ္စရေးကို ထပ်ပေးမယ့်အစီအစဥ်ကို အတည်ပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန်က လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။ တိုက်လေယာဥ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဥ်မှာ အသုံးပြုနိုင်မယ့် လက်နက်ခဲယမ်းတွေ၊ လက်နက်ကြီးခဲယမ်းတွေ၊ ပေါင် ၅၀၀ ရှိတဲ့ ဗုံးတွေအပါအ၀င် အခြား စစ်လက်နက်ပစ္စည်း အများအပြား ပါ၀င်မှာ ဖြစ်ပါတယ်။

    သောကြာနေ့ တစ်ရက်တည်း ၆၀ ကျော်အသတ်ခံရ
    —————–
    ဒီဇင်ဘာ ၃ ရက်နေ့ ဂါဇာကမ်းမြှောင်တစ်၀ှမ်း အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၆၁ ဦး ရှိခဲ့ပါတယ်။ မြောက်ပိုင်းက ဂါဇာစီးတီးတစ်ခုတည်းမှာတင် အသတ်ခံရသူအရေအတွက်က ၃၀ ဦး ရှိခဲ့ပြီး အစ္စရေးဟာ ဆေးရုံနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၁၄ လအတွင်း ဂါဇာမှာ အစ္စရေးက သတ်ဖြတ်ထားသူ အရေအတွက်ဟာ ၄၆၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၂)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဇန်န၀ါရီ ၂)

    M-Media

    (ဓာတ်ပုံ-သေဆုံး ရင်ခွင်ပိုက်ကလေးများ၏ စျာပန)

    နှစ်သစ်ကူးနေ့တွင် လူ ၃၀ နီးပါး အသတ်ခံရ
    —-
    ဇန်န၀ါရီ ၁ ရက်နေ့ ဂါဇာကမ်းမြှောင်တစ်၀ှမ်း စစ်ရှောင်စခန်းတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ၂၀၂၃ အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၆၀၀၀ နီးပါး ရှိလာခဲ့ပြီး ပျောက်ဆုံးနေသူအရေအတွက်ဟာ ၁၁၀၀၀ ကျော် ရှိနေပါတယ်။

    အေးခဲမှုကြောင့် ရင်ခွင်ပိုက် ကလေးငယ်သေဆုံးမှု ၇ ဦး ရှိပြီ
    ———
    ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဂါဇာကမ်းမြှောင်မှာ ရာသီဥတု အေးခဲမှုကြောင့် သေဆုံးတဲ့ ရင်ခွင်ပိုက် ကလေးငယ် အရေအတွက်ဟာ ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ အကူအညီတွေကို ဟန့်တားမှု၊ ဆေးရုံ ဆေးခန်းတွေကို အကြမ်းဖက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခါးစည်း ခံနေကြရတာ ဖြစ်ပါတယ်။

    အလ်အက်ဆာဗလီ ကျူးကျော်ခံရမှု မြင့်တက်လာ
    ———
    ပါလက်စတိုင်းနိုင်ငံ ဂျေရုစလင်မြို့က အလ်အက်ဆာဗလီ၀င်းအတွင်း ဂျူးအစွန်းရောက်တွေ ၀င်ရောက် ကျူးကျော်မှု အရေအတွက်ဟာ ဒီဇင်ဘာလအတွင်း သိသိသာသာ မြင့်တက်လာပါတယ်။ ဗလီ၀င်းအတွင်း ဂျူးတွေ၀င်ရောက်ကာ ပူဇော်ပသမှုတွေ မလုပ်ဆောင်ဖို့ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ အရင်ကတည်းက သဘောတူညီထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အစ္စရေးအစိုးရအဖွဲ့၀င်တွေ၊ ဂျူးအစွန်းရောက်တွေ ပုံမှန်လိုလို ၀င်ရောက်ကျူးကျော်နေကြတာ ဖြစ်ပါတယ်။