News @ M-Media

Tag: SaudiArabia

  • အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်

    အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်


    နို၀င်ဘာ ၃၊ ၂၀၂၂

    M-Media

     

    -အီရန်က မကြာခင်မှာ အလစ်အငိုက်၀င်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆော်ဒီထောက်လှမ်းရေး အစီရင်ခံစာမှာဖော်ပြထားပြီး အီရန်ဖက်ကတော့ ဒီသတင်းကို ငြင်းဆိုပါတယ်။ 

    အင်္ဂါနေ့မှာ ဆော်ဒီက ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်ကို အမေရိကန်ထံ ပေးပို့ မျှ၀ေခဲ့တာ ဖြစ်ပါတယ်။ 

    အမေရိကန်ဖက်ကတော့ ဒီလိုခြိမ်းခြောက်မှုအတွက် စိုးရိမ်မိပြီး ဆော်ဒီစစ်တပ်နဲ့ ပုံမှန်ဆက်သွယ်ပြောဆိုမှုတွေရှိကြောင်း၊ ဒေသတွင်း မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရေး နောက်တွန့်နေမှာ မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆီရ် ကာနာနီက ဆော်ဒီရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောကြားချက်သာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အီရန်ရဲ့ ဆက်ဆံရေး ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ တုန့်ပြန်ခဲ့ပါတယ်။ 

    အီရန်မှာ လတ်တလော ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အနောက်နိုင်ငံတွေ၊ ဆော်ဒီနဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိကြောင်း အီရန်က စွပ်စွဲထားတာပါ။ 

    အီရန်နဲ့ ဆော်ဒီတို့ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရန်ဖက်နိုင်ငံတွေ ဖြစ်ကြပြီး အခုနှစ်ပိုင်းအတွင်းမှာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ယူကရိန်းဒုက္ခသည်များအတွက် ဆော်ဒီက ဒေါ်လာ သန်း ၄၀၀ လှူဒါန်းမည်

    ယူကရိန်းဒုက္ခသည်များအတွက် ဆော်ဒီက ဒေါ်လာ သန်း ၄၀၀ လှူဒါန်းမည်

    အောက်တိုဘာ ၁၅၊ ၂၀၂၂
    M-Media

    -ရုရှားကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် ဆော်ဒီက ကန်ဒေါ်လာ သန်း ၄၀၀ လှူဒါန်းမယ်လို့ သိရပါတယ်။

    ယူကရိန်းသမ္မတ ဇယ်လင်စကီးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖုန်းပြောဆိုမှုအတွင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ယူကရိန်း ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

    တင်းမာမှုတွေ လျှော့ချရေးအတွက် တတ်နိုင်တာအားလုံး ဆော်ဒီက ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်သလို၊ ကြား၀င်စေ့စပ်ပေးရေးအတွက် အဆင်သင့်ရှိတယ်လို့ အိမ်ရှေ့မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရုရှားကဖမ်းထားတဲ့ ယူကရိန်းအကျဥ်းသားတွေ လွတ်မြောက်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးမှုမှာ သဘောတူခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက အမေရိကန်နှစ်ဦးအပါအ၀င် ရုရှားကဖမ်းထားတဲ့ ယူကရိန်းအကျဥ်းသား ၁၀ ဦး လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ဆော်ဒီက အဓိကအခန်းကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်။

    ဆော်ဒီဟာ ကုလရဲ့ ရုရှားကျူးကျော်စစ် ဆန့်ကျင်ကန့်ကွက်မှုအားလုံးကို ထောက်ခံမဲပေးထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Arab News

  • ခေတ်မီမြို့သစ်တွင် အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး ဆော်ဒီ လျှောက်ထား

    ခေတ်မီမြို့သစ်တွင် အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး ဆော်ဒီ လျှောက်ထား

    သြဂုတ် ၄၊ ၂၀၂၂
    M-Media

    -၂၀၂၉ ခုနှစ်မှာလုပ်မယ့် ဆောင်းရာသီ အာရှအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံက အာရှ အိုလံပစ်ကောင်စီ (OCA) ထံ လျှောက်ထားလိုက်ပါတယ်။

    ၂၀၃၀ ဘက်စုံဖွံ့ဖြိုးရေး ရည်မှန်းချက်မှာ ပါ၀င်တဲ့ ခေတ်မီမြို့သစ် နီအွန် (NEOM) မှာ ကျင်းပနိုင်ဖို့ ဆော်ဒီက စီစဥ်နေတာဖြစ်ပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်ဒေသမှာရှိတဲ့ တောင်ပေါမြို့ နီအွန်ကို ကမ္ဘာလှည့်ခရီးသွား အချက်အခြာနေရာ ဖြစ်လာအောင် ဆော်ဒီက ရည်ရွယ်တည်ဆောက်နေတာပါ။

    ဆော်ဒီ အိုလံပစ်ကော်မတီအကြီးအကဲ မင်းသား အဘ်ဒူလ်အဇစ်က ဆော်ဒီရဲ့ ကြွယ်၀တဲ့ သဘာ၀အမွေအနှစ်တွေကို အာရှအိုလံပစ်မိသားစု၀င်တွေထံ မျှ၀ေခံစားစေလိုတဲ့အတွက် ပြိုင်ပွဲကျင်းပဖို့ လျှောက်ထားရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

    ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး၊ ၂၀၂၉ ခုနှစ်အတွက် အိမ်ရှင်ရွေးချယ်မှုကို အာရှအိုလံပစ်ကောင်စီက အခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: Saudi Gazette

    (ဓာတ်ပုံ – နီအွန်မြို့ဒီဇိုင်း)

  • အရှေ့အလယ်ပိုင်းကို ဆက်လက်စောင့်ရှောက်မည်ဟု အမေရိကန် ကတိပြု

    အရှေ့အလယ်ပိုင်းကို ဆက်လက်စောင့်ရှောက်မည်ဟု အမေရိကန် ကတိပြု

    ဇူလိုင် ၁၆၊ ၂၀၂၂
    M-Media

    -အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကနေ ခွာမှာမဟုတ်ဘဲ ဆက်လက်စောင့်ရှောက်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    အာရပ်ခေါင်းဆောင်တွေနဲ့ ဂျိုးဘိုင်ဒန်တို့ ပါ၀င်တဲ့ ထိပ်သီးအစည်းအ၀ေးကို ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ဒီကနေ့ကစတင်ပြီး ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

    ဒေသတွင်း လုံခြုံရေးနဲ့ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် ခေါင်းဆောင်းတွေက ဆွေးနွေး ကြမှာပါ။

    “အရှေ့အလယ်ပိုင်းကို ကျွန်တော်တို့ ပစ်သွားမှာမဟုတ်ပါဘူး။ ဒီလိုသာ ပစ်သွားရင် တရုတ်၊ ရုရှားနဲ့ အီရန်တို့က ဒီနေရာကို ၀င်သွားပါလိမ့်မယ်။ တက်ကြွ၊ စည်းစနစ်ရှိပြီး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ဒီအနေအထားကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်”

    အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန်စစ်သည် အမြောက်အများ ပါ၀င်တဲ့ စစ်ပွဲမျိုး မရှိတော့တာကို ဂုဏ်ယူမိတယ်လို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစည်းအ၀ေးကို ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ကူ၀ိတ်၊ အိုမန်၊ ယူအေအီး၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းက နိုင်ငံအများဟာ အာဏာရှင်နိုင်ငံတွေဖြစ်ပြီး ဒေသတွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအပါအ၀င် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သမ္မတဘိုင်ဒန်ဟာ ဒီအစည်းအ၀ေးမှာ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရှေ့ဆက်သွားမယ့် မူ၀ါဒတွေအကြောင်း လာမယ့်ရက်တွေမှာ အသေးစိတ် ပြောသွားဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ဟဂျ်ဘုရားဖူးခရီးသည်များအတွက် ကိုဗစ်ကန့်သတ်ချက်ကို ဆော်ဒီလျှော့ချ

    ဟဂျ်ဘုရားဖူးခရီးသည်များအတွက် ကိုဗစ်ကန့်သတ်ချက်ကို ဆော်ဒီလျှော့ချ

    ဇွန် ၁၄၊ ၂၀၂၂

    M-Media 

    -အဆောက်အဦးအတွင်း နှာခေါင်းစည်း မတပ်မနေရ ကန့်သတ်ချက်ကို ဆော်ဒီအာရေဗျက တနင်္လာနေ့မှာ ဖြေလျှော့ပေးလိုက်ပါတယ်။ 

    ဟဂျ်ဘုရားဖူးခရီးစဥ်အတွက် ကမ္ဘာတစ်၀ှမ်းက လူပေါင်း ၈ သိန်း ၅ သောင်းလောက်ကို ဆော်ဒီက လက်ခံဖို့ ရှိနေတာပါ။ ပထမဆုံး အသုတ်အဖြစ် အင်ဒိုနီးရှားက ဘုရားဖူးခရီးသည်တွေ ပြီးခဲ့တဲ့လက ဆော်ဒီကို ပထမဆုံး ရောက်ရှိလာပါတယ်။ 

    အဆောက်အဦးတွေအတွင်း နှာခေါင်းစည်း မတပ်မနေရစည်းမျဥ်းကို ဆော်ဒီက ပယ်ဖျက်လိုက်ပေမယ့် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီ၀တ်ကျောင်းတော်တွေရဲ့ ပရ၀ုဏ်အတွင်းမှာတော့ နှာခေါင်းစည်း တပ်ဆင်ရမှာ ဖြစ်ပါတယ်။ 

    အခမ်းအနားနဲ့ ပွဲတော်ကျင်းပတဲ့အဖွဲ့တွေက လာရောက်သူတွေကို နှာခေါင်းစည်း၀တ်ဆင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး ထားနိုင်တယ်လို့ ဆော်ဒီအစိုးရရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂ နှစ်မှာ လူအကန့်အသတ်နဲ့သာ ဟဂျ်ပြုခွင့်ပေးခဲ့တဲ့ ဆော်ဒီဟာ အခုနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် လူ သိန်းချီကို ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။ 

    ဒီအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးထားကြောင်း အထောက်အထားကို ဖုန်းမှာ ပြရမယ်ဆိုတဲ့အချက်လို ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးထားပါတယ်။ 

    ဆော်ဒီအာရေဗျမှာ ကိုဗစ်ကူးစက်မှုဟာ လွန်ခဲ့တဲ့ ၂ လ အရင်က ဆယ်ဂဏန်းသာ ရှိခဲ့ရာကနေ တစ်ဖြည်းဖြည်း ပြန်များလာပြီး တနင်္ဂနွေနေ့က စုစုပေါင်း တစ်ထောင်ကျော်သွားပါတယ်။ 

    Ref: Aljazeera