News @ M-Media
Tag: US
  • FaceBook တွင် မွတ်စ်လင်မ် ဆန့်ကျင်ရေးသည့် နယူးယောက် Walmart ၏ လက်ထောက် မန်နေဂျာ တစ်ဦးအလုပ်ဖြုတ်ခံရ
    စက်တင်ဘာ၊ ၉ ၊ ၂၀၁၃
    M-Media
    A Walmart in Hamburg, N.Y.
    Walmart ဈေးဝယ်ကုန်တိုက်ကြီး၏ လက်ထောက် မန်နေဂျာသည် လျှော့ဈေးကောင်တာ၌ ဘာသာရေးဝတ်စုံ ဆင်ယင်ထားသော အမျိုးသမီးများ၏ ဓာတ်ပုံနှင့် တစ်ကွ ဖေ့စ်ဘွတ်ပေါ်တွင် မှိုချိုးမျှစ်ချိုးစာများကို ရေးတင်ခဲ့သည့်အတွက် အရေးယူခံရသည်။
    နယူးယော့ခ်၊ ဟမ်းဘတ်ရှိ Walmart ကုန်တိုက်ဝန်ထမ်း တစ်ဦးသည် အနက်ရောင်ခြုံထည် ၀တ်ဆင်ထားသည့် မွတ်စ်လင်မ်အမျိုးသမီး နှစ်ဦး၏ဓာတ်ပုံနှင့်အတူ “ ဟောလိုဝင်း (မျက်နှာဖုံးစွပ်လျက် နှစ်သက်ရာလူနှင့် ပလူးနိုင်သော) ပွဲတော်မှာ ဤနှစ်တွင် စောစီးစွာ ကျင်းပခဲ့ပြီ ” ဟု ထင်ထင်ရှားရှားစာလုံးဖြင့် ဖော်ပြခဲ့သည်။ ၄င်းအပြင် ထိုအမျိုးသမီးတို့မှာ ဘာသာရေးဆင်ယင်မှုအား ချွတ်ပစ်သင့်ကြောင့် ရိုင်းစိုင်းစွာ ရေးသားခဲ့သည်။
    စော်ကားတိုက်ခိုက်ထားသည့်ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ သြဂုတ်လ ၃၀ ရက် ထိုနေ့မှာပင် ကုမ္ပဏီထံသို့ သတိပေးချက်များ ရောက်လာကြောင်း၊ ၄င်းနောက် ကုမ္ပဏီမှ ထိုသူအား လက်တွဲဖော်(၀န်ထမ်း)အဖြစ်မှ စွန့်လွှတ်လိုက်ကြောင်း Walmart ၏ ပြောဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
    “ ကျွန်မတို့ရဲ့လက်တွဲဖော်ဝန်ထမ်းများအပေါ် ကျွန်မတို့ အလွန်မျှော်မှန်းထားပါတယ်။ သူကတော့ ဒီမျှော်မှန်းချက်တွေဆီ အရောက်မလှမ်းနိုင်တော့ဘူး ” ဟု ပြောဆိုခွင့်ရသူ Kayla Whaling သည် Al Jazeera သတင်းဌာနသို့ ပြောပြခဲ့သည်။
    မီးလုံခြုံရေးဆိုင်ရာလက်ထောက်မန်နေဂျာသည် The Buffalo News နှင့် အင်တာဗျူးလုပ်သောအခါ မိမိ၏ရေးသားချက်များအတွက် တောင်းပန်သွားခဲ့သည်။
    “ ဒီကိစ္စအပေါ် ကျွန်တော့်အနေနဲ့ စစ်စစ်မှန်မှန် အနှူးအညွတ် တောင်းပန်ပါတယ် ” ဟု ထည့်သွင်းပြောဆိုသွားကြောင်း သတင်းစာမှ ဖော်ပြသည်။
    နယူးယော့ခ်၊ အမေရိကန်-အစ္စလာမ်ဆက်ဆံရေး – Council on American-Islamic Relations(CAIR) ဌာနမှ ကြပ်မတ်စာရောက်လာပြီးနောက် Walmart က ထိုဝန်ထမ်းအား အလုပ်မှရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    Ref: Aljazeera
    Photo-Getty Images
  • အမေရိကန်ရှိ ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်း တစ်ခုတွင် အစ္စလာမ်အကြောင်းသင်ကြားမည်
    စက်တင်ဘာ ၃ ၊
    M-Media
    Boston Marathon US Muslims
    အယူဝါဒနှစ်ခု ပိုမိုနီးကပ်စေရန်ရည်ရွယ်၍ အမေရိကန်တောင်ပိုင်း နယူးမက္ကဆီကိုပြည်နယ်ရှိ Farmington Presbyterian ဘုရားကျောင်းတွင် အစ္စလာမ်၏ စစ်မှန်သော ပုံရိပ်ကို မိတ်ဆက်ပေးရန် အတွက် သင်တန်းတစ်ခုဖွင့်လှစ်ရန် စိစဉ်နေသည်ဟုသိရသည်။
    “၉/၁၁ ပြီးကတည်းက အစ္စလာမ်နဲ့ပက်သက်ပြီးအများကြီးနားမလည်တဲ့ ကျနော်တို့ဟာ အစ္စလာမ်ဆိုတာဘာလဲဆိုတာကို မြင်သာလာခဲ့ပါတယ်။” ဟု Farmington Presbyterian ဘုရားကျောင်း၏ သိက္ခာတော်ရဆရာတော် ဂလင် ပရီကာက  Farmington နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။ “ခရစ်ယာန်နှင့်အစ္စလာမ်သာသနာ၏ တူညီမှုများနှင့် ကွဲပြားမှုများ”ဟု မည်ပေးထားသည့် အဆိုပါသင်တန်းကာလမှာ ၁၀ ပတ်ကြာမြင့်မည်ဖြစ်ပြီး Farmington ဒေသရှိပြည်သူများအား အစ္စလာမ်အကြောင်းမိတ်ဆက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ဟုသိရသည်။
    ထိုသင်တန်းအား Farmington Presbyterian ဘုရားကျောင်း၌ စက်တင်ဘာ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ခရစ်ယာန်နှင့် အစ္စလာမ်သာသနာတို့တွင်ရှိသည့် တူညီမှုများနှင့် ကွဲပြားမှုများကို လေ့လာခြင်းအားဖြင့် ခရစ်ယာန်ဘာသာဝင်များနှင့် မွတ်စလင်များအကြားရှိ လစ်ဟာမှုများအား ပေါင်းကူးပေးရန်ကြိုးစားခြင်းဖြစ်သည်။
    အဆိုပါသင်တန်းကိုတက်ရောက်ပါက မွတ်စလင်များသည် ခရစ်ယာန် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် တမန်တော်ကြီး အာဗြဟံ(အီဗရာဟင်) (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) အား ခရစ်ယာန်နှင့် ဂျုးများနည်းတူ လေးစားကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဆရာတော် ပရီကာက ပြောကြားခဲ့သည်။
    “အစ္စလာမ်က ခရစ်တော်ကို တမန်တော်တစ်ပါးဖြစ်သတ်မှတ်ပြီး လေးစားကြပါတယ်။” ဟု သူကဆိုသည်။
    အယူဝါဒနှစ်ခုစလုံးမှာ အေးချမ်းမှုကိုသာမျှဝေခြင်းဖြစ်ပြီး အစ္စလာမ်သာသနာအား သင်ယူလေ့လာခြင်းက ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းရာတွင် ခရစ်ယာန်ဘာသာဝင်များနှင့် မွတ်စလင်များအား ပိုမိုနီးကပ်မှုရရှိစေရန် ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆရာတော်က ထပ်လောင်းပြောကြားခဲ့သည်။
    နယူးမက္ကဆီကိုပြည်နယ် Abiquiú မြို့အခြေစိုက် “ဒါရ်အလ်အစ္စလာမ်” ဟုအမည်ရသည့် အစ္စလာမ့်စင်တာမှ ရှေ့ဆောင်ဆရာတော် ဝေါလ်တာ ဒီကလရက် က အဆိုပါအစီအစဉ်အား ကြိုဆိုလိုက်ပြီး ကမ္ဘာပေါ်တွင်ရှိကြသည့် ဘာသာတရားအားလုံးမှာ တူညီသော သတင်းစကား တစ်ခုတည်းကိုသာ ပေးကြသည်ဟု ပြောကြားခဲ့သည်။
    “ဘုရားသခင်ဟာ တစ်ပါးတည်းရှိပါတယ်။ ဒီအယူဝါဒနှစ်ခုကြားမှာ ကွဲပြားတာတွေထက် တူညီတာတွေက ပိုပြီးများ ပါတယ်”ဟု ဝေါလ်တာက ပြောကြား ခဲ့သည်။
    မွတ်စလင်များသည် ခရစ်တော်(ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ)အား အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသည့် တမန်တော်တစ်ပါးအဖြစ်ဖြင့် လည်းကောင်း၊ မရ်ယမ်သခင်မ၏ သားတော်တစ်ပါးအဖြစ်လည်းကောင်း ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ် သားတော်အဖြစ် လက်မခံကြပေ။ ခရစ်တော်မှာ အလ္လာဟ်အရှင်မြတ်၏အလိုတော်ဖြင့် မရ်ယမ်သခင်မမှ အံ့သြဖွယ်မွေးဖွားလာခြင်းကိုလည်း မွတ်စလင်များကယုံကြည်ကြသည်။
    ကုရ်အာန်ကျမ်းတော်မြတ်တွင် ခရစ်တော်အား “အီစာ”ဟုလည်းကောင်း “အလ်မစီ(the Christ)”ဟုလည်းကောင်း၊ “အစ်ဗနေ့မရ်ယမ်”(မရ်ယမ်သခင်မ၏ သားတော်) ဟူ၍လည်းကောင်း သုံးနှုန်းဖော်ပြထားသည်။
    မွတ်စလင်များက တမန်တော်အီစာ လက်ဝါးကပ်တိုင် အတင်ခံရခြင်းကိုမူ လက်မခံဘဲ ကောင်းကင်သို့ ပင်ဆောင်ခြင်းခံခဲ့ရသည်ဟုသာ လက်ခံထားကြသည်။
    ထို့ပြင် ကမ္ဘာပျက်မည့်နောက်ဆုံးနေ့ မတိုင်မီ တမန်တော်အီစာမှာ ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကိုဖော်ဆောင်ရန်နှင့် သူ့အား ဆန့်ကျင်သူများကို တွန်းလှန်ရန် ဤကမ္ဘာလောကသို့  ပြည်လည်ကြွရောက်လာမည်ဟုလည်း မွတ်စလင်များက ယုံကြည်လက်ခံထားကြသည်။
  • ISNA ရဲ့ ရွှေရတုအခမ်းအနား (သို့မဟုတ်) အောင်မြင်ခြင်း ဇာတ်လမ်းတစ်ပုဒ်
    စက်တင်ဘာ ၂ ၊ ၂၀၁၃
    M-Media
    1174564_10201306917028974_1568352394_n
    အမေရိကန်မွတ်စ်လင်မ် ဂီတပညာရှင်တစ်ဦးဖြစ်သူ အဗ်ဒုလ် မာလစ် အဟ်မဒ် က “ နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်လာစေချင်ယင် ကျွန်တော်တို့ကိုယ်တိုင်က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရပါမယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေရာကို ရောက်ရှိနေရခြင်းအကြောင်းရင်း နဲ့ ဒီကွန်ဖရင့်ရဲ့အနှစ်သာရဘဲ ဖြစ်ပါတယ် ” ဟု သြဂုတ်လ ၃၁ ရက်၊ စနေနေ့က MyFox DC ကို ပြောကြားခဲ့ပါတယ်။
    မြောက်အမေရိကမှာရှိတဲ့ မွတ်စ်လင်မ်တွေအတွက် အကြီးမားဆုံး စုဆုံမှုတစ်ရပ်ဖြစ်တဲ့ ISNA ရဲ့ နှစ်ပတ်လည်ညီလာခံအခမ်းအနားကြီးကို သြဂုတ်လ ၂၀ ရက်၊ သောကြာနေ့က ၀ါရှင်တန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
    “ လေးမြတ်ကြည်ညိုဖွယ်လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းဖြင့် ပိုမိုပြည့်ဝသည့် စည်းလုံးညီညွတ်မှုသို့
    မှန်းရည်မျှော် ” ဆိုတဲ့ ဆောင်ပုဒ်က မြောက်အမေရိက နဲ့ ကမ္ဘာတစ်ဝှန်းက ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တွေကို ဆွဲဆောင်မှုဖြစ်စေပါတယ်။
    602795_10201306920429059_829697601_n
    ညီလာခံကို သြဂုတ်လ ၃၀ ရက်၊ သောကြာနေ့ကနေ စက်တင်ဘာ ၂ ရက်၊ တနင်္လာနေ့အထိ ကျင်းပသွားမှာဖြစ်တယ်။
    ဒေါက်တာ မာတင်လူသာကင်းက “ ရှင်သန်နေတဲ့အိပ်မက်တစ်ခု ” (၀ါ) “ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိနေတယ် ” ဆိုတဲ့စကားနဲ့ သမိုင်းမှတ်တိုင်တစ်ရပ်ကိုစိုက်ထူခဲ့တာ နှစ်ပေါင်း ၅၀ ရှိပါပြီ။  ISNA ရဲ့ ရွှေရတုနှစ်ပတ်လည်ညီလာခံကြီးနဲ့ တိုက်ဆိုင်နေတဲ့အတွက် ပိုပြီး အမှတ်တရဖြစ်သွားစေပါတယ်။
    ISNA အနေနဲ့ ပညာရှင်တွေ၊ လူထုခေါင်းဆောင်တွေ၊ ပြည်သူ့ဝန်ထမ်းတွေထဲက လူ ၂၀၀ လောက်ကို ဟောပြောဖို့လည်း ဖိတ်ကြားထားပါတယ်။
    နအီးမ် မုဟမ္မဒ်၊ အဗ်ဒုလ် မာလစ်က် အဟ်မဒ် တို့လို ဂီတပညာရှင်တွေ၊ နေးတစ်ဗ် ဒီးန် တို့လို ဟစ်ပ်ဟော့အနုပညာရှင်များကလည်း တက်ရောက်လာကြမှာဖြစ်တယ်။
    သမ္မတ အိုဘားမားပေးပို့တဲ့ ဗီဒီယို သဝဏ်လွှာ
    “ အမေရိကန်ပြည်ထောင်စုထဲမှာ မွတ်စ်လင်မ်အဖြစ် ကျွန်တော်တို့ မွေးဖွားကြီြး့ပင်းလာခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဂီတဟာ အမေရိကန်ဆန်ဆန်ဘဲ ဖြစ်ပါတယ်။ ဒီမှာ ကြီးပြင်းလို့ ဒီပုံထွက်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ယုံကြည်ချက်က အစ္စလာမ်သာလျှင် ဖြစ်ပါတယ် ” လို့ ဗာဂျီးနီးယားက Great Falls အဖွဲ့ဝင် မဟ်မူးဒ် ကဇ်မီက ဆိုပါတယ်။
    ISNA ဆိုတာ မြောက်အမေရိကမှာ အကြီးမားဆုံး မွတ်စ်လင်မ်အဖွဲ့အစည်းကြီးတစ်ခုပါ။ ISNA ရဲ့  ဒီလို နှစ်စဉ်လေးရက်ညီလာခံဆိုတာ အမေရိကနှင့်ကနေဒါမွတ်စ်လင်မ်ကျောင်းသားများသမဂ္ဂက ၁၉၆၃ ခုနှစ်မှာ စတင်စီစဉ် ကျင်းပဆောင်ရွက်မှုကနေ မြစ်ဖျားခံ ဆင်းသက်လာခြင်းဖြစ်တယ်။
    နှစ်ပေါင်းများစွာကြာညောင်းသွားချိန်မှာတော့ ဒီညီလာခံဟာ အလွန်ကျော်ကြားလာခဲ့တယ်။ နှစ်စဉ်တက်ရောက်ကြတဲ့ မွတ်စ်လင်မ်တွေက လေးသောင်း အထိ ရှိလာခဲ့ကြတယ်။
    တစ်ခုတည်းသော အသိုက်အမြုံ
    ဒီရွှေရတုအခမ်းအနားမှာ ယနေ့ခေတ် အမေရိကန်မွတ်စ်လင်မ်တို့ရဲ့ လူမှုရေး၊ ဘာသာရေး နဲ့ နိုင်ငံရေးကိစ္စများကို ဦးတည်ဆွေးနွေးသွားကြပါမယ်။
    “ အခုဆိုယင် အများကောင်းကျိုးအတွက် ဂျူး၊ ခရစ်ယာန် နဲ့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတိုင်းရဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့မြင်နိုင်ပြီဖြစ်ပါတယ် ” လို့ ISNA ဥက္ကဌ အိမာမ် မုဟမ္မဒ် မဂျစ်ဒ်က ပြောကြားခဲ့တယ်။
    အမေရိကန်မွတ်စ်လင်မ်တွေဟာ အမေရိကန်လူမှုအသိုက်အမြုံရဲ့ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ကြောင်းကိုလည်း ဒီနှစ်မှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
    ပါဝင်တက်ရောက်လာကြသူများအဖို့ မိမိတို့ယုံကြည်ချက်ကို အားကောင်းခိုင်မာလာစေယုံသာမက ဘာသာတရားများ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ လူ့အသိုင်းအ၀ိုင်းရေးရာတွေမှာ ပိုမိုနားလည်မှု ရရှိသွားစေပါတယ်။
    “ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းတွေဆီကို – ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဒီအခြေအနေမျိုး တကယ့်ကို ရောက်ရှိစေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုး မပြုလုပ်ဘဲ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာရေးအတွက် မိမိတို့ ကိုယ်စီကိုယ်ငှ လူ့အဖွဲ့အစည်းဝင်တွေကို နည်းလမ်းပြ သင်ကြားပေးသွားရပါလိမ့်မယ် ” ဆိုပြီး ဗာဂျီးနီးယားက တက်ရောက်လာသူ ကဇ်မီက ပြောကြားတယ်။ ဂီတပညာရှင် အဟ်မဒ်ကလည်း အလားတူအမြင်မျိုးကို တင်ပြသွားပါတယ်။
    အမေရိကန်ပြည်ထောင်စုမှာ မွတ်စ်လင်မ်တွေဟာ လူနည်းစုဖြစ်ပေမယ့် လူဦးရေ ခြောက်သန်းမှ ရှစ်သန်းအထိ ရှိနေပါတယ်။ များမကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လူထုစစ်တမ်းတစ်ရပ်မှာ – အမေရိကန်မွတ်စ်လင်မ်တွေက အလယ်အလတ်လမ်းစဉ်ပေါ် အကောင်းဆုံးနေထိုင်ရပ်တည်သူ၊ ခေတ်သစ်လူမှုဘ၀နဲ့သာသနာ့ကိုင်းရှိုင်းမှုကြားမှာ သဟဇာတဖြစ်အောင်နေထိုင်နိုင်သူ၊ မိမိတို့တိုင်းပြည်အပေါ်မှာ အကောင်းမြင်ပြီးသစ္စာစောင့်သိသူတွေအဖြစ် ဖော်ထုတ် တင်ပြထားပါတယ်။
    Ref: OnIslam
    Photo- NY Kogyi FB
  • ဆီးရီးယားကို နွယ်ပြီး အီရန် ကို ဘယ်ပြ၊ ညာကစ် ချေမှုန်း တော့မည်လော
    သြဂုတ်လ ၂၈၊ ၂၀၁၃။
    M-Media
    Robert Elhose
    1291410_153652081500399_917128240_n
    မကြာမီပင် ဘရှရ်အယ်လ် အာဆတ် အုပ်ချူပ်နေသော ဆီးရီးယား နိုင်ငံ ကို အမေရိကန် ဦးဆောင်သော နေတိုး မဟာမိတ် နိုင်ငံများက စစ်ဝင်တိုက် ရန် သေချာ သလောက်ဖြစ်နေပြီ။ ဘရှရ် အယ်လ် အာဆတ် ၏ ဆီးရီးယား အစိုးရ တပ်များဖက် မှ အခိုင်မာဆုံး မဟာမိတ်နိုင်ငံ မှာ အီရန် နိုင်ငံဖြစ်သည်။
    အဆုံးတစ်နေ့ ဆီးရီးယားကို အနောက်နိုင်ငံများ က တိုက်ခိုက်လာသော အခါ အီရန် သည် ဆီးရီးယား ဖက်မှ မီးကုန်ယမ်းကုန် ၀င်ရောက် ပံ့ပိုးကူညီ ပေးမည် ဆိုသည်ကို သံသယ ဖြစ်စရာ မလိုလောက်အောင်ကျိန်းသေနေသည်။ အီရန် တို့တွင် တိုက်ချင်း ပစ် ဒုံးပျံစနစ် (Ballastic Missile System) များကိုလည်း ပိုင်ဆိုင် ထားသည့်အပြင် အနုမြူလက်နက် စီမံကိန်း မှာလည်း အတော်လေး ခရီးပေါက်နေပြီ ဖြစ်ကြောင်း အမေရိကန် အပါအ၀င် အားလုံးက လက်ခံထားသည်။
    တစ်ဖက်ကလည်း အမြင်နောက်တစ်မျိုး နှင့် ကြည့်မည် ဆိုပါက အီရန်တို့ အနုမြူ လက်နက် စီမံကိန်းကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တွန်းလုပ်နေသည် အတွက် အမေရိ ကန်၊ အစ္စရေး၊ ဥရောပ နိုင်ငံများ၊ ဆော်ဒီ အပါအ၀င် ပင်လယ်ကွေ့ ဆွန်နီအာရပ် နိုင်ငံများ ကလည်း လုံးဝ ကို စိတ်အနှောက်အယှက် ဖြစ်နေသည် မှာ သိပ်ကျိန်းသေ သည်။ နှုတ်က ထုတ်မပြောသော်လည်း အကယ်၍ အီရန်တို့အား စစ်ရေးအရ ၀င် ရောက် တိုက်ခိုက်လိုက်ပြီး ၎င်း တို့၏ အနုမြူစီမံကိန်း ကို ရပ်တန့်လိုက် နိုင်သည်ဆို က အထက်ပါ နိုင်ငံအားလုံး သည် စိတ်သက်သာ ရာ ရသွားကြပေမည်။
    အီရန်တို့ ညူးကလီးယားအစီအမံ မျာကို စွန့်လွှတ်ရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် စသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါး နိုင်ငံနှင့် ဂျာမနီ တို့် ပါဝင်သည့် (G5+1) အုပ်စု ၏ ၂၀၀၆ ခုနှစ်မှ စပြီး သံတမန်ရေးရာ လမ်း ကြောင်းဖြင့် ကြိုးပမ်းနေမှု များ မှာ လည်း ဘာအရာမှ မထင်လှ။
    သို့သော်ပြဿနာ က အီရန် ကို အသားလွတ်ကြီး စစ်ငင် ပြီး ၀င်တိုက်ဖို့ရာ က နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် တွင် မဖြစ်နိုင်သလောက်နီးပါး ကိစ္စ ဖြစ်သည်။ ခက်ခဲသည် ထက် ပိုနေသည်။ ယခု ဆီးရီးယား နှင့် နွှယ်သည့် ကိစ္စ မှအပ အသား လွတ် ရန်စ နိုင်စရာ အကွက်ကား ရှာမတွေ့။
    သို့ဖြစ်ပေရာ ယခု ဆီးရီးယား ပဋိပက္ခ ကို အကြောင်းပြုပြီး ၀င်ပါလာမည့် အီရန် ကို အပြုတ်နှံတော့မည် လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ ထိုသို့ အလုံးစုံ စစ်ကြီး ဖြစ်လာမည် ကို အမေရိကန် မှ စစ်ဆန့်ကျင်ရေး အုပ်စုများ ကလည်း ခါးခါး သီးသီး ကန့်ကွက် နေကြသည်။
    အကယ်၍ ထိုဒေသ တွင် အလုံးစုံ စစ်ပွဲကြီး ဖြစ်လာပါ က နကိုယ်ကမှ ချိနဲ့ နေသည့် အမေရိကန် စီးပွားရေး ကိုလည်း ကြီးမား သော သက်ရောက်မှု ရှိလာ စေမည် ဖြစ် သည်။ ယခု တစ်ဂါလံကို ပျမ်းမျှ ၃ ဒေါ်လာ နှင့် လေး ဒေါ်လာ အကြားတွင် သာ ရှိနေ သည့် အရပ်သုံး ဓါတ်ဆီဈေး မှာ ထိုသို့ဖြစ် လာသည် ဆိုသည် နှင့် ၈ ဒေါ်လာ ၉ ဒေါ် လာ ခန့် တက်သွားနိုင်ချေ ရှိနေရာ သာမန်ပြည်သူ အများစု မှာလည်း လက်ခံ နိုင်ကြ လိမ့်မည် မဟုတ်ချေ။
    မည်သို့ပင် ဖြစ်စေ အီရန် တို့ အနုမြူလက်နက် ထုတ်လုပ် ရန် ကြံစည်နေသည့် စီမံ ကိန်း ကိုလည်း ကာလရှည် လျစ်လျူရှု ထား၍ကား မရနိုင်ပေ။ သမ္မတ အိုဘားမား အတွက် ဆုံးဖြတ် ချက် တစ်ခုခု ချရန် လွန်စွာပင် ခက်ခဲ သည့် အနေအထားပင် ဖြစ်သည်။ မဖြစ်မနေ စစ်တိုက်ရတော့မည် ဆိုက စစ်ပွဲကို ရေရှည် အထိ ဆွဲမသွားဘဲ တိုတိုတုတ်တုတ် လက်စသိမ်း နိုင်ဖို့က အသက်တမျှ အရေးပါနေသည်။
    ထိုသို့ဆိုလျှင် စစ်ဇုန် ဖြစ်လာမည့် ဆီးရီးယား နှင့် အီရန် ပတ်ဝန်းကျင် တွင် အခြေ ဆိုက်ထားနိုင်သည့် အမေရိကန် စစ်အခြေစိုက်စခန်း များ က အဆုံးအဖြတ် ပြုမည့် အနေအထား တွင် ပါဝင်ပတ်သက်နေသည်။
    အောက်ပါပုံတွင် အစိမ်းရောင် အီရန် နိုင်ငံ ၏ ပတ်ပတ်လည်တွင် ပုလဲကုံး သဖွယ် ၀န်းရံ ထားသည့် အမေရိကန် စစ်အခြေစိုက် စခန်းများကို တွေ့ရမည် ဖြစ်သည်။ စုစု ပေါင်း စစ်အခြေအစိုက် စခန်းပေါင်း ၄၅ ခုတိတိရှိနေသည်။
    စစ်ဖြစ် လာပြီး ဆိုသည်နှင့် လူသူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ စသည့် စစ်ပွဲအတွက် မရှိမဖြစ် အ ရေးပါ သည့် အင်အားစုများအား အချိန်တိုတို အတွင်း စစ်ဇုန်ထဲ သို့ သွန်အောချ နိုင် ရန် ထိုကဲ့ သို့ စစ်အခြေစိုက် စခန်းကြီး များ ၏ အရေးပါမှု က သိပ်ကို အရေးကြီး သည်။
    အချက်အလက် အလုံးစုံကို ထောက်ချင့်ကြည့်ပါက သည်တစ်ချီတွှုင် အမေရိကန် နှင့် အ နောက်နိုင်ငံ များသည် အီရန် လက်နက်စွမ်းပကား စနစ် ကို အပြုတ်နှံ တော့မည် လား ဆိုသည်မှာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ စောင့်ကြည့်ရမည်ပင်။
    photo credit : Occupy Wall Street
    Robert Elhose  မှ M-Media ကို ပေးပို့လာသော သတင်းဆောင်းပါးဖြစ်ပါတယ်။
  • Facebook အသုံးပြုသူတို့၏ အချက်အလက်များကို ပေးအပ်ရန် အမေရိကန်အစိုးရ တောင်းဆို
    သြဂုတ်လ- ၂၈ ရက်၊ ၂၀၁၃
    M-Media
    NSA Facebook
    အမေရိကန်အစိုးရသည် Facebook သုံးစွဲသူ အနည်းဆုံး လူပေါင်း ၂၀,၀၀၀ ၏ ကိုယ်ရေးအချက်အလက်များအား ပေးအပ်ရန်တောင်းဆိုခဲ့သည် ဟု အင်္ဂါနေ့တွင် Facebook မှ ဖွင့်ဟဖော်ပြခဲ့သည်။
    Facebook က ဆက်လက်ပြောကြားသည်မှာ သူတို့ထံ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အပြင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ တောင်းဆိုစာများကိုပါ လက်ခံရရှိခဲ့ပြီး၊ ၄င်းစာများအား ပြည်နယ် ဥပဒေ ထိန်းသိမ်းရေးအရာရှိများ နှင့် နိုင်ငံတော်လုံခြုံရေး ဌာနများမှ ရေးသားပေးပို့ခဲ့သည် ဟု ဆိုသည်။
    Facebook မှ ယင်းတောင်းဆိုချက်၏ ၇၉ ရာခိုင်နှုန်းကို လိုက်လျောခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
    “ တောင်းဆိုချက်တိုင်းကို မတုံ့ပြန်မှီ ကျွန်တော်တို့ရဲ့ စည်းမျဉ်းများ၊ ဥပဒေကြောင်းအရစာပေးစာယူ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီမှုရှိမရှိကို သေချာ စစ်ဆေးပြီးမှ ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ တောင်းဆိုချက်တိုင်း အတွက် တရားဝင်ခြင်းနဲ့ကြောင်းကျိုးပြ အသေးစိပ် ရှင်းလင်းချက်တွေကို ပေးဖို့လိုအပ်ပါတယ် ” ဟု Facebook ၏ အတိုင်ပင်ခံ ကောလင်း စထရက်ခ်ျ (Colin Stretch) က ဆိုသည်။
    “ တောင်းဆိုချက်များကို ကျွန်တော်တို့ တတ်နိုင်သမျှငြင်းဆိုခဲ့ပါတယ်။ ထို့အတူ ဥပဒေနဲ့အကျုံးမ၀င်တဲ့၊ ရှင်းလင်းစွာဖော်ပြမှု မရှိတဲ့ တောင်းဆိုချက်များ ကို ပြန်ပို့ခြင်းအားဖြင့် တော်တော် များများ တုန့်ပြန်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ဆီ တောင်းဆိုချက်တစ်ခုရောက်လာလို့ ပေးရမယ်ဆိုယင် အသုံးပြုသူရဲ့ အမည်နာမ စတဲ့ အခြေခံအချက်အလက်များကိုသာပေးအပ်လေ့ရှိပါတယ် ” ဟု စထရက်ခ်ျ ၏ ပြောကြားချက်ကို The Hill မှ ဖော်ပြခဲ့သည်။
    Facebook သည် အမေရိကန်ထံမှ ရရှိသော ပြည်ပထောက်လှမ်းရေး နှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ဖွင့်ချဖော်ပြခွင့်မရှိကြောင်း ဥပဒေမှ တားမြစ်ထား၏။
    အမေရိကန်လူမျိုးသတင်းပေး အက်ဒ်ဝါဒ် စနိုးဒန် (Edward Snowden) မှ နိုင်ငံတော်လုံခြုံရေးဌာန၏ သူလျှိုလုပ်ငန်းအကြောင်း ဖော်ထုတ်ခဲ့ပြီးနောက် အင်တာနက် နှင့် ဆက်သွယ်ရေးဆိုင်ရာကုမ္ပဏီအသီးသီးတို့သည် ယခုအခါတွင် ဖိအားပေးမှုများစွာကို ခံနေကြရသည်။
    အလားတူစွာပင် နည်းပညာ နှင့် အင်တာနက်ဆိုင်ရာ အခြားကုမ္ပဏီများဖြစ်သော Google ၊ Microsoft နှင့် Twitter တို့သည်လည်း ထိုကဲ့သို့သော တောင်းဆိုမှုနှင့် ပတ်သက်သည့် သတင်းများအား ထုတ်ပြန်ခဲ့သည် ဟု သိရသည်။
    AT/HJ