News @ M-Media

နိုင်ငံတကာသတင်းများ (ဧပြီ ၂၁)

M-Media

ဂါဇာက ငတ်မွတ်ခေါင်းပါးမှု အခြေအနေ ပိုဆိုးလာ

ပါလက်စတိုင်းကလေးငယ်များ

ဂါဇာကမ်းမြှောင်က ၂ သန်းခန့်ရှိတဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ ငတ်မွတ်ခေါင်းပါးမှု အခြေအနဟာ အလွန်အမင်း ဆိုးရွားလာနေတယ်လို့ ပါလက်စတိုင်း နိုင်ငံခြားရေး၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တစ်ကျော့ပြန် သတ်ဖြတ်မှုတွေ ပြုလုပ်လာတဲ့ အစ္စရေးဟာ ဂါဇာကို နိုင်ငံကတာကပေးအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်မရအောင် ပိတ်ဆို့ထားတာပါ။ ဒီလိုပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အာရပ်နိုင်ငံတွေက ဆောင်ရွက်ပေးဖို့လည်း ပါလက်စတိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက တောင်းဆိုခဲ့ပါတယ်။
Ref: Aljazeera

တရုတ်ထုတ် အဆင့်မြင့် ဒုံးခွင်းစနစ်ကို အီဂျစ်က ပိုင်ဆိုင်ထား

တရုတ်နိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေးစနစ် HQ-9B အပါအ၀င် နောက်ဆုံးပေါ် ဒုံးခွင်းစနစ်တစ်ချို့ကို အီဂျစ်က ပိုင်ဆိုင်ထားတယ်လို့ အီဂျစ်စစ်တပ် စိတ်ဓာတ်စစ်ဆင်ရေးဌာန အကြီးအကဲဟောင်း ဗိုလ်ချုပ် ဆာမီရ် ဖာရက်ဂ်က အာရပ်ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။ အီဂျစ်ဟာ အခြား အာရပ်နိုင်ငံတွေလိုပဲ အစ္စရေးရဲ့ ရန်စ ကျူးကျော်မှုဒဏ်ကို ခံရလေ့ရှိပါတယ်။ HQ-9B ဒုံးခွင်းစနစ်ဟာ ရုရှားရဲ့ နာမည်ကျော် S-400 ဒုံးခွင်းစနစ်နဲ့ နှိုင်းယှဥ်ခံရတဲ့ စစ်လက်နက်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။
အီဂျစ်ဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်တာကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ပတ်သက်ရင် အစ္စရေးကို မမှီအောင် အမေရိကန်က ကန့်သတ်ချုပ်ခြယ်တာမျိုး ရှိပြီး တရုတ်ထုတ် ထိပ်တန်းဒုံးခွင်းစနစ်တစ်ခုကို ဘယ်လို ပိုင်ဆိုင်နိုင်လဲဆိုတာ တိတိကျကျ မသိရပါဘူး။

Ref: Aljazeera, Middle East Monitor