News @ M-Media

အစ္စရေးကို နိုင်ငံတကာက ဒဏ်ခတ်ဖို့ ဥရော-အာရပ်ခေါင်းဆောင်များ တိုက်တွန်း

မေ ၂၆၊ ၂၀၂၅
M-Media

မနေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရော-အာရပ် ခေါင်းဆောင်တွေရဲ့ အဆင့်မြင့်အစည်းအဝေးမှာ စပိန်နိုင်ငံခြားရေးဝန်ကြီး José Manuel Albares က အစ္စရေးရဲ့ ဂါဇာအကြမ်းဖက်မှုကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအစည်းအ၀ေးဟာ “The Madrid Group” လို့ခေါ်တဲ့ ဥရောပ-အာရပ်အဖွဲ့ရဲ့ ၆ ကြိမ်မြောက်အစည်းအ၀ေးဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂ဝ လောက် ပါ၀င်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် နေ့စဥ်သေဆုံးမှု တိုးလာပြီး၊ အငတ်ဘေးဆိုက်လာတဲ့ အခြေအနေမှာ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းဖို့ စုစည်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

သုံးလနီးပါး အကူအညီပိတ်ဆို့ထားမှုကြောင့် ဂါဇာမှာ အစားအစာ၊ ရေ၊ လောင်စာနဲ့ ဆေးဝါးတွေ အလွန်အမင်းချို့တဲ့နေပါတယ်။ အစ္စရေးက မကြာသေးခင်က အကူအညီအနည်းငယ် ဝင်ခွင့်ပေးခဲ့ပေမယ့် လူသားချင်းစာနာမှုအဖွဲ့တွေက ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။

မက်ဒရစ်အစည်းအဝေးဟာ ဇွန် ၁၇ ရက်နေ့ နယူးယောက်မှာ ပြင်သစ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ ပူးပေါင်းကျင်းပမယ့် နှစ်နိုင်ငံတည်ရှိရေး အဖြေထွက်ရေး ကုလ အဆင့်မြင့်ညီလာခံကို အရှိန်ရစေဖို့ ရည်ရွယ်ပါတယ်။
အာရပ်လိဂ်နဲ့ OIC အဖွဲ့တွေက စစ်ပြေငြိမ်းရေးနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေး လိုအပ်ချက်ကို အစည်းအ၀ေးမှာ အလေးထား ပြောဆိုခဲ့ကြပါတယ်။

ဂါဇာက အကြမ်းဖက်မှုတွေကြောင့် အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို ပြန်လည်သုံးသပ်ဖို့ ဥရောပသမဂ္ဂက အခုတစ်ပတ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

စပိန်နိုင်ငံခြားရေး၀န်ကြီးက အစ္စရေးရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုအပါအ၀င် နည်းလမ်းအားလုံးကို အသုံးပြုရမယ်လို့ မနေ့က အစည်းအ၀ေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Aljazeera