News @ M-Media

နိုဝင်ဘာ ၂၊ အားကစားသတင်းစုစည်းမှု

နိုဝင်ဘာ ၂၊ ၂၀၁၃
M-Media

ရူနီနှင့် ဗန်ပါစီတို့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲဖြစ်သည်ဟု မိုယက်စ်ဆို


မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က တိုက်စစ်မှူးရူနီနှင့် ဗန်ပါစီတို့မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ပြီး ယခုနှစ်တွင် ၎င်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်မှာ ထိပ်ဆုံးအဆင့်သို့ မရောက်သေးကြောင်း ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးမှာ ယခုနှစ်ရာသီတွင် လက်ရှိအချိန်အထိ ၁၄-ဂိုးသွင်းယူပေးထားပြီး၊ ပရီးမီးယားလိဂ်တွင်ပြိုင်ဘက်ကင်း တိုက်စစ်အတွဲအဖြစ် မိုယက်စ်က ယုံကြည်နေ သည်။

“၀ိန်းနဲ့ ရော်ဘင်ဟာ ဒီတိုင်းပြည်မှ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးသမားတွေထဲက အလိုက်ဖက်ဆုံး တိုက်စစ်အတွဲပါ။ သူတို့နှစ်ဦး အချိတ်အဆက်တွေ မိပြီ ဆိုရင်တော့ သူတို့ဟာ အကောင်းဆုံးဖြစ်သွားမှာပါ။ သူတို့နှစ်ယောက်စလုံးဟာ ဂိုးသွင်းပါရမီရှင်တွေပါ” ဟု မိုယက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

goal
_________________________


အီတလီတွင် နည်းပြလုပ်ရခြင်းမှာ လေထီးမပါဘဲ လေဟုန်စီးရသူကဲ့သိုဖြစ်သည်ဟု ရာနီယေးရီဆို


မိုနာကိုအသင်း၏ နည်းပြဖြစ်သူ ကလော်ဒီယို ရာနီယေးရီက အီတလီဘောလုံးလောကတွင် နည်းပြလုပ်ရခြင်းမှာ လေထီးမပါဘဲ လေဟုန်စီးသကဲ့သို့ဖြစ်ပြီး စီးရီးအေ တွင် နည်းပြခြင်းဖြင့် အခြားသော ဘောလုံးလိဂ်များအတွက် အဆင်သင့်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမား၊ ဖီအိုရင်တီးနားနှင့် နာပိုလီအသင်းတို့တွင်နည်းပြခဲ့ဖူးသော နည်းပြတစ်ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိ ရာနီယေးရီက စိတ်သဘော ထား ကောင်းမွန်မှုက အီတလီ ရှင်သန်နိုင်ရန်အတွက် အရေးပါသည်ဟု ပြောကြားခဲ့သည်။

“အီတလီမှာ တစ်ခါနည်းပြလုပ်ဖူးရင် အခြားဘယ်မှာမဆို နည်းပြလုပ်နိုင်ပါတယ်။ ပြီးတော့ အီလီမှာနည်းပြလုပ်ရတာ လေးထီးပွင့်မပွင့်မသိဘဲနဲ့ လေဟုန်စီးရတဲ့ သူလိုပါပဲ။ လျှို့ဝှက်ချက်ကတော့ တည်ငြိမ်မှုနဲ့ ကောင်းမွန်တဲ့အတွေးရှိဖို့ပါ” ဟု L’Equipe သတင်းစာသို့ ရာနီးယေးရီက ပြောကြားခဲ့သည်။

goal
_________________________

Paris Masters တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖက်ဒါရာက ဒဲလ်ပေါ်ထရိုအား အနိုင်ယူ


ပြင်သစ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် Paris Masters တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဆွဇ်ဇလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက အာဂျင်တိုင်း တင်းနစ် အကျော်အမော် ဒဲလ်ပေါ်ထရိုကို အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဖက်ဒါရာမှာ ပြီးခဲ့သည့်တစ်ပါတ်က ယှဉ်ပြိုင်ခဲ့သည့် Basel Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါ်ထရိုအား ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် အကြိတ်အနယ်ကစားကာ ၆-၃၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင် နိုင်ခြေအဆင့် ၂ ရ ဂျိုကိုဗစ်မှာ ၀ါဝရင်ကာအား ၆-၁၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဖက်ဒါရာနှင့်တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ပြင်စပိန်တင်းနစ်အကျော်အမော်များဖြစ်သည့် ရာဖေးနာဒဲလ်မှာ ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်အား ၆-၄၊ ၆-၁ ဖြင့်လည်းကောင်း၊ ဒေးဗစ်ဖာရာ မှာလည်း နိုင်ခြေအဆင့်-၆ ရ ဘာဒစ်ချစ်အား အကြိတ်အနယ်ကစားကာ ၄-၆၊ ၇-၅၊ ၆-၃ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြသည်။

Skysports
_________________________

သမီးဖြစ်သူနှင့် လမ်းခွဲခဲ့သည့်အတွက် အဂူရိုအား မာရာဒိုနာမကျေနပ်


အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာက ၎င်း၏သမီးဖြစ်သူနှင့် လမ်းခွဲခဲ့သည့် မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုအား ယခုအချိန်အထိ မကျေမနပ်ဖြစ်နေ သည်ဟု သိရသည်။

အဂူရိုမှာ မာရာဒိုနာ၏သမီး ဂီယန်နီနာနှင့် လွန်ခဲ့သည့် ၄ နှစ်က လက်ထပ်ခဲ့ပြီး ဘင်ဂျမင်ဟုခေါ်သည့် သားတစ်ယောက်ရရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ ယခုနှစ် အစောပိုင်းက လမ်းခွဲခဲ့သောကြောင့် မာရာဒိုနာက အဂူရိုအား မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

“သူက သူရဲဘောကြောင်သူတစ်ဦးပါ။ သူ့နာမည်ကိုတောင် ကျွန်တော်မကြားချင်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့က အာဂျင်တိုင်းရေဒီယိုနှင့် အင်တာဗျူးတွင် မာရာဒိုနာက ပြောကြားခဲ့သည်။

ထို့ပြင် နီနာအနေဖြင့် အဂူရိုနှင့် ရင်ဆိုင်ရမည့် တရားရေးကိစ္စများတွင်လည်း သမီးဖြစ်သူဘက်မှသာ ရပ်တည်သွားမည်ဟု မာရာဒိုနာက ထည့်သွင်းပြောကြားခဲ့သည်။

Straits Times
_________________________

 

 

 

 

Comments

Leave a Reply