ဧပြီ ၂၀၊ ၂၀၁၄
M-Media
– ယခုလ ဒုတိယ သီတင်းပတ်အတွင်း ပါလက်စတိုင်းပြည်သူများ အပေါ် အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်သော အစီရင်ခံစာအသစ်တစ်စောင်ကို ကုလသမဂ္ဂမှ ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဧပြီ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့သော တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်း ပါဝင်သည်ဟု လူသားချင်း စာနာထောက်ထားမှုရေးရာ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ပြောကြားခဲ့သည်။
ထို့ပြင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်းတို့၏ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူအများအပြားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၁၄ ခုနှစ် အစပိုင်းကတည်းက ယခုအချိန်အထိ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်နှင့် အနောက်ဘက်ကမ်းခြေတို့တွင် ပါလက်စတိုင်းပြည်သူ ၂၀ ကျော်သေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂ၏ မှတ်တမ်းများက ဆိုသည်။
အစ္စရေး စစ်တပ်မှ ပါလက်စတိုင်း ပိုင်နက်များအတွင်း ၀င်ရောက် တိုက်ခိုက်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်းပြည်သူ ၃၉ ဦးခန့်၊ ၂၀၁၂ ခုနှစ်တွင် ထိုဒေသနှစ်ခု၌ ပါလက်စတိုင်းပြည်သူ ၂၅၀ နီးပါး သေဆုံးခဲ့ရသည်ဟု အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ B’Tselem ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အစ္စရေး အကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသား ၅၀၀၀ ခန့်ရှိပြီး ၄၇၅ ဦးမှာ တစ်သက်တစ်ကျွန်း ကျခံနေရသူများဖြစ်သည်ဟု ပါလက်စတိုင်းအစိုးရမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် အမျိုးသမီးများနှင့် ကလေးငယ်များကို ထောင်ချခြင်းတို့အပါဝင် အစ္စရေးအကျဉ်းထောင်များရှိ ပါလက်စတိုင်းအကျဉ်းသားများ၏ ကံကြမ္မာနှင့် ပတ်သက်၍ ကြားမကောင်းသည့် အချို့ အချက်အလက်များလည်းရှိသည်ဟု ပါလက်စတိုင်း သတင်းအချက်အချက်အလက် ဌာနက ဖော်ပြခဲ့သည်။
ထိန်းသိမ်းထားသူများအား အစ္စရေးအာဏာပိုင်များက ကွပ်မျက်ခြင်းမှာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောကြားသည်။
DB/HSN
Leave a Reply
You must be logged in to post a comment.