News @ M-Media

မက်ဆီနှင့် ရော်နယ်ဒိုတို့၏အဆင့်သို့ မရောက်နိုင်ဟု နေးမာဝန်ခံ

ဒီဇင်ဘာ ၂၇၊ ၂၀၁၄
M-Media

10891657_816014188441053_2515184839599899162_n

– ဘာစီလိုနာသို့ စရောက်စဉ်က ရုန်းကန်ခဲ့ရသော်လည်း ယခုအချိန်တွင် အကောင်းဆုံးပုံစံကို ရရှိနေသည့် တိုက်စစ်မှူးနေးမာက မိမိမှာ မက်ဆီနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ အဆင့်သို့ ရောက်ရှိမည်မဟုတ်ဟု ပြောကြားလိုက်သည်။

မက်ဆီနှင့် ရော်နယ်ဒိုတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှစ၍ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ဘောလုံးကစားသမားအဆင့်တွင် ရှိနေပြီး ပြီးခဲ့သည့် ၆ နှစ်တာကာလအတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၎င်းတို့ ၂ ဦးသာ ရရှိခဲ့သည်။ ထို့ပြင် ယခုနှစ် စကာတင် ၃ ဦးစာရင်းတွင်လည်း ၎င်းတို့နှစ်ဦး ပါဝင်နေသည်။

နေးမာမှာ ပါရမီအရှိဆုံးနှင့် အတောက်ပဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ယခုနှစ်ဘာစီလိုနာတွင်လည်း အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်သည်။

သို့သော်လည်း အသက် ၂၂ နှစ်အရွယ်ရှိ နေးမာကမူ မိမိမှာ မက်ဆီနှင့် ရော်နယ်ဒိုတို့ကဲ့သို့ အဆင့်ကို ရောက်ရှိမည်ဆိုသည့် အလားအလာနှင့်ပတ်သက်၍ သံသယရှိနေသည်။

`ခရစ္စတီယာနို ဒါမှမဟုတ် မက်ဆီတို့ရဲ့ အဆင့်ကို ရောက်ပါ့မလားဆိုတာ ကျွန်တော်မသိပါဘူး။ သူတို့တွေဟာ ကမ္ဘာဂြိုဟ်ပေါ်က ဘယ်ကစားသမားထက်မဆို ပိုကောင်းသူတွေပါ။ သူတို့လိုအဆင့်ကို ရောက်မလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော် တိုးတက်အောင် နေ့တိုင်း ကြိုးစားနေပါတယ်။ ကျွန်တော့်ကိုကျွန်တော် အမြဲတမ်း တိုးတက်ချင်ပါတယ်´ ဟု နေးမာက Globesporte သို့ ပြောကြားခဲ့သည်။

နေးမာမှာ ယခုလက်ရှိ ဘရာဇီးအသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ၎င်းကမူ နည်းပြဒွန်ဂါ၏ မိမိအပေါ် ယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်ရန် မျှော်လင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Ref : goal.com

 

Comments

Leave a Reply