ဇန်န၀ါရီ ၃၊ ၂၀၁၅
M-Media

– အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသတွင်းရှိ မဟာဗျူဟာကျသော ရွာတစ်ရွာကို IS တပ်များလက်မှ ကာ့ဒ်တပ်များက ယမန်နေ့တွင် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။
သိမ်းယူခဲ့သည့် ရွာမှာ ကာဒ့်ဒေသမြို့တော် အာရ်ဘီလ်မှ ကီလိုမီတာ ၈၀ ကျော် အကွာတွင်ရှိသည့် ဆူလ်တန် အဘ်ဒူလာ ရွာဖြစ်ပြီး ကာဒ့်တပ်ဖွဲ့ Peshmerga မှ တပ်များမှာ IS တပ်ဖွဲ့များကို တစ်အိမ်တက်ဆင်း လိုက်လံ ချေမှုန်းခဲ့ကြသည်။
တစ်ဂရစ်မြစ်ကမ်းနဖူးတွင် ရှိနေသည့် အဆိုပါရွာမှာ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်သို့သွားသည့် အဝေးပြေးလမ်း ဖြတ်သန်းရာ ရွာလည်းဖြစ်ပြီး ထိုရွာအား ဆုံးရှုံးခြင်းက အာရ်ဘီလ်မြို့အား IS အဖွဲ့၏ ကျူးကျော်မှုကို လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်မည်ဖြစ်သောကြောင့် ကာ့ဒ်တပ်များက ထိုရွာအား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
IS အဖွဲ့ကို အီရတ်ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များ၊ ရှီအာ ပြည်သူ့စစ်များ၊ ဆွန်နီ လူမျိုးစုများက ပူးပေါင်းကာ တိုက်ခိုက် တွန်းလှန်နေကြပြီး IS လက်ထဲမှ ဒေသအများအပြားကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
၂၀၁၄ ခုနှစ်အတွင်း အီရတ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အီရတ်အစိုးရက ကြာသာပတေးနေ့က ထုတ်ပြန်သောစာရင်းတွင် ဖော်ပြ ထားသည်။ ထိုသေဆုံးမှုမှာ ၂၀၀၃ ခုနှစ် အမေရိကန်က ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့သည်။
Ref : Aljazeera

Leave a Reply
You must be logged in to post a comment.