ဇန်န၀ါရီ ၁၈၊ ၂၀၁၅
M-Media
– အီရတ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော မူဆိုးလ်မြို့တွင် လပေါင်းများစွာကြာ ISIL အဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် ယာဇီဒီလူမျိုးများထဲမှ လူ ၂၀၀ ကျော်မှာ လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
ရှေ့တန်းစစ်မျက်နှာဖြစ်သော ကာရ်ကွတ်မြို့ အနောက်တောင်ဘက်ရှိ ဒေသမှ ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်ပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များက ၎င်းတို့အား ကာ့ဒ်ဒေသမြို့တော် အာရ်ဘီလ်အနီးရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
လွတ်မြောက်လာသူများမှာ မူဆိုးလ်မြို့တွင် ပိတ်မိနေသူများဖြစ်ပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြကာ၊ ကျန်းမာရေး ဆိုးရွားနေသော ရင်ခွင်ပိုက်ကလေးငယ်များ၊ မသန်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများဖြစ်သည်ဟု
ယာဇီဒီလူမျိုးများ၏ အခွင့်အရေးအတွက် ဆောင်ရွက်နေသူ ခိုဒ်ရ် ဒွမ်လီက ပြောကြားခဲ့သည်။
ISIL မှ လူပေါင်း ၂၀၀ ကျော် လွှတ်ပေးရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ မူဆိုးလ်မြို့တွင် ISIL လက်ထဲတွင် ယာဇီဒီလူမျိုး ထောင်ပေါင်းများစွာ ကျန်ရှိနေသေးသည်။
လွတ်မြောက်လာကြသူများအား ကာ့ဒ်လူမျိုး ဆရာဝန်များနှင့် သူနာပြုများက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး၊ ယခင်က IS လက်မှ လွတ်မြောက်လာခဲ့ကြသည့် ယာဇီဒီလူမျိုးများကလည်း ယခုအုပ်စုတွင် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ခြင်း ရှိ၊ မရှိ လာရောက်ကြည့်ရှုခဲ့ကြသည်။
အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုတစ်ခုဖြစ်သော ကာ့ဒ်လူမျိုးများမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ISIL အဖွဲ့အား ပင်တိုင်ခုခံနေသော အဖွဲ့ဖြစ်ပြီး တိုးတက်မှုများလည်းရရှိခဲ့ကာ ဒီဇင်ဘာလအတွင်းကလည်း အီရတ်နိုင်ငံ ဆန်ဂျာဒေသရှိ ရာဇီဒီလူမျိုး ရာပေါင်းများစွာကို ISIL လက်မှ ကယ်တင်ပေးခဲ့သည်။
Ref: aljazeera
Leave a Reply
You must be logged in to post a comment.