ဇန်န၀ါရီ ၂၅၊ ၂၀၁၅
M-Media
– ယိုဘီပြည်နယ်မှ ဇန်န၀ါရီလဆန်းပိုင်းတွင် ဖမ်းဆီးထားသည့် လူများထဲမှ ၁၉၀ ကို နိုက်ဂျီးရီးယားစစ်သွေးကြွအဖွဲ့ ဘိုကိုဟရမ်က သောကြာနှင့် စနေနေ့များတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။
`သောင်းကျန်းသူတွေက တိုက်ခိုက်တဲ့အချိန်မှာ သူတို့ရဲ့အိမ်တွေ မီးလောင်သွားတာကြောင့် ဒီလူတွေကို ကူညီဖို့အတွက် အစိုးရက မနက်ဖြန် (တနင်္ဂနွေနေ့) ကျရင် ဆောင်ရွက်ပေးသွားမှာပါ´ ဟု ဖမ်းဆီးခံများ ရောက်ရှိလာသည့် ကာတာကိုမြို့မှ ရပ်မိရပ်ဖ ဂိုနီမာလီက ပြောခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာဟီ ဘေဂိုကမူ စစ်သွေးကြွများမှာ လူငယ်များ၊ အမျိုးသမီးများနှင့် ကလေးများကို ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့မှာ ဇန်န၀ါရီလ ၆ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် လူ ၂၀ မှာ ဘိုကိုဟရမ်၏ လက်တွင် ကျန်ရှိနေသည်။
ဘိုကိုဟရမ်မှာ နိုင်ငံအရှေ့မြောက်ပိုင်းတွင် လွန်ခဲ့သည့် ၅ နှစ်ခန့်မှစတင်က လက်နက်ကိုင်၍ သီးခြားပြည်နယ်တစ်ခု ထူထောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဘော်နိုပြည်နယ်မှာ ဘိုကိုဟရမ်၏ ဒဏ်ကို အဆိုးရွားဆုံး ခံရသော ပြည်နယ်ဖြစ်ပြီး အက်ဒါမာဝါနှင့် ယိုဘီပြည်နယ်တို့တွင်လည်း ဘိုကိုဟရမ်၏ လက်ခွဲများ ရှိနေသည်။
လွတ်မြောက်လာသူများထဲမှ အမျိုးသမီးအချို့ကမူ မိမိတို့အနေဖြင့် ထိုအဖွဲ့၏ စည်းကမ်းများကို မလိုက်နာသောကြောင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဘိုကိုဟရမ်အဖွဲ့မှာ မြို့တွင်းသို့ဝင်၍ လူငယ်များ၊ အမျိုးသမီးများနှင့် ကလေးများကို ဖမ်းဆီးပြန်ပေးဆွဲမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် တစ်ပတ်ကလည်း ဘော်နိုပြည်နယ်တွင် ဘိုကိုဟရမ်အဖွဲ့မှ ပြုလုပ်သည်ဟု ယူဆရသော တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦးသေဆုံးကာ အိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
Ref : reuters


Leave a Reply
You must be logged in to post a comment.