ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
M-Media
– မိမိတို့အနေဖြင့် နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ကြုံတွေ့နေရသည်ဟု အမေရိကန်အစိုးရမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင်ပြောကြားလိုက်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်အစိုးရ၏ ကွန်ယက်ကို ဖောက်ဝင်ခဲ့သော ဟက်ကာများ ဆက်လက်ရှိနေသေးလားဆိုသည်ကိုမူ အတည်ပြုရန် ငြင်းဆန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကွန်ပျူတာစနစ်တွေကို ကာကွယ်ဖို့ လုံခြုံရေးကို မြှင့်တင်ထားပါတယ်။ ပြီးတော့ လျှို့ဝှက် အချက်အလက်တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ ကွန်ယက်အလွယ်တကူ ၀င်ရောက်ခွင့်တွေ အပါအ၀င် သတင်းအချက်အလက် လုံခြုံရေးကိုလည်း မြှင့်တင်ထားပါတယ်” ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိ သူ ဂျန် ဆာကီက ဆိုသည်။
သို့သော်လည်း တိုက်ခိုက်မှုများမှာ မြင့်တက်လာပြီး ပို၍ ရှုပ်ထွေးလာသည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။
“နေ့စဉ်နေ့တိုင်း တိုက်ခိုက်မှုထောင်ပေါင်းများစွာကို ကျွန်တော်တို့ အောင်မြင်စွာ ဖြေရှင်းနိုင်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြားသော အစိုးရဌာနေတွနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု ဆာကီက ထပ်လောင်းပြောကြားခဲ့သည်။
Wall Street ဂျာနယ်ကမူ နိုဝင်ဘာလက ကြုံတွေ့ခဲ့ရသည့် ဆိုက်ဘာချိုးဖောက်ဝင်ရောက်မှုနောက်ပိုင်း အမေရိကန်အစိုးရမှာ ၎င်းတို့၏ အီးမေးလ်ကွန်ယက်ကို ပိတ်ပင်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး အဆိုပါ ဟက်ကာများကို ကွန်ယက်အတွင်းမှ နှင်ထုတ်နိုင်ခြင်းမရှိဟုလည်း ဆိုသည်။
အဆိုပါ ချိုးဖောက်ဝင်ရောက်မှုမှာ ရုရှားအစိုးရနှင့် ဆက်စပ်ပတ်သက်ဖွယ်ရှိနေပြီး ဟက်ကာများမှာ ယူကရိန်းပြဿနာနှင့်ပတ်သက်သည့် အမေရိကန်အစိုးရ၏ စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။ ဆာကီကမူ အဆိုပါကိစ္စအတွက် အသေးစိတ်ပြောပြရန် ငြင်းဆိုခဲ့သည်။
အမေရိကန်အစိုးရ၏ ဆိုက်ဘာလုံခြုံရေးမှာ အားနည်းလျက်ရှိနေပြီး မကြသေးမီကပင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်အား ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် နည်းပညာကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
Ref: alarabiya
Leave a Reply
You must be logged in to post a comment.