News @ M-Media

အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
M-Media

lavrov

– အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ ပြည်တွင်းရေးရာများကို အနောက်နိုင်ငံများက ၀င်ရောက်စွက်ဖက်မှုကြောင့် အကြမ်းဖက်နှင့် အစွန်းရောက်ဝါဒ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားလိုက်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၏ အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအကြမ်းဖက်ဝါဒကို ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးက တွန်းလှန်နေရသည်ဟု ဆိုသည်။

“အဲဒီဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာကို ရှက်ဖွယ် ၀င်ရောက်စွက်ဖက်မှုတွေက အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါကို ဦးတည်သွားစေခဲ့ပါတယ်။ အဲဒါကို အခု ကမ္ဘာကြီးက တွန်းလှန်နေရပါတယ်။ ဒါဟာ အရေးအကြီးဆုံး စမ်းသပ်မှုပါပဲ”

အရှေ့အလယ်ပိုင်းနိုင်ငံများမှ တက်ရောက်ခဲ့ကြသည့် အဆိုပါ အခမ်းအနားတွင် လာဗရော့က အသင်တို့၏ ဒေသနှင့် အမိမြေမှာ အလွန်ခက်ခဲသော အခြေအနေကို ရောက်ရှိနေကြောင်း၊ ဆီးရီးယား၊ ယီမင်၊ အီရတ်နှင့် ဒေသတွင်း အခြားသောနိုင်ငံများရှိ ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရာတွင် ရုရှားက ကူညီသွားမည်ဖြစ်ကြောင်း၊ လစ်ဗျားရှိ အခြေအနေကိုလည်း အလွန်အမင်းစိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref: RU

Comments

Leave a Reply