မေ ၂၈၊ ၂၀၁၅
M-Media
– ဘိုကိုဟရမ်စစ်သွေးကြွများနှင့် တိုက်ခိုက်ရာတွင် အောင်မြင်အောင် မစွမ်းဆောင်နိုင်မှုနှင့် သတ္တိကြောင်မှုတို့ကြောင့် နိုက်ဂျီးရီးယားစစ်တပ်က အနည်းဆုံး တပ်သား ၂၀၀ ခန့်ကို ထုတ်ပယ်လိုက်သည်ဟု သိရသည်။
ထုတ်ပယ်ခံခဲ့ရသူများက ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြားသောအဆင့်များ အပါအ၀င် စစ်သား ၄၅၀၀ ခန့် ထုတ်ပယ်ခံရနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားစစ်တပ်ကလည်း စစ်သားများအား ထုတ်ပယ်ခြင်းကို အတည်ပြုခဲ့သော်လည်း အရေအတွက် အတိအကျကို ပြောကြားခဲ့ခြင်း မရှိချေ။
စစ်ဘက်ဆိုင်ရာ အရေးပေါ်ဒေသများအဖြစ် သတ်မှတ်ထားသည့် နိုင်ငံအရှေ့မြောက်ပိုင်းမှ နယ်မြေများကို ဘိုကိုဟရမ်အဖွဲ့က ပြီးခဲ့သည့်နှစ်အတွင်း သိမ်းယူခဲ့ပြီးနောက် နိုက်ဂျီးရီးယားစစ်တပ်မှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။
သို့သော်လည်း ချဒ်၊ ကင်မရွန်းနှင့် နိုက်ဂျာနိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပေးမှုဖြင့် နိုက်ဂျီးရီးယားစစ်တက်မှာ ပြီးခဲ့သည့်လများအတွင်း ဘိုကိုဟရမ်များကို ထိုးစစ်ဆင်ခဲ့ပြီး ယခုအချိန်တွင် ဘိုကိုဟရမ်လက်မှ နယ်မြေအများစုကို ပြန်သိမ်းထားနိုင်သည်။
ထုတ်ပယ်ခံရသည့် စစ်သားအများစုမှာ အဒါမာဝါပြည်နယ်ရှိ ဒုတိယအကြီးဆုံး မြို့ဖြစ်သော မူဘီမြို့ ကျသွားခြင်းနှင့် ဆက်နွယ်နေသည်ဟု ယူဆရသည်။ မူဘီမြို့မှာ အရေးအပေါ်အခြေအနေ ကြေညာထားသော မြို့ ၃ မြို့ထဲမှ တစ်မြို့လည်းဖြစ်သည်။
အဆိုပါမြို့ကို ဘိုကိုဟရမ်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် နိုက်ဂျီးရီးယား စစ်သားတစ်ဦးက မိမိတို့မှာ လက်နက်ခဲယမ်း မလုံလောက်သောကြောင့် မြို့မှ နောက်ဆုတ်ပေးရန် တပ်မှူးများ၏ ညွှန်ကြားချက်ကို
လိုက်နာခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။
အမည်မဖော်လိုသည့် စစ်တပ်အရာရှိတစ်ဦးကမူ မူဘီမြို့တိုက်ပွဲအား ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများအရ စစ်သားများမှ ထွက်ပြေးနေကြသည်ကို မြင်ရပြီး သတ္တိကြောင်မှုအတွက် သက်သေပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: BBC
Leave a Reply
You must be logged in to post a comment.