ဇန်န၀ါရီ ၁၆၊ ၂၀၁၆
M-Media
– ၂၀၁၅ တွင် မိမိတို့၏ ဘက်ဂျက်ပိုငွေမှာ ကန်ဒေါ်လာ ၁၃.၁ ဘီလီယံရှိခဲ့ပြီး အဆိုပါငွေကို နိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းဒုက္ခသည်များအရေးတွင် သုံးစွဲသွားမည်ဟု ဂျာမနီဘဏ္ဍာရေးဝန်ကြီးဌာနက ယခုတစ်ပတ်အတွင်း ပြောကြားလိုက်သည်။
အဆိုပါဘက်ဂျက်ပိုငွေမှာ စီးပွားရေးအားကောင်းလာမှုနှင့် အခွန်များ ရရှိမှုကြောင့်ဖြစ်ပြီး နိုဝင်ဘာလအတွင်းက ခန့်မှန်းခဲ့သည့် ဘက်ဂျက်ပိုငွေပမာဏမထက် ၂ ဆခန့် ရှိလာခဲ့ခြင်းဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး ၀ုလ်ဖ်ဂန် စခဲလ်ယူဘဲလ်ကမူ ထိုငွေများကို ဂျာမနီသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပက်သက်၍ ကူညီရာတွင် အသုံးပြုသွားမည်ဟု စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း ဂျာမနီသို့ဝင်ရောက်လာသည့် ဒုက္ခသည်အရေအတွက်မှာ ၁.၁ သန်းဝန်းကျင်ခန့် ရှိပြီး ၂၀၁၆ တွင် နောက်ထပ် ၈၀၀,၀၀၀ သိန်းခန့် ထပ်မံရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
“ဒုက္ခသည်တွေကို နေရာချထားရေးနဲ့ အထောက်အပံ့ပေးရာမှာ ကုန်ကျစရိတ်တွေအတွက် ယခု ဘက်ဂျက်ပိုငွေကို အရေးတကြီးလိုအပ်ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ “ဖြစ်နိုင်ရင် ယခုနှစ်ကိုလည်း အကြွေးအမြီကင်းစွာနဲ့ ဖြတ်သန်းချင်ပါတယ်”
ဂျာမန်အစိုးရအနေဖြင့် ဘက်ဂျက်ပိုငွေအပြင်၊ ၂၀၁၆ ခုနှစ်တွင် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ပြည်သူ့ဘဏ္ဍာထဲမှ ကန်ဒေါ်လာ ၈.၃ ဘီလီယံခန့် ထုတ်သုံးရန် စီစဉ်ထားသည်။ ထိုအထဲမှ ဒေါ်လာ ၄.၇ ဘီလီယံကို နိုင်ငံတွင်းရှိ ပြည်နယ် ၁၆ ခုအား ခွဲဝေပေးသွားမည်ဖြစ်သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.