မေ ၂၂၊ ၂၀၁၆
M-Media
– အီရတ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကြား အရေးပေါ်သဘောတူညီချက် (SBA) အဖြစ် ဒေါ်လာ ၅.၄ ဘီလီယံထိ ချေးယူနိုင်မယ့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုသီတင်းပတ်အတွင်းမှာ ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး အဲဒီ သဘောတူညီချက်အရ နောက်သုံးနှစ်အကြာမှာ နိုင်ငံတကာအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၁၅ ဘီလီယံ ထပ်မံချေးယူနိုင်မှာ ဖြစ်တယ်လို့ အီရတ် ဘဏ္ဍာရေးဝန်ကြီး ဟိုရှီယာ ဇေဘာရီက ပြောကြားခဲ့ပါတယ်။
IMF ရဲ့ ဒီသဘောတူညီချက်အရ နောက်ထပ်သုံးနှစ်အကြာမှာ အီရတ်ကို နိုင်ငံတကာငွေတိုက်စာချုပ်ပုံစံအပါအ၀င် ဘဏ္ဍာရေးအကူအညီအဖြစ် ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်လောက် ချေးယူခွင့်ပြုမှာ ဖြစ်ပါတယ်။ ဇေဘာရီကတော့ ဒါဟာ အီရတ်ရဲ့ဘဏ္ဍာရေးလိုငွေပြမှုနဲ့ တခြားသော အသုံးစရိတ်တွေအပေါ် မူတည်တယ်လို့ ဆိုပါတယ်။
နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်နေတဲ့ အီရတ်ဟာ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ဘဏ္ဍာရေး လိုငွေပြမှု ၂၁ ဘီလီယံလောက် ရှိနေပါတယ်။ ဇွန်လမှာ ပြုလုပ်ဖို့ရှိတဲ့ IMF ဘုတ်အဖွဲ့ရဲ့ အစည်းအဝေးမှာ အတည်ပြုဖို့ လိုအပ်တဲ့ ဒီသဘောတူညီချက်ဟာ အီရတ်ရဲ့ ဘဏ္ဍာရေးအခက်အခဲကို ပြေလည်စေမှာဖြစ်ပြီး အခြားသော အလှူရှင်တွေ လှူဒါန်းနိုင်ဖို့ တံခါးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.