သြဂုတ် ၁၈၊ ၂၀၁၆
M-Media
– ယီမင်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် အခြေခံအဆောက်အအုံများ ပျက်ဆီးဆုံးရှုံးမှုနှင့် စီးပွားရေး ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁၄ ဘီလီယံ ရှိနေသည်ဟု အစီရင်ခံစာသစ်တစ်ခုအရ သိရသည်။
Preliminary Damage and Needs Assessment ဟု အမည်ပေးထားသည့် အဆိုပါ အစီရင်ခံစာကို ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်နှင့် ဥရောပသမဂ္ဂတို့က ပူပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီစစ်ပွဲမှာ ထိခိုက်ပျက်စီးမှုတွေဟာ ၇ ဘီလီယံဖိုးထိရှိပြီး ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ စီးပွားရေးအရ ဆုံးရှုံးမှုဟာ ကန်ဒေါ်လာ ၇.၃ ဘီလီယံကျော် ရှိပါတယ်” ဟု အစီရင်ခံစာက ဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်နှင့် ယခုနှစ်အစောပိုင်းအကြား ဆုံးရှုံးမှုများကို တွက်ချက်ကောက်ယူထားသည့် အဆိုပါ အစီရင်ခံစာအား အများပြည်သူများသို့ ထုတ်ပြန်ခြင်း မရှိပေ။
စစ်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသောကြောင့် မူလရရှိထားသည့် အချက်အလက်များမှာ အသေဖြစ်မည်မဟုတ်ဘဲ အပြောင်းအလဲများ ရှိနိုင်သည်ဟုလည်း အစီရင်ခံစာက ဆိုပြီး၊ လောင်စာနှင့် စားနိပ်ရိက္ခာအပါအ၀င် သွင်းကုန်အတွက် ဘဏ္ဍာငွေသုံးစွဲမှု မူလအတိုင်း ပြန်လည်ဆောင်ရွက်ရန်လည်း အစီရင်ခံစာက ထည့်သွင်း တိုက်တွန်းထားသည်။
လက်ရှိတွင် ယီမင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့တော် တာအစ်ဇ်တွင် လူထုကျန်းမာရေးစနစ်မှာ လုံးဝပြိုလဲလုနီးပါး ဖြစ်နေပြီး ပြည်သူ့ဆေးရုံ တစ်ဝက်ခန့်မှာ ပျက်ဆုံးခြင်း သို့မဟုတ် အသုံးမပြုနိုင်ခြင်းတို့ ဖြစ်နေသည်။
Ref; Presstv


Leave a Reply
You must be logged in to post a comment.