News @ M-Media

၂၄ နာရီအတွင်း ပါလက်စတိုင်းရှိ အရပ်သား ၅ ဦးကို အစ္စရေးပစ်သတ်

စက်တင်ဘာ ၁၇၊ ၂၀၁၆
M-Media

pales

– အစ္စရေးတပ်ဖွဲ့များကို ဓားဖြင့် တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးက ပစ်သတ်သောကြောင့် ပါလက်စတိုင်းပိုင်နက်များတွင် သေဆုံးသူမှာ ၂၄ နာရီအတွင်း ၅ ဦး ရှိလာပြီဟု သိရသည်။

အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင်ဖြစ်ပြီး ယမန်နေ့က ထိုစွပ်စွဲချက်ဖြင့် ပစ်သတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၃ ဦးနှင့် ဂျော်ဒန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။

ယနေ့တွင်လည်း အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့တွင် ပါလက်စတိုင်းပြည်သူတစ်ဦးကို ထပ်မံပစ်သတ်ခဲ့ပြီး စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေသည့် စစ်သားတစ်ဦးကို သေဆုံးသူက ဓားဖြင့်ထိုးမှုကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးတပ်ဖွဲ့နှင့် ပါလက်စတိုင်းပိုက်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်ကြသူများမှာ အရှေ့ဂျေရုစလင်မှ အလ်အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုနောက်ပိုင်းမှစ၍ အစ္စရေးတပ်ဖွဲ့နှင့် တရားမ၀င်နေထိုင်သူများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ဆန္ဒပြသူများ၊ ဘေးတွင်ရပ်ကြည့်သူများ၊ အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်။

နိုင်ငံတကာက ပါလက်စတိုင်းနက်အဖြစ် သတ်မှတ်ပေးထားသည့် ဒေသများတွင် အစ္စရေးက ကျူးကျော်ဝင်ရောက်ကာ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်နေမှုအား ပါလက်စတိုင်းပြည်သူများက ကျေနပ်ခြင်းမရှိဘဲ မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်နေကြသည်။

ပါလက်စတိုင်းပိုင်နက်များရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ သန်းဝက်ခန့် ရှိ လာပြီဖြစ်သည်။

Ref: Aljazeera

Comments

Leave a Reply